
မိုးညှင်း မတ် ၁၀
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသရှိ မမုန်ကိုင်ကျေးရွာအုပ်စု မိုင်းနောင်ကျေးရွာ တွင် ငွေကျပ်သိန်း ၆၀၀ ကျော် အကုန်အကျခံကာ နံနက်ခင်းဈေးသစ်ကို မတ်လမှစတင်၍ ကိုယ့်အား ကိုယ်ကိုး တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဈေးသစ်ကို မိုင်းနောင်ရွာအလယ်တွင် တည်ဆောက်နေခြင်းဖြစ်ပြီး ဈေးဆိုင်ခန်းပေါင်း ၂၀၆ ခန်း ပါဝင်မည်ဖြစ်ကြောင်း ဈေးကော်မတီအဖွဲ့ နာယက ဦးစိုးမြင့်ထံမှ သိရသည်။
“ကိုးပေပတ်လည်ရှိတဲ့ ဈေးဆိုင်ခန်းပေါင်း ၂၀၆ ခန်း ပါဝင်မယ်။ လက်ရှိမှာ မိုင်းနောင်ကျေးရွာ အလယ် ခေါင်းတုံချောင်းဘေးက မြေနေရာကို ရှင်းလင်းမှုတော့ ပြီးသွားပါပြီ။ ဈေးတည်ဆောက်ပြီး သွားရင်တော့ ကိုးပေပတ်လည် သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း ဈေးဆိုင်ခန်းတစ်ခန်းကို ကျပ်နှစ်သိန်းခွဲနဲ့ မဲစနစ်နဲ့ ရောင်းချသွားမယ်”ဟု ၎င်းက ပြောသည်။
ဆိုင်ခန်းရောင်းချမှုနှင့်ပတ်သက်၍ ဈေးသည် တစ်ဦးက “အခုရောင်းချပေးမယ့် ဈေးဆိုင်ခန်း တစ်ခန်းကို ကျပ်နှစ်သိန်းခွဲဆိုတော့ တန်ပါတယ်။ လက်သမားဆရာနဲ့မေးပြီး ကုန်ကျစရိတ် တွက်ကြည့် လိုက်တာ ပျဉ်ဖိုး၊ သွပ်ဖိုးနဲ့ အဲဒီလောက်ပဲ ကုန်ကျ မယ်လို့ ပြောတယ်။ ဆိုင်ခန်းအပိုင်ဆိုတော့ မိုးလုံ လေလုံနဲ့ ဈေးရောင်းချနိုင်တော့မယ်”ဟု ပြောသည်။
အဆိုပါ နံနက်ခင်းဈေးမြေနေရာကို အလှူရှင် တစ်ဦးက လှူဒါန်းထားခြင်းဖြစ်ပြီး ဈေးသစ်ကြီးတွင် ကုန်စိမ်းတန်း၊ အထည်အလိပ်ဆိုင်များ၊ အသားစိမ်း ငါးစိမ်းဆိုင်များနှင့် ခေါက်ဆွဲဆိုင်များကို စနစ်တကျ စည်းကမ်းရှိစွာ ရောင်းချနိုင်ရေးအတွက် ရပ်မိရပ်ဖ များ၊ ဈေးကော်မတီများနှင့် ဈေးသည်များ ညှိနှိုင်း တိုင်ပင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဈေးသစ် တည်ဆောက်မှုပြီးစီးပါက ယင်းနှင့်ကပ်လျက်ရှိသော ကျေးရွာပိုင် မြေကွက် အလွတ်တွင် နေ့ဈေးတန်းနှင့် ညဈေးတန်းအဖြစ် တည်ဆောက်သွားရန်လည်း ရပ်မိရပ်ဖများ၊ ဈေး ကော်မတီများ၊ ဈေးသည်များနှင့် ရွာသူရွာသားများ ညှိနှိုင်းတိုင်ပင်၍ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)