
ဂျကာတာ စက်တင်ဘာ ၈
အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာအနီး တန်ဂျီရန် မြို့ရှိ အကျဉ်းထောင်တစ်ခုအတွင်း ယနေ့ မီးလောင်မှု ဖြစ်ပွားခဲ့ရာ အကျဉ်းသား ၄၁ ဦး သေဆုံးပြီး ၈၀ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။
အဆိုပါထိခိုက်ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ရကြောင်းနှင့် ယင်းတို့ အနက် ရှစ်ဦးသည် စိုးရိမ်ရသည့်အခြေအနေတွင် ရှိကြောင်း ဂျကာတာမြို့တော် ရဲချုပ် ဖာဒီအီရန်က ပြောသည်။
သေဆုံးသူ ၄၁ ဦးအနက် ပေါ်တူဂီနှင့် တောင် အာဖရိကနိုင်ငံခြားသား အကျဉ်းသားနှစ်ဦး ပါဝင် သည်။
စက်တင်ဘာ ၈ ရက် ဒေသစံတော်ချိန် နံနက် ၂ နာရီ မိနစ် ၂၀ တွင် မီးစတင်လောင်ခဲ့ပြီး နံနက် ၃ နာရီခွဲတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် ကြောင်း အကျဉ်းထောင်တာဝန်ရှိသူများက ဆိုသည်။
အဆိုပါအကျဉ်းထောင်အား ၁၉၇၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး လျှပ်စစ်မီးသွယ်တန်း ထားရှိမှုကို အကျဉ်းထောင်တည်ဆောက်ပြီးသည့်အချိန်မှစပြီး တစ်ကြိမ်တစ်ခါမျှ အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းမရှိခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ ဥပဒေနှင့် လူ့အခွင့်အရေးဝန်ကြီး ယာဆိုနာလာ အိုလီက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
ထို့ပြင် အကျဉ်းသား ၄၀ သာ ဝင်ဆံ့သည့် အဆိုပါအဆောက်အအုံ၌ အကျဉ်းသား ၁၂၂ ဦး ထားရှိခြင်းကြောင့် မီးလောင်မှုဖြစ်ပွားရာတွင် အကျဉ်းသား ၄၁ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ဥပဒေနှင့် လူ့အခွင့်အရေးဝန်ကြီး ဌာန၏ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ရီကာ အာပရီရန်တီက ဆိုသည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားသည့် အဆိုပါ အဆောက်အအုံ၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများနှင့်သက်ဆိုင်သည့် ပြစ်မှု ကျူးလွန်သူများအား ထားရှိကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အောင်ကျော်ကျော်