
* နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများကို မြန်မာ့စီးပွားရေးဘဏ်များက တာဝန်ယူ ထုတ်ပေးလျက်ရှိရာ သက်ဆိုင်ရာ ဘဏ်ခွဲများတွင် လစဉ်ရုံးဖွင့်ရက် (၂၁) ရက်နေ့ တစ်ရက်တည်းတွင်သာ စုပြုံထုတ်ယူရန်မလိုအပ်ဘဲ မိမိအဆင်ပြေမည့် အခြားဘဏ် ဖွင့်သည့် ရက်များတွင်လည်း လွယ်ကူ အဆင်ပြေစွာထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားပြီး ဖြစ်ပါသည်။
* ထို့ပြင် ပင်စင်လစာငွေများကို ဘဏ်တွင်ငွေစာရင်းဖွင့်လှစ်ထည့်သွင်း၍ လိုအပ်ချိန်တွင် အဆိုပါငွေစာရင်းမှ ထုတ်ယူခြင်းဖြင့် လည်းကောင်း၊ ATM စာရင်းဖွင့်လှစ်၍ ATM စက်များမှ ထုတ်ယူခြင်းဖြင့်လည်းကောင်း၊ Myanmar Mobile Money (MMM)စနစ်နှင့် Wave Money စနစ်တို့ကို အသုံးပြု၍လည်းကောင်း၊ နီးစပ်ရာ Mobile Agent များမှတစ်ဆင့် ထုတ်ယူနိုင်ရန် လည်းကောင်း ဆောင်ရွက်ပေးထားပြီး ယင်းနည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ကြောင်းကို အသိပေး ကြေညာထားရှိပါသည်။
* ယခုအခါ အချို့သောဘဏ်ခွဲများတွင် လတစ်လ၏ ပင်စင်လစာကို စတင်ထုတ်ပေးသည့်ရက် ဖြစ်သော ၂၁ ရက်နေ့ တစ်နေ့တည်းတွင် စုပြုံ၍ လာရောက်ထုတ်ယူကြခြင်းကြောင့် လူစုလူဝေး ဖြစ်ပေါ်ခြင်း၊ ရှည်လျားစွာတန်းစီရခြင်း၊ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း တို့ ဖြစ်ပေါ်နေကြောင်း စိစစ်တွေ့ရှိရပါသည်။
* ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှစ၍ မြန်မာ့စီးပွားရေးဘဏ်တွင် ကိုယ်တိုင်ပင်စင်လစာထုတ်ယူမှု အဆင်ပြေစေရန်အတွက် ဘဏ်များတွင် ငွေပေးကောင်တာများတိုးချဲ့ စီစဉ်ထားရှိခြင်း၊ ငွေထုတ်ပေးမှု လျင်မြန်စေရန် ဆောင်ရွက်ခြင်းတို့အား ဆောင်ရွက်ထားရှိပါသည်။
* သို့ဖြစ်ပါ၍ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာထုတ်ယူမှု အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာ ဘဏ်ခွဲများနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးပါရန် လေးစားစွာပန်ကြားအပ်ပါသည်။
မြန်မာ့စီးပွားရေးဘဏ်