အနာဂတ်ကွက်လပ်များ၏ အဖြေ

Type
1

 

ဇင်ငြိမ်း
 

 

ကျောင်းများပြန်ဖွင့်


လာမယ့်မေလထဲမှာ  တက္ကသိုလ်တွေ    ပြန်ဖွင့် ပါတော့မယ်။      ကျောင်းတွေပိတ်ထားရတော့ ကျောင်းသား ကျောင်းသူတွေအတွက် နစ်နာလှပါ တယ်။ အချိန်ဆိုတာက ပြန်ရနိုင်တဲ့အရာမဟုတ် တော့ ပညာသင်ရမယ့်အရွယ်မှာ အချိန်တွေဆုံးရှုံး ကုန်တာ အစားထိုးမရနိုင်တော့ပါဘူး။


ကိုဗစ်-၁၉ ဖြစ်လို့ ကျောင်းတွေပိတ်ထားတုန်းက ငွေကြေးတတ်နိုင်တဲ့သူတွေကတော့ နိုင်ငံခြားမှာ ကျောင်းသွားတက်ကြ၊ ပုဂ္ဂလိကကျောင်းကြီးတွေမှာ တက်ကြနဲ့ပေါ့။ တတ်နိုင်တာကိုး။ ဘာပဲဖြစ်ဖြစ် သူ့အသက်အရွယ်နဲ့သူ        ကျောင်းထားနိုင်တာ ကောင်းပါတယ်။ ဘယ်မိဘမဆို ကိုယ့်သားသမီး၊ သူ့သားသမီး   ကျောင်းထားချင်ကြတာပဲမဟုတ် လား။ ပညာရေးဆိုတာက ကလေးတွေအတွက် အနာဂတ်တွေပဲလေ။ အထူးသဖြင့် ငွေကြေးချို့တဲ့ တဲ့မိသားစုတို့၊     ငွေကြေးအသင့်အတင့်ရှိသူတွေ အတွက်ကတော့  ကလေးတွေရှေ့ရေး  အနာဂတ် ရင်းနှီးမြှုပ်နှံမှုဆိုတာ  ပညာရေးကလွဲလို့   အခြား ရွေးချယ်စရာနည်းလမ်း နည်းလှပါတယ်။ မရှိတာ တော့ မဟုတ်ပါဘူး။ သက်မွေးပညာရေးဖြစ်ဖြစ်၊ ကျောင်းပြင်ပပညာရေးတို့ဆိုတာတော့ ရှိတာပေါ့။ ဒါပေမယ့် သာမန်အားဖြင့်တော့ ပုံမှန်ပညာရေးကိုပဲ သင်ကြားပေးချင်ကြတာကိုး။ အခုလို ကျောင်းဖွင့် တော့မယ်ဆိုတော့ ကျောင်းသား ကျောင်းသူတွေ အတွက် ဝမ်းသာမိပါတယ်။

 


ပညာရှာကြရာဝယ်


တစ်ကမ္ဘာလုံးမှာ ကိုဗစ်-၁၉ ဖြစ်လို့ ကျောင်း တွေပိတ်ထားရလို့   ပညာရေးအတွက်   အကျပ် အတည်းဖြစ်နေကြတာ အာလုံးလိုလိုပါ။ ဒီလိုကာလ မှာ ပညာရေးအတွက် အဟန့်အတားမဖြစ်စေချင် ပါဘူး။ ပညာရေးအခွင့်အလမ်းတွေ မဆုံးရှုံးစေချင် ဘူး။ အချိန်ရှိခိုက် လုံ့လစိုက်ပြီး ကြိုးစားသင်ယူစေ ချင်ပါတယ်။ တတ်နိုင်တဲ့သူတွေကတော့ တတ်နိုင် သလို စဉ်းစားကြပေါ့။ ဘယ်သူမဆို ဒီထက်တတ်နိုင် ရင်တော့    နိုင်ငံတကာအဆင့်မီကျောင်းကြီးတွေ၊ တက္ကသိုလ်ကြီးတွေဆီပို့ပြီး သင်ကြားစေချင်တာပဲ။ ဖြစ်နိုင်ရင်   ဟားဗက်တက္ကသိုလ်ဆီအထိ   ပို့ပြီး သင်စေချင်တာပေါ့။ 

 


အကောင်းဆုံးကျောင်းတွေ၊ တက္ကသိုလ်တွေမှာ ထားပြီး  အကောင်းဆုံးပညာတွေ  လူတိုင်းလိုလို ယူချင်ကြတာပေါ့။ ဒါပေမယ့် အဲဒီလိုကျောင်းတွေမှာ တက်ဖို့အခွင့်အရေးတွေမရလို့၊  လက်လှမ်းမမီလို့၊ အခြေအနေမပေးလို့ဆိုပြီး  ပညာမရှာဘဲနေလို့မှ မရတာ။ ပညာဆိုတာ ရှာတတ်ရင်၊ ရှာချင်စိတ်ရှိရင် ဘယ်နေရာမဆို ရပါတယ်။ တစ်ခုတော့ရှိတာပေါ့ လေ။ ပညာရေးစနစ်တွေ၊ ကျောင်းတွေရဲ့ သင်ကြားမှု တွေအလိုက် ပညာရရှိမှုနဲ့ အရည်အသွေးကတော့ ကွာပါလိမ့်မယ်။ အကောင်းဆုံးကျောင်းမှာ သင်ယူ ရတာနဲ့ အခြားကျောင်းမှာ သင်ယူရတဲ့ရလဒ်ကတော့ မတူနိုင်ဘူးပေါ့။ ဒါပေမယ့်  ဘယ်ကျောင်းမှလည်း မတက်၊ ပညာလည်းမရှာဆိုရင်တော့  ဘယ်လိုလုပ် ပညာတတ်မှာလဲ။ အတတ်နိုင်ဆုံးကြိုးစားပြီး  ပညာ ကို ရအောင်ရှာမှ ပညာကိုတွေ့မှာပေါ့။ ပညာက တော့    ခြေထောက်ပေါက်ပြီး   ကိုယ့်ဆီလာမှာ မဟုတ်ဘူး။

 


 ဝေးလံခေါင်းပါးတဲ့ဒေသက ကလေးငယ်တွေ၊ မငြိမ်းချမ်းတဲ့ဒေသက ကလေးတွေဆို ဘယ့်နှယ် လုပ်ကြမလဲ။ သူတို့လေးတွေ ကျောင်းမတက်ချင် ကြတာမဟုတ်ဘူး၊ ကျောင်းတက်ဖို့အခြေအနေနဲ့ အခွင့်အရေးမရကြတာ။  တချို့ဆို ကိုယ့်အတိုင်း အတာနဲ့ကိုယ် လက်လှမ်းမီရာ သင်ကြားကြရတယ်။ ဘုန်းကြီးကျောင်းရှိရင်   ဘုန်းကြီးကျောင်းပညာ ရေးပေါ့။ လုံးဝပညာမသင်ခဲ့ရတဲ့သူတွေဆို အသက် ကြီးလာမှ ‘အ’ သုံးလုံးတောင်သင်ပြီး ပညာရှာခဲ့ကြ ရတာ မှတ်မိကြဦးမယ်။ 

 


အဲဒီတော့    ပညာရှာတယ်ဆိုရာမှာ   ဒီလိုပဲ လက်လှမ်းမီရာကနေရှာမှ ပညာတွေရမှာပါ။ အချို့ ဆို  ကျောင်းတွေပိတ်ထားတော့   အွန်လိုင်းကနေ တောင် သင်ယူနေကြရတာ။ အခုဆို ကျောင်းတွေ ပြန်ဖွင့်တော့မယ်။ ကျောင်းတွေဖွင့်လို့ ကျောင်းတက် ကြ၊  ပညာရှာကြတာပါ။  ပညာကို   ကိုယ်သင်မှ ကိုယ်တိုင်က    ပညာတတ်ဖြစ်မှာပါ။   ပညာကို နည်းနည်းရ နည်းနည်းသင်၊ များများရ များများ သင်ယူရမှာပေါ့။ ဘာပညာမှမသင်ရင်တော့ ဘယ်လို ပညာတတ်ဖြစ်တော့မလဲ။

 


ခွဲခြားမြင်ဖို့လို


ဒီနေရာမှာ တစ်ခုခွဲခြားမြင်ဖို့က ကျောင်းဖွင့်လို့ ကျောင်းတက်တာဟာ  နိုင်ငံရေးနဲ့  မဆိုင်ပါဘူး။ ပညာရေးနဲ့  နိုင်ငံရေးကို   ခွဲခြားမြင်ကြရမှာပါ။ ကိုယ်တိုင်က ပညာသင်ခြင်း/မသင်ခြင်းက ကိုယ့်ရဲ့ တစ်ဦးတည်းသဘောနဲ့သက်ဆိုင်လို့ ကြိုက်သလို ဆုံးဖြတ်နိုင်ပါတယ်။ အခြားသူတွေ ကျောင်းတက် တာဟာ သူတို့ကိုယ်ပိုင်ဆန္ဒဖြစ်တဲ့အတွက် အခြား သူတွေရဲ့သဘောဆန္ဒကို လေးစားခြင်းဟာ ယဉ်ကျေး တဲ့ လူ့အသိုက်အဝန်းရဲ့ ကျင့်ဝတ်တစ်ခုဖြစ်ပါတယ်။ အပြန်အလှန်လေးစားခြင်းနဲ့    ကိုယ့်ဂုဏ်ကိုယ် မြှင့်ကြရပါတယ်။ ကျောင်းတက်တာ၊ ပညာရှာတာ က သူတစ်ပါးကို ထိခိုက်စေ၊ နစ်နာစေတဲ့လုပ်ရပ် မဟုတ်ပါဘူး။ နောက်ပြီး  ကျောင်းသား  ကျောင်းသူ တွေ ကျောင်းတက်ပြီး   ပိုပြီးပညာတတ်လေ    သူတို့ အနာဂတ်တွေ၊   နိုင်ငံရဲ့အနာဂတ်တွေကို   ပိုပြီး မျှော်လင့်နိုင်မှာမဟုတ်လား။ 

 


၈၈ အရေးအခင်းဖြစ်တော့ ကျောင်းတွေ သုံးနှစ် လောက်ပိတ်ခဲ့တာကို  ကြုံဖူး၊  ကြားဖူးကြမှာပါ။ ကျောင်းပိတ်ထားတဲ့ သုံးနှစ်အတွင်းမှာ ဘဝတွေ အမျိုးမျိုးပြောင်းသွားတာကို တွေ့ခဲ့ရတယ်။ အဲဒီ ကာလက အခုခေတ်လို အွန်လိုင်းသင်ကြားတာတွေ မရှိသေးတော့ ကျောင်းဖွင့်တဲ့အထိ ထိုင်စောင့်ကြရ တယ်။ အခုလည်း ကိုဗစ်-၁၉ ဖြစ်လို့ ကျောင်းတွေ ပိတ်တော့ မိဘတွေရော၊ ကျောင်းသားတွေအတွက် ရော နစ်နာလှပြီ။ ငုတ်တုတ်ထိုင်နေရင်း အသက်တွေ ကြီးလာကြတယ်။ ကျောင်းပြီးရမယ့်အချိန်မှာ ကျောင်း က   မပြီးသေး၊   လုပ်ငန်းခွင်လည်း    ဝင်မရနဲ့။ ကျောင်းတွေ ပိတ်ထားရတဲ့အတွက်  ပထမဆုံးနစ်နာ သွားတာက    ကျောင်းသား  ကျောင်းသူတွေပါ။ အဲဒီအကျိုး ဆက်က သူ့ဘဝတစ်လျှောက်လုံးအထိ ထိခိုက်စေပါတယ်။  ရည်မှန်းချက်တွေ  ပျောက်သွား ကြ၊  ဘဝလမ်းကြောင်းတွေ လွဲသွားကြ၊ ထိခိုက်ကြနဲ့ ကြုံခဲ့ရပြီးပြီ။   ဒုတိယထိခိုက်တာ   မိဘတွေပါပဲ။ သားသမီးတွေအပေါ်ထားတဲ့ မိဘတွေရဲ့စိတ်ကူးတွေ၊ အိပ်မက်တွေ  လွဲခဲ့ရတယ်။  အချိန်တွေ၊  ငွေတွေ၊ လုပ်အားတွေ ဆုံးရှုံးခဲ့ရပါတယ်။

 


တတိယနစ်နာတာကတော့ နိုင်ငံပါ။ အခြားနိုင်ငံ တွေနဲ့   ရင်ပေါင်တန်းဖို့ဆိုတာ   စိတ်ကူးနဲ့မရဘူး။ ပါးစပ်ပြောနဲ့မရနိုင်ပါဘူး။ လက်တွေ့တည်ဆောက် ဖို့၊  ဖန်တီးဖို့လိုပါတယ်။   ရည်မှန်းချက်တွေကို အထောက်အကူဖြစ်တဲ့ လက်တွေ့လုပ်ဆောင်ချက် တွေဖြစ်မှ ရည်မှန်းသလို အကောင်အထည်ပေါ်လာ မှာပါ။ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေးကအစ ကောင်းမွန်တဲ့လူမှုပတ်ဝန်းကျင်တစ်ခု ဖြစ်ဖို့ဆိုတာက ပညာကိုအခြေခံမှ တိုးတက်မှာပါ။ ဒီတော့ နိုင်ငံရေးနဲ့ ပညာရေးကို ခွဲခြားရှုမြင်ကြဖို့ လိုပါတယ်။   ပညာရေးဟာ   နိုင်ငံရေးအတွက်     အသုံးချတဲ့နည်းလမ်းတစ်ခု မဟုတ်ပါဘူး။

 


ရင်ပေါင်တန်းနိုင်ဖို့


ဒီကနေ့  ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်တဲ့ နိုင်ငံဖြစ် ဖို့ဆိုရင် ပညာရှင်တွေ၊ ပညာတတ်တွေ၊ နည်းပညာ တွေ၊ ကျွမ်းကျင်လုပ်သားတွေနဲ့ပဲ  တည်ဆောက်ရ တာ မျက်မြင်ပါပဲ။ အာရှမှာဆို တိုးတက်ပါတယ်ဆိုတဲ့ ဂျပန်၊  တောင်ကိုရီးယား၊   စင်ကာပူနိုင်ငံတွေကို ကြည့်ကြည့်ပါ။ ပညာအပေါ် အခြေခံတည်ဆောက် ထားကြတာ။ စင်ကာပူနိုင်ငံဆို အားကျအတုယူစရာ ကောင်းလှပါတယ်။ နိုင်ငံရဲ့အကျယ်အဝန်းက သေး၊ လူဦးရေက နည်း၊ သဘာဝသယံဇာတက  မထွက်၊ ဒါပေမယ့်   ကမ္ဘာ့အဆင့်မီ    တိုးတက်နေပါတယ်။ ကမ္ဘာ့အဆင့်မီပညာရေးစနစ်ရှိနေပါတယ်။ ပညာ မသင်ဘဲနဲ့၊   ပညာမတတ်ဘဲနဲ့   ကိုယ့်ကိုယ်ကိုယ် ဘယ်လိုတည်ဆောက်ကြမလဲ၊  နိုင်ငံကို ဘယ်လို တည်ဆောက်ကြမလဲ။     တိုးတက်တဲ့နိုင်ငံတွေ ဘယ်လိုရင်ပေါင်တန်းကြမလဲ။  

 


ကိုလိုနီအုပ်ချုပ်မှုအောက်မှာ       ဗိုလ်ချုပ် အောင်ဆန်းတို့၊ ဦးသန့်တို့ ပညာသင်ယူခဲ့ကြတာပဲ။ ကမ္ဘာသိပုဂ္ဂိုလ်တွေ ဖြစ်ခဲ့ကြတယ်။ ကိုလိုနီခေတ်မှာ ကိုလိုနီနိုင်ငံဖြစ်တဲ့ အင်္ဂလန်ကိုတောင် ပညာတော် သင် သွားခဲ့ကြပြီး ထိတ်ထိတ်ကြဲပညာတတ်ကြီးတွေ ဖြစ်ခဲ့ကြတာ။   မြန်မာနိုင်ငံကို   နယ်ချဲ့တဲ့နိုင်ငံက ပညာမို့လို့ မသင်ဘဲနေခဲ့ကြလို့လား။ အဲဒီပညာတွေ ကပဲ အမှား/အမှန် ခွဲခြားတတ်လာတယ်၊ စဉ်းစား တွေးခေါ်တာတွေ ရလာတယ်၊ ကျွမ်းကျင်မှုတွေ ရလာတယ်၊ ကမ္ဘာ့အမြင်တွေရလာတယ်၊ ကိုယ့်နိုင်ငံ အကြောင်း ရှင်းရှင်းလင်းလင်းသိလာတယ်။ အဲဒီလို မှ မသင်ခဲ့ကြရင် ပညာတတ်မျိုးဆက်တွေ ရှိပါဦး မလား။ ပညာတတ်မျိုးဆက်တွေ ပြတ်သွားရင် ဘယ်သူတွေနဲ့  အစားထိုးကြမလဲ။  မတွေးဝံ့စရာ ပါပဲ။

 


နောက်တစ်ခုက   အခုဖွင့်တဲ့ကျောင်းတွေရဲ့ ပညာရေးစနစ်တွေ၊ သင်ရိုးညွှန်းတမ်းတွေဆိုတာက အခုမှ ရေးဆွဲတာလည်းမဟုတ်။ စနစ်သစ်ပညာ ရေးကလည်း      အခုမှပြောင်းလိုက်တာမဟုတ်။ ကျောင်းတက်ချိန်ကာလ အပြောင်းအလဲတွေတော့ ရှိတာပေါ့။   ကျောင်းသား   ကျောင်းသူလေးတွေ ကျောင်းတွေမတက်ကြလို့  ဖြစ်လာနိုင်တဲ့  ရေတို၊ ရေရှည်အကျိုးဆက်တွေက အများကြီး။ တစ်ဦးချင်း တစ်ယောက်ချင်းကို        ထိခိုက်ရုံတင်မကဘူး၊ကောင်းမွန်တဲ့လူ့အသိုက်အဝန်းဖြစ်ဖို့၊ ပညာတတ် မျိုးဆက်တွေ  မွေးထုတ်ဖို့၊  နိုင်ငံတည်ဆောက်ဖို့ ဆိုတာတွေအထိ     ထိခိုက်လာနိုင်တာကိုလည်း စဉ်းစားကြရမှာပါ။     ပညာရေးတည်ဆောက်ဖို့၊ ပညာတတ်လူသားရင်းမြစ်တွေ မွေးထုတ်ဖို့ဆိုတာ အခုရေတွင်းတူး အခုရေကြည်သောက်လို့ မရနိုင်ပါ ဘူး။ အချိန်တွေ၊ ငွေတွေ၊ ပညာတွေ များစွာရင်းနှီး မြှုပ်နှံကြရတာပါ။ 

 


ပညာသင်ကြားဖို့အခွင့်အလမ်း


ကျောင်းတက်တာကို     တစ်ဖက်ကကြည့်ရင် နိုင်ငံရေးလုပ်ဆောင်မှုတစ်ခုလို့ ဆိုလို့ရနိုင်တာပဲ။ အနာဂတ်ခေါင်းဆောင်ကောင်းတွေ     မွေးထုတ်ဖို့ ပညာတွေသင်ပေးကြ၊ ပညာတွေသင်ယူနေကြတာ မဟုတ်လား။ ဒီတော့ သူတို့လေးတွေအတွက် ပညာ ရပ်ဝန်းတွေ၊ ပညာနယ်ပယ် ပိုပြီးကျယ်ပြန့်အောင် လုပ်မလား၊ ကျဉ်းသွားအောင်လုပ်မလား စဉ်းစား ကြရမှာပေါ့။ ပါကစ္စတန်နိုင်ငံက မာလာလာဆိုရင် အမျိုးသမီးတွေ ပညာသင်ခွင့်အတွက် လှုပ်ရှားခဲ့တာ အားလုံးသိပြီးသားပါ။   သူဆို  ပညာသင်ခွင့်ရဖို့ ဘယ်လောက်ခက်ခဲသလဲ၊ အသက်အန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဆိုလိုချင်တာက ပညာသင်ယူ ခွင့်ဆိုတဲ့အခွင့်အရေးဟာ လူတစ်ယောက်အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာပါပဲ။

 


အနာဂတ်လိုအပ်ချက်ကွက်လပ်၏ အဖြေ


အခုဆို    ကိုဗစ်-၁၉ ကြောင့်     ပိတ်ထားရတဲ့ ကျောင်းတွေ ပြန်ဖွင့်တော့မယ်ဆိုတော့ ကျောင်းသား ကျောင်းသူလေးတွေအတွက် ပီတိဖြစ်ရပါတယ်။ ဘေးမသီရန်မခ    ကျောင်းတက်စေချင်ပါတယ်။ ကြိုးစားကြစေချင်ပါတယ်။  အခုလို  ကျောင်းသား ကျောင်းသူတွေ  ကျောင်းတက်ဖို့၊  ပညာသင်ဖို့နဲ့ ပညာရှင်၊ ပညာတတ်ကြီးတွေဖြစ်အောင် ကြိုးစား ကြဖို့    စေတနာနဲ့  တိုက်တွန်းတာဟာ   နိုင်ငံရေး မဟုတ်ပါဘူး။ ပညာရေးကို ပညာရေးအမြင်နဲ့ကြည့် ပြီး   နိုင်ငံရေးကို   နိုင်ငံရေးအမြင်နဲ့  ကြည့်လို့ပါ။ တလည်းသီးများလိုပဲ သူ့အကန့်နဲ့သူ ဖြစ်သင့်ပါတယ်။ 

 


နောက်ပြီး ဘယ်အစိုးရတက်တက် ပညာရေးက မရှိမဖြစ်လိုအပ်တဲ့ ကဏ္ဍတစ်ခုဖြစ်လို့ပါ။ ပညာရေး နိမ့်ကျနေရင်လည်း တဖြည်းဖြည်းပြုပြင်ကြရမှာ ပေါ့။   ပညာရေးပြုပြင်မယ်ဆိုရင်   ပညာရှင်တွေ၊ ပညာတတ်တွေ လိုအပ်လာဦးမယ်။ နိုင်ငံရဲ့ အခြား တည်ဆောက်ရေးတွေမှာလည်း     ပညာရှင်တွေ၊ ပညာတတ်တွေ၊  ကျွမ်းကျင်သူတွေ   လိုအပ်လာ ဦးမယ်။  အဲဒီလို  နိုင်ငံအနာဂတ်လိုအပ်ချက်ကို ဘာနဲ့အစားထိုးကြမလဲ။ အဲဒီကွက်လပ်ရဲ့အဖြေ ဟာ ဒီကနေ့ ကျောင်းသား ကျောင်းသူတွေပဲလို့သာ ဆိုချင်ပါတယ်။        ။