
ဂျကာတာ စက်တင်ဘာ ၂
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ယခုလအတွင်း တစ်ရက် လျှင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၂ ဒသမ ၃ သန်း ထိုးနှံပေးမည်ဖြစ်ပြီး ၎င်းကဲ့သို့ ဆောင်ရွက်ရခြင်းမှာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးကို အောင်မြင်စွာ အပြီးသတ်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒန်တီဆက်ဆိုနိုက ယနေ့ ပြောကြားသည်။
နိုင်ငံအတွင်း တစ်ရက်လျှင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၂ ဒသမ ၃ သန်း ထိုးနှံပေးမည့် အစီအမံအောင်မြင်မည်ဟု မျှော်လင့် ထားကြောင်း ၎င်းက ပြောကြားသည်။ ပြီးခဲ့သော သီတင်းနှစ်ပတ်အတွင်းမှ စတင်၍ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်း များကို အရှိန်မြှင့်ဆောင်ရွက်ခဲ့ရာ ဇူလိုင်လလယ်မှ ဩဂုတ်လအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ သန်း ၅၀ ကို ထိုးနှံပေးနိုင်ခဲ့ကြောင်းသိရသည်။ နိုင်ငံအတွင်းသို့ ဩဂုတ်လအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၄၃ သန်း ရောက်ရှိလာကြောင်း သိရသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၃၃၁ ဒသမ ၆၇ သန်းသည် ယခုနှစ်ကုန်ပိုင်း ၌ နိုင်ငံအတွင်းသို့ ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း သမ္မတဂျိုကိုဝီဒိုဒိုက ပြောကြားသည်။ နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဇန်နဝါရီ ၁၃ ရက်တွင် စတင်ဆောင်ရွက်သည်။ လက်ရှိအချိန်အထိ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၁၀၂ ဒသမ ၂၆ သန်းကို ထိုးနှံပေးပြီးဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ