
အင်းတော်ကြီး အောက်တိုဘာ ၁၇
ကချင်ပြည်နယ် အင်းတော်ကြီးဒေသတွင် ယခုအခါ စပါးတစ်တင်းလျှင် ငွေကျပ် ၆၀၀၀ စျေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း တောင်သူ များထံမှ သိရသည်။
အင်းတော်ကြီးဒေသအတွင်းရှိ စပါးစိုက်ခင်းများတွင် စပါးများ စတင်ရိတ်သိမ်းခြွေလှေ့နေပြီဖြစ်ရာ စပါးဝယ်သူများက အဆိုပါ ရိတ်သိမ်းခြွေလှေ့နေရာသို့လာရောက်ကာ စပါးအစို ပေါင် ၃၀ ပြည့် တစ်တင်းလျှင် ငွေကျပ် ၆၀၀၀ စျေးဖြင့် ဝယ်ယူနေကြခြင်း ဖြစ်ကြောင်း၊ အထွက်နှုန်းလျော့ခြင်းနှင့် ကုန်ကျစရိတ်မြင့်မားခြင်း တို့ကြောင့် တွက်ခြေမကိုက်ကြောင်း ဒေသခံတောင်သူများက ပြောသည်။
“အခုရိတ်၊ အခုချိန် စပါးတစ်တင်း ငွေကျပ် ၆၀၀၀ စျေး ပေါက်တယ်။ စပါးရိတ်ခက တစ်ဧကကို ငွေကျပ် ၆၅၀၀၀ ပေးနေ ရတယ်။ ဓာတ်မြေသြဇာစျေးကလည်း နှစ်ဆမြင့်တက်လာတော့ စပါးခင်း တွေမှာ မြေသြဇာက မကျွေးနိုင်။ အဲဒီတော့ စပါးအထွက်နှုန်းက မကောင်း၊ ဒီဇယ်စျေးတွေကလည်း မြင့်ဆိုတော့ စပါးစိုက်ရတာ သိပ်ပြီးတွက်ခြေမကိုက်ဘူး။ ဒါပေမယ့် စျေးက မနှစ်ကထက်စာရင် ကောင်းလာတော့ စီးပွားရေးလေး အနည်းငယ်အဆင်ပြေလာတာ ပေါ့”ဟု အင်းတော်ကြီးဒေသ နားလတန်းကျေးရွာမှ တောင်သူ စိုင်းကျော်ထက်အောင်က ပြောသည်။
ယခုနှစ် မိုးစပါးရောင်းချရာတွင် အစိုဓာတ် ၁၄ ရာခိုင်နှုန်းနှင့် ဖုန်၊ အမှုန်၊ သဲ ကင်းစင်သည့် စပါး တစ်တင်း ၄၆ ပေါင်ကိုက်ကို တင်း ၁၀၀ အတွက် အခြေခံစျေး ငွေကျပ် ၅၄၀၀၀၀ ဖြင့် ဝယ်ယူမည်ဖြစ်ပြီး ယင်းအခြေခံစျေးထက် မြင့်တက်နေပါက တောင်သူများအနေဖြင့် စျေးကွက်အတိုင်း ရောင်းချရန်နှင့် အခြေခံစျေးအောက်ရောက်ပါက အခြေခံစျေးအတိုင်း ဝယ်ယူမည်ဟု ဆန်စပါးတောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအဖွဲ့က ထုတ်ပြန်ထားကြောင်း သိရသည်။
လှိုင်ဘွား(ဗန်းမောက်)