အွန်လိုင်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာလိမ်လည်မှုကြောင့် ဂျပန်အမျိုးသားတစ်ဦး ကန်ဒေါ်လာ ၅ ဒသမ ၄ သန်းခန့် ဆုံးရှုံး

 

 

တိုကျို မေ ၂၀

 

ဂျပန်နိုင်ငံ အိုက်ချီစီရင်စုတွင် အသက် ၈၀ ကျော်အရွယ် အမျိုးသားတစ်ဦးသည် အွန်လိုင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိမ်လည်မှုတစ်ခုအတွင်း ယန်းသန်းပေါင်း ၈၇၀ ခန့် (အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ သန်းခန့်) တန်ဖိုးရှိ ပိုင်ဆိုင်မှုများ လိမ်လည်လှည့်ဖြားခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

 

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ လိမ်လည်ခံရသူ အမျိုးသားသည် ယခုနှစ်အတွင်း လူသိ များထင်ရှားသူတစ်ဦး ပါဝင်သည့် အွန်လိုင်းကြော်ငြာတစ်ခုမှတစ်ဆင့် အဖွဲ့တစ်ဖွဲ့၏ ဆိုရှယ်မီဒီယာအကောင့်သို့ ဝင်ရောက်ခဲ့ပြီး လိမ်လည် သူများက သတ်မှတ်ထားသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အက်ပလီကေးရှင်းတစ်ခုကို ၎င်း၏ မိုဘိုင်းဖုန်းတွင် ထည့်သွင်း အသုံးပြုရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

 

ယင်းအက်ပလီကေးရှင်းအတွင်းတွင် ၎င်း အနေဖြင့် အမြတ်အစွန်းများ ရရှိနေသည့်ပုံစံ ကို ဖော်ပြထားသည်။ ထို့ပြင် လိမ်လည်ခံရသူ သည် ညွှန်ကြားချက်များအတိုင်း အွန်လိုင်းမှတစ်ဆင့် ငွေသားများ လွှဲပြောင်းပေးခဲ့သည့်အပြင် ရွှေများကိုလည်း ကိုယ်တိုင်လွှဲပြောင်း ပေးအပ်ခဲ့သည်ဟု ဆိုသည်။

 

နောက်ပိုင်းတွင် ငွေထုတ်ယူ၍ မရနိုင် တော့ကြောင်း သိရှိလာသဖြင့် ရဲတပ်ဖွဲ့ထံ ဆက်သွယ်တိုင်ကြားခဲ့ရာ ရဲတပ်ဖွဲ့က ယင်း ဖြစ်စဉ်ကို လိမ်လည်လှည့်ဖြားမှုအဖြစ် စုံစမ်းစစ်ဆေးလျက်ရှိပြီး ဆိုရှယ်မီဒီယာများမှ တစ်ဆင့် မိတ်ဆက် လာသည့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကို အထူးသတိထားကြရန်နှင့် ယုံကြည်စိတ်ချရမှု မသေချာသော အွန်လိုင်းရင်းနှီးမြှုပ်နှံမှုများကို ရှောင်ကြဉ်ကြရန်ပြည်သူ များအား သတိပေးနှိုးဆော်ထားကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ