အွန်လိုင်းဘေးကင်းရေး၊ သတင်းမှားများနှင့် ပြဿနာများကို မီဒီယာသိနားလည်မှုဖြင့် ကိုင်တွယ်ဖြေရှင်းမှုဆိုင်ရာ online ဆွေးနွေးပွဲကျင်းပ

 

နေပြည်တော် နိုဝင်ဘာ  ၂၃


အာရှ -  ပစိဖိတ်ဒေသတွင်း     ရုပ်သံလွှင့်လုပ်ငန်း   ဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့အစည်း     (Asia-Pacific Institute For Broadcasting Development -AIBD)မှ စီစဉ်သည့်  “အွန်လိုင်းဘေးကင်းရေး၊ သတင်းမှား များနှင့် ပြဿနာများကို မီဒီယာသိနားလည်မှုဖြင့်  ကိုင်တွယ်ဖြေရှင်းမှုဆိုင်ရာ onlineဆွေးနွေးပွဲ” ကို  ယမန်နေ့က   online   မှတစ်ဆင့်   ကျင်းပရာ ဆွေးနွေးပွဲသို့ AIBD အဖွဲ့ဝင်နိုင်ငံများမှ သတင်း သမားများ၊ သတင်းထောက်များ၊ မီဒီယာကျွမ်းကျင် ပညာရှင်များနှင့်အတူ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား  မှ ဝန်ထမ်းများ တက်ရောက်ကြသည်။


အဆိုပါ ဆွေးနွေးပွဲကို အွန်လိုင်းဘေးကင်းမှု မြှင့်တင်ရန်၊   သတင်းတု/သတင်းမှား၊    ဆိုက်ဘာ ရာဇဝတ်မှု၊ အွန်လိုင်းလိမ်လည်လှည့်ဖြားမှု စသည့်  လူတစ်ဦးချင်းနှင့်   အဖွဲ့အစည်းများကို   သိသာ ထင်ရှားသော ခြိမ်းခြောက်မှုများကို သိရှိနားလည် စေရန်နှင့် မီဒီယာသိနားလည်မှုဆိုင်ရာ မြှင့်တင်ပေး ခြင်းဖြင့်    စိန်ခေါ်မှုများကို   ကိုင်တွယ်ဖြေရှင်း ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။


ဆွေးနွေးပွဲတွင်    သတင်းတု/သတင်းမှားများ အွန်လိုင်းတွင် ပျံ့နှံ့မှုနှင့် အကျိုးသက်ရောက်မှုများ အကြောင်း၊ အွန်လိုင်း content များကို အသိအမှတ်ပြု ရန်နှင့့်   အကဲဖြတ်ရန်အတွက်   ပညာပေးမှုများ၊ ဆိုက်ဘာရာဇဝတ်မှု၊  အွန်လိုင်းလိမ်လည်ခြင်းနှင့် အွန်လိုင်းခြိမ်းခြောက်မှုများမှ      ကာကွယ်ရန် အသိပညာနှင့် ကျွမ်းကျင်မှုများအား ဖြည့်ဆည်းမျှဝေ ပေးခြင်း၊ သတင်းအချက်အလက်များကို တာဝန် သိစွာ မျှဝေပေးခြင်းနှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်း အား   ကျင့်ဝတ်နှင့်အညီ   အသုံးပြုခြင်းတို့နှင့် စပ်လျဉ်း၍ ဝါရင့်သတင်းထောက်များနှင့် အွန်လိုင်း ပညာရှင်   စုစုပေါင်း   ခြောက်ဦးတို့က   ဆွေးနွေး ကြသည်။


ပြန်ကြားရေးဝန်ကြီးဌာန၊    မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် AIBD သို့ တင်းပြည့်အဖွဲ့ဝင် အဖြစ် ၁၉၉၇ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် ဝင်ရောက်ခဲ့ပြီး လုပ်ငန်းခွင်    ကျွမ်းကျင်မှုဆိုင်ရာ   သင်တန်းများ၊ သတင်းတု၊  သတင်းမှား  တိုက်ဖျက်ရေးနှင့်  မီဒီယာ သိနားလည်မှုဆိုင်ရာ   သင်တန်းများကို   လက်ခံ  ကျင်းပသကဲ့သို့ ပါဝင်တက်ရောက်ခြင်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  


သတင်းစဉ်