
အင်းတော် စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်၌ စက်တင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့က မိုးအဆက် မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် လူကူး တံတားတစ်စင်း ကျိုးပျက်ပြီး ရွှေဘို- မြစ်ကြီးနား ကားလမ်းပေါ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ သည်။
စက်တင်ဘာ ၁၇ ရက်က မိုးဆက်တိုက်ရွာသွန်း ခဲ့သဖြင့် အင်းတော်မြို့နယ် ကူးဆိပ်ကျေးရွာရှိ ကျေးရွာချင်းဆက် လူကူးတံတားအရှည်ပေ ၅၀၊ အကျယ်ငါးပေမှာ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ကျိုးကျပြီး ရေထဲမျောပါခဲ့သည်။
အလားတူ နန့်သဲကျေးရွာအနီးနှင့် နားခေါင် ကျေးရွာအနီး ရွှေဘို- မြစ်ကြီးနား ကားလမ်း ပေါ်သို့ တောင်ကျချောင်းရေများ စီးဆင်းပြီး ရေကြီးရေလျှံမှုဖြစ်ကာ အတက်အဆင်း မော်တော် ယာဉ်များ ရေကျသည်အထိ စောင့်ဆိုင်းနေခဲ့ရကြောင်း သိရသည်။
အဆိုပါ ရေကြီးရေလျှံသည့်နေရာသို့ အင်းတော် မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတလူမှုရေးအသင်းအဖွဲ့များက လိုအပ်သည် များ သွားရောက်ကူညီဆောင်ရွက်ပေးကြောင်းသိရသည်။
ခင်မောင်ဆွေ (မော်လူး)