
တိုကျို သြဂုတ် ၁
အင်အားအလွန်ပြင်းထန်သော တိုင်ဖွန်းမုန်တိုင်း တစ်ခုသည် ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါခရိုင် သို့ ချဉ်းကပ်လာနေပြီဖြစ်ကြောင်းနှင့် လေပြင်း တိုက်ခတ်ခြင်းများ၊ မုန်တိုင်းဒီရေများနှင့် လှိုင်းကြီး ခြင်းများကို သတိထားကြရန် ပြည်သူများကို သက်ဆိုင်ရာအာဏာပိုင်များက တိုက်တွန်းထား သည်။
သြဂုတ် ၁ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီမှ စကာ တိုင်ဖွန်းမုန်တိုင်းခါနွန်သည် ခရိုင်မြို့တော် နာဟာစီးတီး၏ တောင်-အရှေ့တောင်ဘက် ကီလို မီတာ ၁၃၀ အကွာပင်လယ်ပြင်တွင် ရှိနေသည်ဟု ဂျပန်မိုးလေဝသအေဂျင်စီက ပြောသည်။
အဆိုပါ မုန်တိုင်းသည် တစ်နာရီလျှင် လေတိုက်နှုန်း ၁၅ ကီလိုမီတာနှုန်းဖြင့် အနောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားလျက်ရှိသည်။
မုန်တိုင်း၏ အလယ်ဗဟိုချက်အနီးတွင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၈၀ ကီလိုမီတာ အထိ ရှိကြောင်းနှင့် အလယ်ဗဟိုတွင် ၂၅၂ ကီလို မီတာအထိ တိုက်ခတ်နိုင်ကြောင်းသိရသည်။
တိုင်ဖွန်း ခါနွန်သည် ဆက်လက်အင်အားကောင်း လျက်ရှိကာ သြဂုတ် ၁ ရက်မှ ၂ ရက်အတွင်း အိုကီနာဝါသို့ အလွန်နီးကပ်စွာ ဝင်ရောက်တိုက်ခတ် မည်ဖြစ်သည်။
အိုကီနာဝါဒေသ၌ အင်္ဂါနေ့တွင် အများဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၄၄ ကီလိုမီတာ အထိရှိပြီး အမာမီဒေသတွင် ၉၀ ကီလိုမီတာ အထိရှိသည်။ အိုကီနာဝါ၌ မုန်တိုင်းအလယ်ဗဟို လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၂၁၆ ကီလိုမီတာ နှင့် အမာမီကျွန်း၌ ၁၂၆ ကီလိုမီတာအထိရှိ သည်။
သြဂုတ် ၂ ရက်တွင် အိုကီနာဝါဒေသ၌ မုန်တိုင်း အလယ်ဗဟိုလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၂၃၄ ကီလိုမီတာရှိမည်။ လေပြင်းတိုက်ခတ်မှုများကြောင့် အိမ်အချို့ ပျက်စီးနိုင်ကြောင်း မိုးလေဝသအရာရှိ များက ဖော်ပြထားသည်။
မုန်တိုင်းကြောင့် အိုကီနာဝါတွင် မိုးကြိုး ပစ်ခြင်းများနှင့် ရေကြီးခြင်းများ ဖြစ်ပေါ်နိုင် သည်။
အင်န်အိတ်ခ်ျကေ