
နေပြည်တော် ဧပြီ ၉
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းနှင့် ဦးရွှေလေးတို့သည် ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကအဖွဲ့ အစည်းအဝေးသို့ တက်ရောက်သည်။
ဦးစွာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယက ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ဆောက်လုပ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ Focal Ministry ဖြစ်ကြောင်း၊ အင်ဂျင်နီယာကောင်စီဝင်များ ရွေးချယ် နိုင်ရေးအတွက် နာယကအဖွဲ့ဝင်များနှင့် တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီ၏ အခန်းကဏ္ဍသည် အရေးကြီးသည့် အတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ဆွေးနွေးခြင်းဖြစ်ကြောင်း၊ အင်ဂျင်နီယာကောင်စီ၏လုပ်ငန်းများ တိုးတက် အောင်မြင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယက စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ခဲ့မှု၊ ဆက်လက်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာ သည့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယက အဖွဲ့ဝင်များက မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အင်ဂျင်နီယာကောင်စီ၏ ဥပဒေ၊ နည်းဥပဒေများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်