အွန်လိုင်းမှတစ်ဆင့် MRTV ကို ကြည့်ရှုခံစားပါ

Type

ဆောင်းပါး
=======

အွန်လိုင်းမှတစ်ဆင့် MRTV ကို ကြည့်ရှုခံစားပါ
================================

ခင်ရတနာ

ပြောင်းလဲလာသည့်နည်းပညာခေတ်တွင် လုပ်ငန်းဆောင် တာများကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် လိုက်ပါပြောင်းလဲ ခြင်းက လုပ်ငန်းများအရှိန်အဟုန်မပျက် ရပ်တည်နိုင်ရန် အတွက် သော့ချက်ဖြစ်ပါသည်။ စိန်ရတုနှစ်ကြိုဖြစ်သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် အွန်လိုင်းမီဒီယာ ဖြင့်လည်း ပရိသတ်များအတွက် တင်ဆက်ပေးလျက်ရှိ ပါသည်။
၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အွန်လိုင်းမီဒီယာ ပလက်ဖောင်းကိုစတင်ခဲ့ သည်။ www.mrtv.gov.mm တွင် ပြည်တွင်း၊ ပြည်ပ သတင်းများ၊ အားကစားနှင့် ဖျော်ဖြေမှုများ၊ အသိပညာ မြှင့်တင်ရေး အစီအစဉ်များ၊ သုတရသအစီအစဉ်များဖြင့် ကဏ္ဍအလိုက်လွှင့်တင်ထားသည်ကို မြင်တွေ့ရသည်။ MRTV Webportal မှ MRTV Facebook, Youtube, Live Stream နှင့် Sound Cloud များက အချိန်နှင့် တစ်ပြေးညီ ပြည်တွင်း၊ ပြည်ပသတင်းများကို ထုတ်လွှင့်လျက်ရှိပါ သည်။ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာဖြစ်သည့် MRTV ကိုလည်း အားပေးသူပေါင်း ကိုးသန်းကျော်ရှိလာ ခဲ့ပြီဖြစ်သည်။

MRTV ဝက်ဘ်ဆိုက်ကနေ ဘာတွေရနိုင်မလဲပြည်တွင်းနှင့် နိုင်ငံတကာမှ ထူးခြားသည့်သတင်း များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် Latest News ကဏ္ဍတွင် ဖတ်ရှုနိုင်ပါသည်။ MRTV မှ နေ့စဉ် ထုတ်လွှင့်နေသည့် သတင်းအစီအစဉ်များကိုလည်း ဝက်ဘ်ဆိုက်တွင် နေ့စွဲအလိုက် ပြန်လည်ကြည့်ရှုနိုင် သကဲ့သို့ ဒေါင်းလုပ်ခ်(Download)ရယူ သိမ်းဆည်းနိုင် စေရန် တစ်ပုဒ်ချင်း ပြန်လည်လွှင့်တင်ထားရှိသည်။

Live Stream Menu အောက်တွင် MRTV Channel ကို Live Streaming ထုတ်လွှင့်ပေးထားခြင်းကြောင့် ရုပ်မြင်သံကြားနှင့် တစ်ပြိုင်တည်း အစီအစဉ်များအားလုံး ကို တိုက်ရိုက်ကြည့်ရှုနိုင်သည်။ MRTV အပြင် MITV, Hluttaw, NRC နှင့် Farmers ရုပ်သံလိုင်းငါးလိုင်းနှင့် မြန်မာ့အသံရေဒီယို၊ မြန်မာနိုင်ငံအထက်ပိုင်း တိုင်းရင်းသား ရေဒီယို၊ မြန်မာနိုင်ငံအောက်ပိုင်း တိုင်းရင်းသားရေဒီယို ဖြစ်သည့် ရေဒီယိုသုံးလိုင်းကိုလည်း www.mrtvlive-stream.tv ၌ livestreaming လွှင့်တင်ထားသဖြင့် Android Mobile Devices မှ တိုက်ရိုက်ကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။

“သတင်းထူးတွေကို ပရိသတ်တွေ အချိန်နဲ့တစ်ပြေးညီ သိရှိစေဖို့အတွက် New Media တွေဖြစ်တဲ့ ဝက်ဘ်ပေါ်တယ် နဲ့ ဖေ့စ်ဘွတ်၊ You Tube တို့ကနေ လွှင့်တင်ပေးနေပါတယ်။ ပုံမှန်သတင်းအပြည့်အစုံကိုလည်း New Media ပေါ်မှာ ပြန်တင်ပေးတယ်။ ဒါကြောင့် အွန်လိုင်းကနေ သတင်းထူး တွေကို အချိန်မဆိုင်းကြည့်နိုင်သလို တီဗွီသတင်း အပြည့် အစုံကိုလည်း အချိန်နဲ့တစ်ပြေးညီကြည့်ရှုနိုင်ပါတယ်”ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမျိုးမြင့်အောင်က ပြောကြားသည်။

သတင်းဗီဒီယိုများ၊ ထူးခြားဆန်းပြားသည့် သတင်း ဦးများနှင့် နိုင်ငံတော်အကြီးအကဲများ၏ မိန့်ခွန်းစုစည်း မှုများက MRTV ဝက်ဘ်ဆိုက်ကို အားဖြည့်ပေးထားသည်။ တိုင်းရင်းသားရုပ်သံလိုင်းများကိုလည်း အွန်လိုင်းတွင် ဝင်ရောက်နားဆင်ကြည့်ရှုနိုင်သကဲ့သို့ ဝန်ကြီးဌာန အသီးသီးမှ ပြည်သူအတွက် ထုတ်ပြန်ချက်၊ ပန်ကြားချက် များကိုလည်း ဖတ်ရှုနိုင်ကြမည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝက်ဘ်ဆိုက်တွင် သတင်းများ၊ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုများ၊ တိုင်းရင်းသားဘာသာစကားဖြင့် တင်ဆက်မှုများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးတင်ဆက်ထား သည့် အစီအစဉ်များအားလုံးကို ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။


ရွေးကောက်ပွဲဆိုင်ရာအချက်များ

တစ်နေရာတည်းရယူ
ဝက်ဘ်ဆိုက်၏ မူလစာမျက်နှာအတွင်း Election 2020 ကဏ္ဍကို သီးသန့်ဖော်ပြထားသဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များ အားလုံးကို သီးသန့်ဝင်ရောက်ဖတ်ရှုနိုင်မည်ဖြစ်သည်။ ယင်းကဏ္ဍတွင် ရွေးကောက်ပွဲဆိုင်ရာ ပညာပေး တေးသီချင်းများ၊ ရွေးကောက်ပွဲအကြောင်း သိကောင်း စရာများ ပညာပေးအစီအစဉ်၊ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများနှင့် ဆန္ဒမဲပေးသူများ၏ အခွင့် အရေးများကို ပြည့်ပြည့်စုံစုံ ဖော်ပြထားသည်။ ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာသည်နှင့် နိုင်ငံရေး ပါတီများ၏ ပြည်သူ့ထံတင်ပြချက်များနှင့် ရွေးကောက်ပွဲအတွက် ရက်ပေါင်း ၆၀ Count Down အစီအစဉ်များကိုလည်း လွှင့်တင်လျက်ရှိပါသည်။
ကမ္ဘာ့ကပ်ရောဂါနှင့် နောက်ဆုံးရသတင်းများCovid-19 Pandemic ကဏ္ဍတွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးရလဒ်သတင်းများ၊ ကျန်းမာရေးအသိပညာပေးဆွေးနွေးမှုများ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုဗစ်-၁၉ ရောဂါအကြောင်းကို အပြန်အလှန်ဆွေးနွေးထားသည့် အွန်လိုင်းဆွေးနွေးမှု များ၊ နိုင်ငံအသီးသီးမှ ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများ၊ ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ရန် နည်းလမ်းများနှင့် ဆောင်ရွက်ထားရှိမှု အစီအမံများအားလုံးကို တစ်နေရာ တည်းမှာပင် ဝင်ရောက်ကြည့်ရှုနိုင်ခြင်းကြောင့် သတင်း အချက်အလက်ရရှိလိုသူများအတွက် အဆင်ပြေစေမည် ဖြစ်ပါသည်။

ထို့ပြင် လူအများစိတ်ဝင်စားသည့် ကိုဗစ်-၁၉ ကူးစက်ခံရသည့် လူဦးရေစာရင်းများ၊ ကူးစက်သူများ၏ ဒေသနှင့် အချက်အလက်များ၊ ကျန်းမာရေးအခြေအနေ များနှင့် အရေးပေါ်တုံ့ပြန်ရေးအစီအမံများကို အလျင်မြန် ဆုံး သိရှိနိုင်ရန် အားထားရသည့် ဝက်ဘ်ဆိုက်တစ်ခုလည်း ဖြစ်သည်။

ကဏ္ဍပေါင်းများစွာထဲက နှစ်သက်ရာရွေးချယ်နိုင်

ဝက်ဘ်ဆိုက်တွင် နိုင်ငံတော်အကြီးအကဲများ၏ မိန့်ခွန်းများ၊ နိုင်ငံတကာရေးရာသတင်းများ၊ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ခရီးသွားလာရေး၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှုထိန်းသိမ်းရေး၊ အလုပ်သမား အရေး၊ အားကစား၊ ဖျော်ဖြေရေး၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံတို့အပြင် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးခြင်းကဏ္ဍ၊ အမျိုးသမီးများဆိုင်ရာ ဆွေးနွေးခြင်း ကဏ္ဍ၊ စီးပွားရေးဆိုင်ရာ ဆွေးနွေးအဖြေရှာခြင်းကဏ္ဍ စသည်ဖြင့် သီးသန့်ကဏ္ဍငယ်များ ခွဲခြားကြည့်ရှုနိုင်သည် ကိုလည်း မြင်တွေ့ရသည်။

ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များ၊ သဘာဝ ဘေးကြုံတွေ့နေရသည့် ဒေသများ၏ သတင်းအချက် အလက်များကိုလည်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အွန်လိုင်းမီဒီယာများတွင် ကြည့်ရှုနိုင်သည်။ ကိုဗစ်-၁၉ ရောဂါ ပထမဆုံး စတင်တွေ့ရှိရသည့်သတင်းမျိုးတွင် လူမှု ကွန်ရက်၌ ကြည့်ရှုသူသိန်းနှင့်ချီ၍ မြင်တွေ့ရပြီး ယခုရက် ပိုင်းအတွင်း ကိုဗစ်-၁၉ လူနာများ စံချိန်တင်မြင့်တက်လာခဲ့သည့်သတင်း၊ နိုင်ငံတကာ အားကစားသတင်းအချို့မှာ ပရိသတ်များစိတ်ပါဝင်စားမှု အများဆုံးဖြစ်သည်ကိုလည်း Viewer, Like နှင့် Share ပြုလုပ်သူဦးရေအရ သိမြင်နိုင်သည်။

ကိုဗစ်-၁၉ကာလ ပြည်သူများအတွက်အပန်းဖြေစရာ

အွန်လိုင်းမှတစ်ဆင့် ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုခံစားနိုင်ရန် မြန်မာ့ရုပ်ရှင်ရာပြည့်အစီအစဉ်များ၊ ရန်ကုန်တက္ကသိုလ်ရာပြည့်အစီအစဉ်များနှင့် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား စိန်ရတုအထိမ်းအမှတ်အစီအစဉ်ကောင်း များကို တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေးနေသည်ကိုလည်း သတိပြုမိသည်။ သောကြာနေ့ညတိုင်း လွှင့်တင်ပေးသည့် မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုဖျော်ဖြေပွဲ အမှတ် - ၃ ဆိုလျှင် လူမှုကွန်ရက်မှ ကြည့်ရှုအားပေးသူ ခြောက်သိန်းကျော်အထိ ရှိနေသည်ကိုလည်း မြင်တွေ့ရသည်။

တိုက်ရိုက်အစီအစဉ်များကို ကြည့်ရှုသူများပြား

တိုက်ရိုက်ရိုက်ကူးထုတ်လွှင့်တင်ဆက်ခြင်း အစီအစဉ် တွင် နိုင်ငံအတွက် ထူးခြားသည့်အခမ်းအနားများကို တင်ဆက်ပေးလျက်ရှိရာ ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပခဲ့ သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေး တိုက်ရိုက်တင်ဆက်မှုကို အွန်လိုင်းမှ ကြည့်ရှုသူ တစ်သိန်းကျော်ရှိခဲ့သည်ကိုလည်း တွေ့ရှိရသည်။
MRTV အွန်လိုင်းအစီအစဉ်များအတွက် နေ့စဉ် သတင်းနှင့်အစီအစဉ်များ ပုဒ်ရေ ၁၈၀ ခန့် တင်ဆက်ပေး လျက်ရှိပြီး ယင်းတို့တွင် တီဗွီသတင်း၊ ရေဒီယိုသတင်းနှင့် ဓာတ်ပုံသတင်းများပါဝင်သည်။ သတင်းထူးမရှိသည့် နေ့ရက်များတွင် MRTV Facebook page သို့ ဝင်ရောက် ကြည့်ရှုသူ ခြောက်ထောင်မှ တစ်သောင်းကြားတွင်ရှိပြီး ထူးခြားသည့် သတင်းများတင်ဆက်ရသည့်အခါ ကြည့်ရှုသူ သုံးသောင်းမှ ငါးသောင်းကျော်အထိရှိနေသည်။

MRTV တွင် သတင်းအချက်အလက်များ ပိုမို အားကောင်းစေရန် အနယ်နယ်အရပ်ရပ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများမှ စုဆောင်းတင်ဆက် သည့် သတင်းရုပ်ပုံ၊ သတင်းစာသား၊ ရုပ်သံတို့ကို အွန်လိုင်းမှ တင်ဆက်ပေးလျက်ရှိသည်။ နိုင်ငံတကာသတင်းဌာနစိတ် မှလည်း နိုင်ငံတကာသတင်းများကို AFP, NHK, CCTV, APU စသည့် သတင်းဌာနများမှရယူကာ ဘာသာပြန်ဆို၍ အွန်လိုင်းတွင် ကမ္ဘာ့သတင်းထူးများအဖြစ် တင်ဆက်ပေး လျက်ရှိသည်။

သတင်းမှန်ကန်မှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့်မီဒီယာ
MRTV ၏ မီဒီယာပလက်ဖောင်းအသစ် New Media တွင် အယ်ဒီတာလမ်းညွှန်ချက်များထားရှိပြီး နိုင်ငံပိုင် မီဒီယာပီသစွာ သတင်းမှန်ရရှိရေးအတွက် မှန်ကန်မှုရှိခြင်း၊ အချက်အလက်ပြည့်စုံခြင်းနှင့် ဘက်မလိုက်ဘဲ မျှတမှုရှိခြင်း၊ သတင်းရင်းမြစ်ခိုင်မာခြင်းတို့ကို သတိထားဆောင်ရွက်နေ သည်ကိုလည်း မြင်တွေ့ရသည်။

မူလက မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အွန်လိုင်း သတင်းဌာနအတွက် ဝန်ထမ်း ၁၄ ဦးသာရှိခဲ့ရာမှ New Media အသွင်ကူးပြောင်းနိုင်စေရေးအတွက် ဝန်ထမ်း အင်အား ၂၇ ဦးဖြင့် သတင်းလွှင့်တင်မှုများကို ဆောင်ရွက် နေပြီး တစ်နိုင်ငံလုံးက သတင်းဗျူရိုများမှ သတင်းထောက် များ၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းရှိ မြန်မာ့သတင်းစဉ်မှ ထုတ်ပြန်သည့် နိုင်ငံတော်သတင်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ အမြို့မြို့အနယ်နယ်မှ သတင်းထောက်များက ရေးသားပေးပို့ကြသည့် သတင်း များနှင့် ဝန်ကြီးဌာနများ၏ Official Page များမှ လွှင့်တင် ပေးသည့် သတင်းများကို Credit ပေးကာ အချိန်နှင့် တစ်ပြေးညီ ပြန်လည်ထုတ်လွှင့်ဖော်ပြပေးပြီး နေ့စဉ် တင်ဆက်လျက်ရှိသည်။
MRTV Facebook page စာမျက်နှာသည် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားဌာန တစ်ခုလုံးကို ကိုယ်စားပြုပြီး ရုပ်သံလိုင်းများနှင့် ရေဒီယိုလိုင်းများမှ ထုတ်လွှင့်သည့် သတင်းနှင့်အစီအစဉ်များကို လွှင့်တင်ပေးလျက်ရှိသည်။ လူငယ်များအတွက် စိတ်ဝင်စားစေမည့် ဘောလုံးပွဲ တိုက်ရိုက်ပြသမှုများ၊ နာရီစဉ်သတင်းများနှင့် နိုင်ငံတကာ သတင်းများကို တိုက်ရိုက်လွှင့်တင်ပေးခဲ့ရာမှ ပိုမို အဆင်ပြေစေရန်အတွက် MRTV-LIVE Page မှ တိုက်ရိုက် တင်ဆက်မှုများကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MRTV ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက်ဖေ့စ်ဘွတ်စာမျက်နှာများမှ နေ့စဉ်သတင်းများကို ဝေဝေဆာဆာ ဖြင့် တင်ဆက်လျက်ရှိရာ အားပေးသူများပြားလာသည် နှင့်အမျှ အွန်လိုင်းအဖွဲ့များစုဖွဲ့ကာ သတင်းနှင့် အစီအစဉ် အကျဉ်း(ဇာတ်လမ်းတို)များ လွှင့်တင်ပေးနိုင်ရေးကို လည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုဖြင့် အွန်လိုင်း ပလက်ဖောင်းများမှတစ်ဆင့် ဒစ်ဂျစ်တယ် မီဒီယာကို သတင်းဌာနအသီးသီးက အကောင်အထည် ဖော်လျက်ရှိရာ ခိုင်မာမှန်ကန်၍ ဘက်မလိုက်မျှတသည့် သတင်းများ၊ ပညာပေးအစီအစဉ်များနှင့် သုတ၊ ရသ များစွာကို အွန်လိုင်းမှတစ်ဆင့် အသုံးပြုသူများထံ အရောက် တင်ဆက်နေပြီဖြစ်ပါကြောင်း။ ။