
ခန့်ဇော် (ကျေးလက်)
အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကျွန်းစုနိုင်ငံဖြစ်ပြီး စတုရန်းမိုင်ပေါင်း ၇၃၅၃၅၈ မိုင် (စတုရန်းကီလိုမီတာ ၁၉၀၄၅၆၉) ရှိသောကြောင့် ကုန်းမြေဧရိယာအားဖြင့် ကမ္ဘာပေါ်တွင် ၁၄ ခုမြောက် အကြီးဆုံးနိုင်ငံဖြစ်သည်။ လူဦးရေ ၂၆၁ သန်းခန့် နေထိုင်ကြခြင်းကြောင့် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လူဦးရေအများဆုံးနိုင်ငံလည်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများမှာ တရုတ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ဖြစ်ကြသည်။
လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုအတွင်း အင်ဒိုနီးရှားနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုသည် စိုက်ပျိုးရေးကဏ္ဍအပေါ် အဓိကမှီခိုအားထားခဲ့သည်ကို တွေ့ရှိရပြီး လယ်ယာကဏ္ဍသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်ပါ အလွန်အရေးပါလျက်ရှိသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးကဏ္ဍတွင် စိုက်ပျိုးရေးကဏ္ဍသည် အဓိက ဦးစားပေး ဆောင်ရွက်ရမည့်ကဏ္ဍတစ်ခုဖြစ်လာခဲ့ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ပေးရာတွင် မဟာဗျူဟာကျသော အခန်း ကဏ္ဍမှ ပါဝင်လာသည်။
၂၀၁၈ ခုနှစ် ဗဟိုစာရင်းအင်းစစ်တမ်းအရ နိုင်ငံလူဦးရေ၏ ၃၀ ဒသမ ၄၆ ရာခိုင်နှုန်းသည် စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးဖမ်းခြင်း လုပ်ငန်းတို့ကို လုပ်ကိုင်သည့်အတွက် သစ်တော၊ စိုက်ခင်းများ၊ ငါးဖမ်း လုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများကို ပေါင်းစပ်ကာ စိုက်ပျိုးရေး မူဝါဒကို ပြုပြင်ပြောင်းလဲခဲ့ပြီး လယ်ယာကဏ္ဍမှတစ်ဆင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့သည်။ ကျေးရွာရန်ပုံငွေ အစီအစဉ်ကို Ponggok Village, Klaten, Central Java တွင် ၂၀၁၅ ခုနှစ်က အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ချမ်းသာသော ကျေးရွာအဖြစ် အောင်မြင်စွာ ပြောင်းလဲပေးနိုင်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ် စစ်တမ်းအရ အင်ဒိုနီးရှားနိုင်ငံတွင် ကျေးရွာပေါင်း ၈၉၃၁ ရွာ ရှိပြီး ၂၅ ရာခိုင်နှုန်းခန့်မှာ မဖွံ့ဖြိုးသေးသော ကျေးရွာများဖြစ်သည်။ ဝေးလံခေါင်ပါးသော ဒေသများတွင် လူဦးရေ ၂၁ ရာခိုင်နှုန်းခန့်သာ နေထိုင်ကြသည်။ ၂၀၁၉ ခုနှစ် မတ်လစာရင်းအရ ပျမ်းမျှဆင်းရဲ နွမ်းပါးမှုမျဉ်းကို ဆင်းရဲနွမ်းပါးအိမ်ထောင်စုတစ်စု၏ တစ်လဝင်ငွေ IDR 1990170 (USD 140) သတ်မှတ်ထားသည်ကို တွေ့ရှိရပြီး အာရှဖွံ့ဖြိုးရေးဘဏ် (Asia Development Bank-ADB)၏ ၂၀၂၃ ခုနှစ် ဧပြီလစာရင်း အရ ၂၀၂၂ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှုနှုန်း ၉ ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိကြောင်း တွေ့ရှိရသည်။
အင်ဒိုနီးရှားနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး
ဆောင်ရွက်မှုအခြေအနေ
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနတို့ ပါဝင်ဆောင်ရွက်လျက် ရှိကြောင်း တွေ့ရှိရပါသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လယ်ယာစိုက်ပျိုးရေးသည် အင်ဒိုနီးရှားနိုင်ငံ၏ အရေးအပါဆုံး ကဏ္ဍနှစ်ခုဖြစ်သည့်အတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန် ကြေညာခဲ့ပြီး ကုန်ထုတ်စွမ်းအား၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပို့ကုန်တိုးမြှင့်ရေးတို့ကို ဦးတည်နေဆဲဖြစ်ကြောင်း တွေ့ရသည်။
စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးဆောင်ရွက်ချက်များ
နိုင်ငံတော်အဆင့် စိုက်ပျိုးရေးမူဝါဒအနေဖြင့် ဗဟိုအစိုးရ၏ အစပျိုးမှုအဖြစ် အမျိုးသားရေးဆိုင်ရာ ဖွံ့ဖြိုးရေးအစီအစဉ် ပြဋ္ဌာန်း ချက်များ ချမှတ်ဆောင်ရွက်ခဲ့ပြီး ဒေသတစ်ခုစီ၏ ဒေသဆိုင်ရာ အစိုးရများကလည်း ဆောင်ရွက်ချက်များနှင့် စည်းမျဉ်းများကို ထိန်းညှိပိုင်ခွင့်ရှိသည်ကို တွေ့ရသည်။
ကျေးလက်ဒေသစိုက်ပျိုးစီးပွားဖွံ့ဖြိုးရေး(Rural Agribusiness Development-PUAP)အစီအစဉ်သည် လုပ်ကွက်ငယ်တောင်သူများ အတွက် အရင်းအနှီးထောက်ပံ့ပေးသည့် အစီအစဉ်တစ်ခုဖြစ်ပြီး ရရှိ လာသော ရန်ပုံငွေများကို လယ်ယာထွက်ကုန်လုပ်ငန်းများ ရောင်းဝယ်ဖောက်ကားရေးနှင့် အခြားစိုက်ပျိုးရေး အခြေခံ စီးပွားရေး လုပ်ငန်းများအတွက် အချိုးကျခွဲဝေပေးခြင်းဖြစ်သည်။ ယင်းမှတစ်ဆင့် သမဝါယမအသင်းအဖြစ်သို့ အသွင်ကူးပြောင်းဖွဲ့စည်းကာ ဒေသ ဆိုင်ရာအစိုးရများက ယင်းအစီအစဉ်ကို ယနေ့အချိန်အထိ ဆောင်ရွက်နေဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုး/ နွေစပါး၊ ပဲနှင့် ဆီထွက်သီးနှံများအတွက် လိုအပ်သော သွင်းအားစုများကို သက်သာသောအတိုးနှုန်းဖြင့် ထောက်ပံ့လျက် ရှိပါသည်။
သီးနှံအာမခံစနစ်
သီးနှံအာမခံလုပ်ငန်းတွင် သဘာဝဘေးအန္တရာယ်များ၊ အပင်ပိုး ကျခြင်းများ၊ တိရစ္ဆာန်ကူးစက်ရောဂါဖြစ်ပွားမှု၊ ရာသီဥတုပြောင်းလဲမှု များကြောင့် ထိခိုက်မှုများနှင့် စည်းမျဉ်းအရ သတ်မှတ်ထားသော အခြားဘေးအန္တရာယ်အမျိုးအစားများ အကျုံးဝင်ပါသည်။ အာမခံ ပရီမီယံကြေးနှင့် အာမခံလျော်ကြေးသည် ဆန်စပါး ထုတ်လုပ်မှု ကုန်ကျစရိတ်အပေါ်တွင် မူတည်သတ်မှတ်ပြီး အာမခံပရီမီယံကြေးကို အစိုးရနှင့် လယ်သမားများက မျှဝေကျခံကြခြင်းဖြစ်သည်။ ဥပမာ- တစ်ဟက်တာလျှင် ဆန်စပါးထုတ်လုပ်မှုကုန်ကျစရိတ် ရူးပီးယား (Rp)ခြောက်သန်း (အမေရိကန်ဒေါ်လာ ၆၀၀) ခန့်ရှိပါက ပရီမီယံကြေးအဖြစ် ရူးပီးယား (Rp )၁၈၀၀၀၀ (သို့) အမေရိကန်ဒေါ်လာ ၁၈ ဒေါ်လာ ပေးဆောင်ရပြီး ရှေ့ပြေးစီမံကိန်းတွင် လယ်သမားများက ပရီမီယံကြေး ၂၀ ရာခိုင်နှုန်းကိုသာ ထည့်ဝင်ရပြီး ကျန်ပရီမီယံကြေး ၈၀ ရာခိုင်နှုန်း ကို အစိုးရက ထည့်ဝင်ပေးသည်ကို တွေ့ရသည်။ အာမခံထားရှိသည့် သီးနှံများ ပျက်စီးခြင်းဖြစ်ပေါ်ပါက နောက်စိုက်ပျိုးရာသီတွင် စပါး ပြန်လည်စိုက်ပျိုးနိုင်စေရန် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်ကို လျော်ကြေးအဖြစ် ပြန်လည်ရရှိမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း သီးနှံအာမခံစနစ် Pilot ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရှိ ရပြီး မဖြစ်မနေဆောင်ရွက်သင့်သည့်လုပ်ငန်းဖြစ်ကြောင်း လေ့လာ တွေ့ရှိရပါသည်။
ပြည်သူ့ချမ်းသာကြွယ်ဝမှု၊ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ စစ်တမ်း အစီအစဉ်(People’s Prosperity Poverty Surgery Program - BEKERJA Program)ကို ဆောင်ရွက်ခဲ့ပြီးယင်းမှာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဦးစားပေးကဏ္ဍများနှင့် ကျေးလက်ဒေသ ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးကို အထောက်အကူဖြစ်စေကြောင်း တွေ့ရှိရသည်။
စိုက်ပျိုးရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (Agricultural Human Resources and Development Agency - BPPSDMP)မှတစ်ဆင့် ခေတ်မီ လယ်ယာသုံးကိရိယာများကို တောင်သူများအား ထောက်ပံ့ပေးပြီး ကောက်ရိတ်စက်များ၊ လေးဘီးတပ် ထွန်စက်များ၊ မြေတူးစက်များ ကဲ့သို့သော ခေတ်မီစိုက်ပျိုးရေးကိရိယာများကို အသုံးပြုနိုင်ရန် လယ်သမားများအား နည်းပညာပေးသင်တန်းများ ပို့ချပေးသည်။
၂၀၁၇ ခုနှစ်မှစတင်၍ ဗဟိုအစိုးရသည် စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် အတူ ဝေးလံခေါင်ပါးသော ဒေသများတွင် Cash-For-Labor Village (Padat Karya Tunai Desa: PKTD Program) ကို စတင် ဆောင်ရွက် ခဲ့ပြီး ကျေးလက်နေပြည်သူများ အထူးသဖြင့် ဆင်းရဲနွမ်းပါးပြီး မသန်စွမ်းသူများအား ဦးစားပေး၍ အပိုလုပ်ခ သို့မဟုတ် ဝင်ငွေတိုးပွား စေရန် ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် တောင်သူလယ်သမားများ လယ်ယာလုပ်ကိုင်လိုစိတ် လျော့ပါးလာမှုကို ကာကွယ်ရန်အတွက် စိုက်ပျိုးရေးဆိုင်ရာ လူငယ်စွန့်ဦးတီထွင်သူများ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (Agricultural Young Entrepreneur Growth Program- PWMP) ကို ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေးတွင် မျိုးဆက်သစ် လူငယ် များ စိတ်ပါဝင်စားမှု ရှိလာစေရန်၊ ကျွမ်းကျင်မှုနှင့် စွန့်ဦးတီထွင်မှု စိတ်ဓာတ်များ တိုးပွားစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။
ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေအစီအစဉ်ကိုလည်း ဆောင်ရွက်ခဲ့ပြီး ရန်ပုံငွေများကို သက်ဆိုင်ရာ ကျေးရွာများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြုလုပ်နိုင်ရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ တိုက်ရိုက်ပေးအပ်သည့်နည်းလမ်းဖြင့် ဆောင်ရွက်သည်။ ကျေးရွာတစ်ရွာချင်းစီ၏ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ ကွဲပြားမှုရှိသော်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဗဟိုအစိုးရ၏ လမ်းညွှန်မှု အတိုင်းသာ ဆောင်ရွက်ကြရပြီး ရန်ပုံငွေလျာထားရာတွင် ဗဟိုအစိုးရ မှ ၁၀ ရာခိုင်နှုန်းနှင့် ဒေသဆိုင်ရာ အစိုးရမှ ၉၀ ရာခိုင်နှုန်း လျာထား ဆောင်ရွက်ကြောင်း သိရသည်။ ကျေးရွာစိုက်ပျိုးရေးအစီအစဉ်ကို အကောင်အထည်ဖော်မည်ဆိုပါကလည်း ဒေသဆိုင်ရာအစိုးရသည် စိုက်ပျိုးရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဖွံ့ဖြိုးရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကျင့်သုံးရပါသည်။ Ponggok ကျေးရွာ၏ ဖွံ့ဖြိုးရေးအစီအစဉ်ကို လေ့လာရာတွင် ကျေးရွာဖွံ့ဖြိုးရေးအတွက်အဓိကဖြစ်သော အခြေခံအဆောက်အအုံများ ဆောက် လုပ်ခြင်း၊ စိုက်ပျိုးရေး၊ ကျေးရွာတည်ရှိမှုအနေအထားများအရ ဂေဟ ဗေဒဆိုင်ရာအပန်းဖြေအဆောက်အအုံများနှင့် ဂေဟ/ စိုက်ပျိုးရေး ခရီးသွားလုပ်ငန်းများ ဆောက်ရွက်ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။
မြန်မာနိုင်ငံတွင်လည်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း(Village Development Project-VDP)ကို ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်အထိ ကျေးရွာပေါင်း ၁၇၄၇၆ရွာ၊ ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၁၉၃၀၆ ခု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း တွေ့ရပါသည်။
စိန်ခေါ်မှုများ
အင်ဒိုနီးရှားနိုင်ငံ၌ စိုက်ပျိုးရေးကဏ္ဍကို ဦးစားပေးသည့် ကျေးလက်လူထုပုံစံ/ အလေ့အထ မရှိခြင်းသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအစီအစဉ်များဆောင်ရွက်ရာတွင် အောက်ဖော်ပြပါ အတား အဆီးနှင့် စိန်ခေါ်မှုများ ကြုံတွေ့ရသည်ကို သတိပြုမိရသည်-
- စျေးကွက်ဝယ်လိုအားနှင့် လိုက်လျောညီထွေရှိသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်မှုနည်းပါးခြင်း၊
- စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ပါဝင်စားမှုနည်းခြင်း၊
- မြေမျက်နှာသွင်ပြင်အနေအထားအရ ကျေးလက်ဒေသ အများစုတွင် အခြေခံအဆောက်အအုံ အနည်းငယ်မျှသာဆောက်လုပ်နိုင်ခြင်း၊ လမ်းဖောက်လုပ်မှု နည်းပါးခြင်းကြောင့် သွားလာရေးခက်ခဲခြင်း၊
- သဘာဝဘေးအန္တရာယ်များနှင့် လူမှုရေးပဋိပက္ခများ ဖြစ်ပွား နိုင်ခြေရှိခြင်း၊
- ကျေးလက်ဒေသများတွင် လျှပ်စစ်မီး၊ ဆက်သွယ်ရေးနှင့် အင်တာနက်ရရှိမှုနည်းပါးသဖြင့် ဝေးလံခေါင်ပါးသော ကျေးရွာများသည် ပြင်ပအသိုင်းအဝိုင်းများနှင့် ဆက်သွယ်မှု မရှိသလောက် နည်းပါးသည့်အတွက် ၎င်းတို့အား အစိုးရမှ ကူညီထောက်ပံ့ပေးရန် ခက်ခဲခြင်း၊
- ဒေသဆိုင်ရာ ခေါင်းဆောင်မှုနှင့် အခွင့်အာဏာအရ ကျေးလက်နေလူထုသည် ဗဟိုအစိုးရ၏ စည်းမျဉ်းအသစ် များကို လိုက်နာမှု နည်းပါးကြပြီး ၎င်းတို့ကိုယ်တိုင် သတ်မှတ် ထားသော စံသတ်မှတ်ချက်များကိုသာ လိုက်နာကြသည့် အတွက် ဗဟိုအစိုးရ၏ယုံကြည်မှုမရရှိခြင်း၊
- စိုက်ပျိုးမြေဧရိယာ နည်းပါးလာခြင်းကြောင့် စိုက်ပျိုး ထုတ်လုပ်မှုကို ကျဆင်းစေခြင်း။
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအပေါ် ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များ၏ အကျိုးသက်ရောက်မှု
ကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ်များ ဆောင်ရွက်ရာတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနိုင်မှု နည်းပါးခြင်းသည် စိန်ခေါ်မှုတစ်ခုအဖြစ် ပါဝင်နေကြောင်း လေ့လာတွေ့ရှိရသည်။ ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချရေးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုက်ရိုက်ဆက်နွှယ်လျက်ရှိပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးသည် အဓိကကျသောအချက် ဖြစ်ပါသည်။ သို့ရာတွင် ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမြန်အကဲဖြတ် လေ့လာမှု တစ်ခုဖြစ်သည့် LP3ES (၂၀၀၇) အရ ကျေးလက်အခြေခံ အဆောက် အအုံ ဖွံ့ဖြိုးရေးအစီအစဉ်သည် ပြည်သူများအား အလုပ်အကိုင် ဖန်တီး ပေးနိုင်သည်မှန်သော်လည်း ကျေးလက် ဒေသဆင်းရဲနွမ်းပါးမှု လျှော့ချ ရေးအပေါ် သိသိသာသာ သက်ရောက်မှုရှိသည်ဟု မဆိုနိုင်သေးကြောင်း လေ့လာတွေ့ရှိရသည်။
ယင်းလေ့လာမှုတွင်၂၀၀၆ ခုနှစ်က ကမ္ဘာ့ဘဏ်၊ Sigma Sarana နှင့် Institute for Economic and Social Research (LPEM FEUI)တို့ ပူးပေါင်း၍ အင်ဒိုနီးရှားနိုင်ငံအတွင်း ခရိုင်ခြောက်ခုတွင် စစ်တမ်း ကောက်ယူထားသော အင်ဒိုနီးရှားကျေးလက်ရင်းနှီးမြှုပ်နှံမှု ရာသီဥတု စစ်တမ်းပါအချက်အလက်များကို အသုံးပြုထားကြောင်း လေ့လာသိရှိ ရပါသည်။ အချက်အလက်ကောက်ယူမှုအပိုင်း(Data Collection)တွင် ခရိုင်ခြောက်ခုဖြစ်သည့် Labuan Batu ၊ Malang ၊ Badung ၊ Sumbawa ၊ Kutai Kartanegara နှင့် Barru တို့ရှိ နမူနာကောက်ကွက် အနေဖြင့် အိမ်ထောင်စု ၂၈၀၀၊ စိုက်ပျိုးရေးလုပ်ငန်း၏ ပြင်ပဖြစ်သော စီးပွားရေးလုပ်ငန်း ၂၅၀၀ နှင့် ရပ်ရွာ အဖွဲ့အစည်းပေါင်း ၁၅၀ ထံမှ ကောက်ယူခဲ့ကြောင်း တွေ့ရှိရသည်။
ကျေးလက်အခြေခံအဆောက်အအုံတွင် ရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အအုံနှင့် လူ့စွမ်းအားအရင်းအမြစ် အခြေခံအဆောက်အအုံ ဟူ၍နှစ်မျိုးရှိရာ ရေတိုအနေဖြင့် နှစ်မျိုးစလုံးသည် တိုက်ရိုက်ရော သွယ်ဝိုက်၍ပါ အကျိုးသက်ရောက်မှုရှိပြီး ရေရှည်အနေဖြင့် ကွဲပြားမှု များရှိကြောင်း လေ့လာတွေ့ရှိရသည်။ ရေရှည်တွင် ရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အအုံများဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ရေရရှိရေး၊ အိမ်ရာ၊ စီးပွားရေးအဆောက်အအုံများသည် စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုပြီး လူ့စွမ်းအားအရင်းအမြစ် အခြေခံအဆောက်အအုံသည် ကျေးလက်လုပ်သားအင်အား၏ လုပ်အားတန်ဖိုးကို ပိုမိုမြင့်တက်စေရန် အထောက်အကူပြုလျက် ရှိသည်ကို လေ့လာတွေ့ရှိရသည်။
ယင်းလေ့လာမှုမှတစ်ဆင့် အင်ဒိုနီးရှား၏ ကျေးလက်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး မူဝါဒကို အကျဉ်းချုံးသုံးသပ်ရှုမြင်ခွင့် ရရှိပြီး အခြေခံအဆောက်အအုံနှစ်မျိုး၏ ဖွံ့ဖြိုးတိုးတက်မှုကြောင့် ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုကို အတိုင်းအတာတစ်ခုအထိလျှော့ချ နိုင်မှုကို လက်တွေ့ကျကျ သုံးသပ်တင်ပြထားသည်ကို လေ့လာသိရှိရ သည်။
ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ
သမ္မတဆိုဟာတို(Soeharto)လက်ထက်တွင် ကျေးလက်အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးမူဝါဒကို ဦးစားပေးဆောင်ရွက်ခဲ့ပြီး ပြုပြင် ပြောင်းလဲရေးခေတ်အစိုးရများကလည်း ဆက်လက်ဆောင်ရွက်ခဲ့ ကြောင်း တွေ့ရှိရသည်။
၂၀၀၁ ခုနှစ်တွင် စီးပွားရေးအရှိန်အဟုန်ဖြင့် ပြန်လည်ဦးမော့ လာစေရန် ရည်ရွယ်၍ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးကို အရှိန် အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားအဆင့် ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးမူဝါဒကို ပြန်လည်ပြဋ္ဌာန်းခဲ့ကြောင်း လေ့လာရပါသည်။ ယင်းမူဝါဒကို လေ့လာရာတွင် ပြုပြင်ပြောင်းလဲရေးခေတ်မတိုင်မီက ဗဟိုအစိုးရသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ယင်းနောက်တွင်မူ ဗဟိုချုပ်ကိုင်မှုစနစ်မှ ဒေသဆိုင်ရာကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို အသားပေးသည့်ပုံစံသို့ ပြောင်းလဲသွားခဲ့သော်လည်း အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးကို ယင်းပြောင်းလဲမှုများနှင့်အတူ လိုက်ပါပြောင်းလဲဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။ ဥပမာ- ဗဟိုအစိုးရ တာဝန်ယူဆောင်ရွက်ခဲ့သည့် ဆည်ရေသောက်စနစ်သည် ဒေသ ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့် လက်ထက်တွင် ပြုပြင်ထိန်းသိမ်း မှုများ မလုပ်နိုင်ဘဲ မကြာခဏပျက်စီးလျက်ရှိသည်ကို တွေ့ရှိရသည်။ ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဆိုင်ရာ အတွေးအခေါ် များကို ပြောင်းလဲရန် ခက်ခဲသည့်အပြင် ဒေသဆိုင်ရာအစိုးရ ရန်ပုံငွေ နှင့် ဘတ်ဂျက်အကန့်အသတ်ရှိခြင်းသည်လည်း အခြေခံအကျဆုံးအတားအဆီးဖြစ်လာခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။
ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုသည် ကျေးလက်အခြေခံ အဆောက်အအုံများ မပြည့်စုံခြင်းကြောင့်သာမက လူမှုရေးနှင့် ယဉ်ကျေးမှုအခြေအနေများ၊ မြေမျက်နှာသွင်ပြင်အနေအထား စသည့် တိုးတက်မှုများကို အထောက်အကူမပြုသည့် ကျေးလက်အဖွဲ့အစည်း များကြောင့်လည်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ သို့ရာတွင် ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုသည် ကျေးလက်ဒေသ စည်ပင်ဝပြောစေရေးအတွက် အခြေခံမူဘောင်တစ်ခုဖြစ်သည်ကို မငြင်းပယ်နိုင်ကြပေ။ စင်စစ်မူ လျှပ်စစ်ဓာတ်အားနှင့် ဆက်သွယ်ရေး လိုင်းများကဲ့သို့ ကြီးမားသည့်ရင်းနှီးမြှုပ်နှံမှုများကို ကျေးလက်နေ ပြည်သူများအနေဖြင့် ဆောင်ရွက်ရန် မစွမ်းနိုင်သော်လည်း သန့်ရှင်း သောသောက်သုံးရေ၊ မိလ္လာစနစ်နှင့် ကျေးလက်လမ်းကဲ့သို့ အချို့ အခြေခံအဆောက်အအုံများကို ကျေးလက်နေပြည်သူများ အင်အားဖြင့် စုပေါင်းဆောင်ရွက်နိုင်သည်ကို တွေ့ရှိရသည်။ အင်ဒိုနီးရှားစာရင်းအင်း သုတေသနဦးစီးဌာန၏ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၈ ရက် ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်တွင် အင်ဒိုနီးရှားအိမ်ထောင်စုများ၏ ၈၀ ဒသမ ၉ ရာခိုင်နှုန်းခန့် သန့်ရှင်းသောသောက်သုံးရေရရှိပြီး ၉၉ ဒသမ ၆၃ ရာခိုင်နှုန်းခန့် လျှပ်စစ်မီးရရှိကြောင်း တွေ့ရှိရသည်။
အစိုးရ၏ ရန်ပုံငွေမှာ အကန့်အသတ်ရှိသည့်အတွက် ဒေသခံ ပြည်သူများနှင့်ပူးပေါင်း ဆောင်ရွက်သည့်အလေ့အထကို အစပြု ပျိုးထောင်ပေးသင့်ကြောင်း လေ့လာသိရှိရပါသည်။ ကျေးလက်နေ ပြည်သူများအား ကျေးရွာအခြေခံအဆောက်အအုံ စီမံကိန်းများတွင် ပါဝင်လုပ်ကိုင်စေပြီး ဝင်ငွေရရှိစေသည့် နည်းလမ်းမျိုး ကျင့်သုံးသင့် ကြောင်း တင်ပြထားသည်ကိုလည်းတွေ့ရှိရသည်။
ယင်းနည်းလမ်းသည် Direct Cash Assistance (BLT)ခေါ် တိုက်ရိုက် ငွေကြေးထောက်ပံ့သည့်စနစ်ထက် ပိုမိုအကျိုးရှိကြောင်း တွေ့ရှိရသည်။ BLT အစီအစဉ်သည် အစိုးရအပေါ် မှီခိုအားထားမှုကို မြင့်တက်စေသောကြောင့်ဖြစ်ပြီး လုပ်အားပါဝင်ဆောင်ရွက်စေသည့် နည်းလမ်းမှာ ကိုယ့်အားကိုယ်ကိုးသည့် အလေ့အထကောင်းကို ရရှိ စေသည့်အပြင် အမှန်တကယ်ဆင်းရဲသူများအတွက် အထောက်အပံ့ ကောင်းဖြစ်စေသည့် မှန်ကန်သောနည်းလမ်းဖြစ်သည်ကို တွေ့ရှိ ရသည်။ အလုပ်လုပ်ချင်စိတ်ရှိသူများအတွက် ဆင်းရဲတွင်းမှ အမှန်တကယ်လွတ်မြောက်နိုင်စေမည်ဖြစ်ပါသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေ သည့် ကျေးရွာချင်းဆက်လမ်း၊ ကုန်ထုတ်လမ်း၊ ရေရရှိရေးလုပ်ငန်းများ၊ လူထုဗဟိုပြုစီမံကိန်း၊ Cash for Work စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(Village Development Project-VDP)များမှာ ကျေးရွာ ပြည်သူ၏ လုပ်သားအင်အား ပူးပေါင်းပါဝင်စေခြင်းဖြင့် လုပ်ခလစာ ရရှိစေသည့်နည်းလမ်းကို ကျင့်သုံးလျက်ရှိသော စီမံကိန်းများဖြစ်ပြီး မြစိမ်းရောင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေစီမံကိန်း၏ အတိုးရငွေ ဖြင့်လည်း ကျေးရွာအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ (ဆက်လက်ဖော်ပြပါမည်)
- Log in to post comments