အင်ဒိုနီးရှားနိုင်ငံ၌ ယခုနှစ်ဆန်းမှစ၍ ဘိုင်အိုဒီဇယ် စတင်အသုံးပြု

 

ဂျကာတာ ဇန်နဝါရီ ၅
ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အသုံးပြုမှု ဈေးနှုန်း များ မြင့်မားခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံသည် လောင်စာဆီတင်သွင်းမှုလျှော့ချရေးနှင့် ပိုမို သန့်စင်သော စွမ်းအင်ကို ပြောင်းလဲအသုံးပြု သည့်အနေဖြင့်      ယခုနှစ်ဆန်းမှစတင်၍ လောင်စာဆီအရောအနှော ၃၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ထားသော ဘိုင်အိုဒီဇယ်ဆီကို သတ်မှတ် လိုက်ပြီဖြစ်ကြောင်း  အင်ဒိုနီးရှား  စွမ်းအင် ဝန်ကြီးဌာနက ပြောကြားသည်။
အင်ဒိုနီးရှားအနေဖြင့်  ကမ္ဘာ့အကြီးဆုံး စားအုန်းဆီထုတ်လုပ်သည့်   နိုင်ငံဖြစ်သည့် အားလျော်စွာ ဇီဝရုပ်ကြွင်းလောင်စာ Fossil gasoil ဆီတွင် စားအုန်းဆီ ၃၀ ရာခိုင်နှုန်းဖြင့် ရောနှောထုတ်လုပ်သည့် ဘိုင်အိုဒီဇယ်ဆီ အစီအစဉ်ကို ၂၀၂၀ ခုနှစ်ကတည်းက စီမံကိန်း ချမှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစီအစဉ် B30 ကို B 35 အစီအစဉ်အဖြစ် တိုးမြှင့် အကောင်အထည်ဖော်နိုင်ရေးအတွက် ဘိုင်အိုဒီဇယ်ဆီ  ခန့်မှန်းလိုအပ်ချက်သည် ကီလိုလီတာ ၁၃ ဒသမ ၁၅ သန်း (သို့မဟုတ်) ပြီးခဲ့သည့်နှစ်က  ဘိုင်အိုဒီဇယ်သုံးစွဲခဲ့သည့် ပမာဏ(ကီလိုလီတာ ၁၁ ဒသမ ၀၃) သန်းထက် ၁၉ ရာခိုင်နှုန်း မြှင့်တင်သွားရမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏  ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။
အင်ဒိုနီးရှားသည် ယခုနှစ်အတွင်း ဒီဇယ် ကီလိုလီတာ ၃၇ ဒသမ ၅၈ သန်း သုံးစွဲနိုင်မည်ဟု ခန့်မှန်းထားရာ ၃၅ ရာခိုင်နှုန်းကို စားအုန်းဆီမှ ထွက်ရှိသည့် ဘိုင်အိုဒီဇယ်ဆီ အသုံးပြုသွား မည်ဖြစ်ကာ နိုင်ငံ၏ ဘိုင်အိုဒီဇယ်ဆီလုပ်ငန်း အတွက်   ကီလိုလီတာ ၁၆ ဒသမ ၆၅ သန်း ထုတ်လုပ်နိုင်သည့်စက်ကိုလည်း   တပ်ဆင် ထားပြီးဖြစ်သည်။
စွမ်းအင်ဝန်ကြီးဌာနက ဘိုင်အိုဒီဇယ်ဆီ ပိုမိုရောစပ်သုံးစွဲသဖြင့်  အင်ဂျင်စွမ်းဆောင် ရည်ကို ထိခိုက်မှုမရှိဘဲ ပိုမိုကောင်းမွန်ပြီး ယုံကြည်စိတ်ချရသည့် ဘိုင်အိုဒီဇယ်ဆီဖြစ်စေရေးအတွက်လည်း စံချိန်စံညွှန်းအသစ်များကို ချမှတ်ထားပြီးဖြစ်ကြောင်း သိရသည်။