
အင်ကာရာ ဖေဖော်ဝါရီ ၇
တူကီယဲနှင့် အိမ်နီးချင်း ဆီးရီးယားနိုင်ငံတို့တွင် ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက လှုပ်ခဲ့သော ငလျင် ကြောင့် ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲအထိ သေဆုံးသူ ၅၀၀၀ ကျော်နှင့် ဒဏ်ရာရရှိသူ သောင်းချီအထိ ရှိလာပြီဖြစ်သည်။
တူကီယဲတွင် သေဆုံးသူ ၃၄၁၉ ဦး အထိ မြင့်တက်လာပြီဖြစ်ကြောင်း ဒုတိယသမ္မတ ဖူအက် အော့တေးက ပြောသည်။ ထို့အပြင် ဒဏ်ရာရရှိသူ ၂၀၅၃၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။ အင်အားပြင်းငလျင်များလှုပ်ခြင်း ကြောင့် အဆောက်အအုံပေါင်း ၅၇၇၅ လုံးပျက်စီးခဲ့ ကြောင်း သဘာဝဘေးဒုက္ခနှင့် အရေးပေါ်စီမံခန့်ခွဲ ရေးအာဏာပိုင်အဖွဲ့က ပြောသည်။
တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန်သည် ငလျင်ကြောင့်သေဆုံးခဲ့သူများအတွက် ခုနစ်ရက် ကြာ နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ကြေညာခဲ့သည်။ ထို့ပြင် ငလျင်ဒဏ်သင့်ဒေသများ အတွက် သုံးလတာ နိုင်ငံတော်အရေးပေါ်အခြေ အနေ ကြေညာခဲ့သည်။
အိမ်နီးချင်း ဆီးရီးယားနိုင်ငံတွင်လည်း လူပေါင်း ၁၅၀၀ ကျော်သေဆုံးခဲ့ပြီး ၃၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယားကျန်းမာရေးဝန်ကြီး ဌာနနှင့် ဒေသအာဏာပိုင်များက ပြောကြားခဲ့သည်။
ကမ္ဘာ့နိုင်ငံများနှင့် ကမ္ဘာလုံးဆိုင်ရာအကူအညီပေးရေးအေဂျင်စီများသည် ငလျင်ဒဏ်သင့်ဒေသ များသို့ အကူအညီများပေးရန် ကမ်းလှမ်းထားသည်။
တရုတ်နိုင်ငံအပါအဝင် အီရန်၊ အီဂျစ်၊ တူနီးရှား၊ ရုရှား၊ ပြင်သစ်နှင့် တခြားနိုင်ငံများက တူကီယဲနှင့် ဆီးရီးယားတို့ကို ကူညီရန် စိတ်အားထက်သန် လျက်ရှိသည်။
ရက်ချ်စတာစကေး ၇ ဒသမ ၈၊ ၇ ဒသမ ၆ နှင့် ၆ ဒသမ ၄ အဆင့်ရှိ ငလျင်များသည် ဖေဖော်ဝါရီ ၆ ရက်အစောပိုင်းက တူကီယဲနှင့် ဆီးရီးယားနိုင်ငံ တို့တွင် လှုပ်ခဲ့သည်။
ဖိလစ်ပိုင်ရှာဖွေ၊ ကယ်ဆယ်၊ ထောက်ပံ့ ရေးအဖွဲ့ ၈၅ ဦးကို တူကီယဲနိုင်ငံသို့ စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း သမ္မတ ဖာဒီနန် ရိုမူဒက်ဇ် မားကော့စ်က ဖေဖော်ဝါရီ ၇ ရက်က ပြောသည်။
ထို့အတူ တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့သည် လည်း ငလျင်ဒဏ်သင့်သူများကို ကူညီရန် ဖေဖော်ဝါရီ ၇ ရက်က ငလျင်လှုပ်ခတ်ရာ ဒေသများ သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ