
ဖုန်းတွေကနေ မြေပုံကြည့်မယ်ဆိုရင် လူတိုင်းနီးပါး အသုံးပြုနေတဲ့ အက်ပလီကေးရှင်းက Google Map ဖြစ်ပါတယ်။ အင်တာနက်ချိတ်ပြီး အသုံးပြုရတဲ့ Google Map ဟာ အသုံးဝင်ပေမယ့် မော်ဒယ်နိမ့်တဲ့ ဖုန်းတွေမှာ သုံးရတာ လေးသလို လိုင်းမကောင်းတဲ့အခါမှာလည်း သုံးရတာအဆင်မပြေပါဘူး။ ဒီလိုအချိန်မျိုးမှာ အော့ဖ်လိုင်းအနေနဲ့ အစားထိုးသုံးနိုင်ပြီး အွန်လိုင်းသုံးတဲ့ Google Map နီးပါး အသုံးဝင်တဲ့ အက်ပလီကေးရှင်းက Maps.Me မြေပုံအက်ပလီကေးရှင်းဖြစ်ပါတယ်။
ပလေးစတိုးမှာ အော့ဖ်လိုင်းမြေပုံသုံးနိုင်တဲ့ အက်ပလီကေးရှင်းတွေ အများကြီးရှိပေမယ့် အခြားအက်ပလီကေးရှင်းတွေက မြေပုံကို ကြည့်ရုံ လောက်သာ ကြည့်နိုင်ပါတယ်။ Maps.Me ရဲ့ အားသာချက်က Google Map သုံးတဲ့အတိုင်း သိချင်တဲ့နေရာကို မြေပုံပေါ်မှာ ရှာဖွေတာ၊ ကိုယ် ရှိတဲ့နေရာကနေ သွားချင်တဲ့နေရာဆီ လမ်းကြောင်းရှာဖွေတာ၊ ခရီး အကွာအဝေးနဲ့ ကြာချိန်တွက်ချက်တာတွေ အားလုံးကိုပါ လုပ်နိုင်တာ ဖြစ်ပါတယ်။
Maps.Me အက်ပလီကေးရှင်းကို စသုံးဖို့အတွက် ပထမဆုံး အင်စတောလုပ်ပြီးရင် အော့ဖ်လိုင်းမြေပုံကို တစ်ကြိမ် ဒေါင်းလုပ်ဆွဲ ပေးဖို့တော့ လိုအပ်ပါတယ်။ အသုံးပြုတဲ့နိုင်ငံအလိုက် နိုင်ငံမြေပုံကို ဒေါင်းလုပ်ဆွဲဖို့ ပြမှာဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးအတွက် မြေပုံဖိုင် ဆိုက်က 124 MB ပဲရှိတဲ့အတွက် ဒေါင်းလုပ်ဆွဲဖို့ ဒေတာသိပ်မကုန်သလို ဖုန်းထဲမှာလည်း နေရာအများကြီးမယူပါဘူး။ မြေပုံကို ဒေါင်းလုပ်ဆွဲပြီး ရင်တော့ တစ်နိုင်ငံလုံးစာ မြေပုံကို အော့ဖ်လိုင်းအနေနဲ့ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
အက်ပလီကေးရှင်းကို ပလေးစတိုးမှာ Maps.Me (CYPRUS) LTD လို့ ရိုက်ရှာနိုင်ပြီး အက်ပလီကေးရှင်းဖိုင် အရွယ်အစားက 227 MB ဖြစ် ပါတယ်။ အန်းဒရွိုက်ဗားရှင်း 5.0 နဲ့ နောက်ပိုင်းဖုန်းအားလုံးမှာ သုံးနိုင် ပါတယ်။ ကျော်ဇင်ဦး