
ဂျကာတာ အောက်တိုဘာ ၃
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းရှိ လာဝူတောင်တွင် တောမီးလောင်မှုသည် ဟက်တာ ၁၁၀၀ အထိ ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း အောက်တိုဘာ ၃ ရက် တွင် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရ သည်။
ပင်လယ်ရေမျက်နှာပြင် အထက် ၃၂၆၅ မီတာ မြင့်ပြီး ခြေလျင်တောင်တက်ခရီးသည်များအား ဆွဲဆောင်ရာနေရာတစ်ခုဖြစ်သည့် အဆိုပါတောင်မှာ ဂျာဗားပြည်နယ်အလယ်ပိုင်း ကာရန် ဂန်ယာဒေသနှင့် အရှေ့ဂျာဗားပြည်နယ် မီဂါတန်နှင့် ငွါဝီဒေသတို့၏ နယ်စပ်တွင် ရှိသည်။ တောမီးလောင်ကျွမ်းမှုကြောင့် ထိခိုက်သေဆုံးသူမရှိကြောင်းနှင့် မီးကို ထိန်းချုပ် ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
အရှေ့ဂျာဗားပြည်နယ် ဘေးအန္တရာယ်လျော့ပါး ရေးအေဂျင်စီ၏ ယာယီအကြီးအကဲဖြစ်သူ ဂတ်တော့ ဆို ဘရိုတို၏ ပြောကြားချက်အရ ပြီးခဲ့သည့် သောကြာနေ့က အရှေ့ဂျာဗားပြည်နယ်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဂျာဗားပြည်နယ် အလယ်ပိုင်းသို့ ကူးစက်ပျံ့နှံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ငွါဝီရဲတပ်ဖွဲ့အကြီးအကဲ အာဂို ဝီယိုနိုသည် ၎င်းတို့ အနေဖြင့် တောမီးလောင်ကျွမ်းရခြင်း အကြောင်းရင်း ကို စုံစမ်းစစ်ဆေးနေကြောင်း ပြောသည်။
ဆင်ဟွာ