
ဦးကျော်ကျော် (တရားရေး)
ကုန်အမှတ်တံဆိပ်များကို အကာအကွယ်ပေးခြင်း၏ ရည်ရွယ်ချက်များမှာ လုပ်ငန်းရှင်များ၏ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအမှတ်တံဆိပ်များကို အသုံးပြုသူများ၏ လုပ်ငန်းအပေါ် အများ၏ ယုံကြည်မှုကို ထိန်းသိမ်းပေးခြင်း၊ ကုန်အမှတ် တံဆိပ်ကို အကာအကွယ်ပေးခြင်းဖြင့် ပြည်တွင်း ပြည်ပမှရင်းနှီးမြှုပ်နှံမှုများ၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေခြင်း၊ ကုန်ပစ္စည်းဝယ်ယူသူနှင့် စားသုံးသူတို့၏အကျိုးကို အကာအကွယ်ပေးခြင်း တို့ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဉာဏပစ္စည်းမူပိုင်ခွင့်များ အကာအကွယ်ပေးရန် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေ၊ စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ တို့ ပြဋ္ဌာန်းပြီးဖြစ်သည်။ ၂၀၁၉ ခုနှစ် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၃ ဖြင့် ပြဋ္ဌာန်းခဲ့သည့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေသည် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်အာဏာတည်ခဲ့ပြီး ဖြစ်သည်။
မူပိုင်ခွင့်အကာအကွယ်ပေးသည့် စနစ်သစ်တွင် ပေါ်ပေါက်လာမည့် မူပိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှုများ ကို စီရင်ဆုံးဖြတ်မည့် မူပိုင်ခွင့်တရားရုံးများသည် လည်း ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ကို တရားစီရင် ရေးကအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဖြစ်သည်။
မူပိုင်ခွင့် (Intellectual Property Rights) ဆိုသည်မှာ ကိုယ်ပိုင်အသိဉာဏ်ဖြင့် ပြုလုပ်သော တီထွင်ဖန်တီးမှုများကို အကာအကွယ်ပေးရန် ဥပဒေအရပေးအပ်သည့် အခွင့်အရေးကိုဆိုသည်။ ယင်းစကားရပ်တွင် စာပေနှင့် အနုပညာမူပိုင်ခွင့်၊ တီထွင်မှုမူပိုင်ခွင့်၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်၊ ကုန် အမှတ်တံဆိပ်မူပိုင်ခွင့်နှင့် အခြားသောမူပိုင်ခွင့် အမျိုးအစားများလည်း ပါဝင်သည်။ (ကုန်အမှတ် တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ ၂(ဈ))
အမှတ်တံဆိပ်ပိုင်ရှင်ဆိုသည်မှာ ဦးစီးဌာန၏ မှတ်ပုံတင်စာရင်းတွင် မှတ်ပုံတင်အမှတ် တံဆိပ် ပိုင်ရှင်အဖြစ် အသိအမှတ်ပြုမှတ်တမ်းတင်ခြင်း ခံရသည့်ပုဂ္ဂိုလ် သို့မဟုတ် တရားဝင်ဖွဲ့စည်းထား သော အဖွဲ့အစည်းကိုဆိုသည်။ (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ ၂(ဒ))
အခွင့်အရေးရရှိသူဆိုသည်မှာ အမှတ်တံဆိပ် ပိုင်ရှင်၊ ကျော်ကြားသော အမှတ်တံဆိပ်ပိုင်ရှင်၊ ဒေသဆိုင်ရာအညွှန်းပိုင်ရှင်၊ ကုန်သွယ်မှုအမည် ပိုင်ရှင်၊ မှတ်ပုံတင်ထားသော အမှတ်တံဆိပ်မူပိုင်ခွင့် ဆိုင်ရာ အခွင့်အရေးကို လွှဲပြောင်းပေးခြင်းခံရသူ သို့မဟုတ် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်း ခံရသူအဖြစ် မှတ်ပုံတင်ထားသော အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးရရှိသည့် လူပုဂ္ဂိုလ် တစ်ဦးဦးသို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုခုကိုဆိုသည်။ (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေပုဒ်မ ၂(ဓ))
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအရ
အကာအကွယ်ပေးထားသော အမှတ်တံဆိပ်များ
အမှတ်တံဆိပ်ဆိုသည်မှာ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုကို အခြား သော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်း များနှင့် ခွဲခြားသိရှိစေနိုင်သော ကိုယ်ပိုင်အမည် နာမများ၊ အက္ခရာများ၊ ကိန်းဂဏန်းများ၊ ပုံဖော် ထားသောအစိတ်အပိုင်းများ၊ အရောင်အသွေး ပေါင်းစပ်မှုတို့အပါအဝင် မျက်စိဖြင့်မြင်တွေ့နိုင် သော အမှတ်အသား တစ်ခုခုကိုသော်လည်းကောင်း၊ ယင်းအမှတ်အသားတစ်ခုနှင့် တစ်ခုပေါင်းစပ်ထား သည့် အမှတ်အသား တစ်ခုခုကိုသော်လည်းကောင်း ဆိုသည်။ ယင်းစကားရပ်တွင် ကုန်အမှတ်တံဆိပ်၊ ဝန်ဆောင်မှုအမှတ်တံဆိပ်၊ စုပေါင်းပိုင်အမှတ် တံဆိပ်နှင့် အသိအမှတ်ပြုအမှတ်တံဆိပ်တို့လည်း ပါဝင်သည်။ (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ ၂(ည))
ကုန်အမှတ်တံဆိပ်ဆိုသည်မှာ ကုန်သွယ်မှု လုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ငန်းတစ်ခု၏ ကုန်ပစ္စည်းများကို အခြားသောလုပ်ငန်းများ၏ ကုန်ပစ္စည်းများမှ ခွဲခြားသိရှိစေနိုင်သော အမှတ် တံဆိပ်တစ်ခုခုကိုဆိုသည်။ (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ ၂(ဋ))
ဝန်ဆောင်မှုအမှတ်တံဆိပ်ဆိုသည်မှာ ဝန်ဆောင် မှု လုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ငန်းတစ်ခု၏ ဝန်ဆောင်မှုများကို အခြားသောလုပ်ငန်းများ၏ ဝန်ဆောင်မှုများမှ ခွဲခြားသိရှိစေနိုင်သော အမှတ် တံဆိပ်တစ်ခုခုကိုဆိုသည်။ (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေပုဒ်မ ၂(ဌ))
စုပေါင်းပိုင်အမှတ်တံဆိပ်ဆိုသည်မှာ စက်မှု လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများသို့မဟုတ် ကုန်သည်များဖြင့်စုစည်းထားသော အဖွဲ့အစည်း၊ အသင်းအဖွဲ့ သို့မဟုတ် လူမှုစီးပွားရေးအဖွဲ့အစည်း များ သို့မဟုတ် သမဝါယမအသင်းကဲ့သို့ စုပေါင်း ဖွဲ့စည်းထားသော အဖွဲ့အစည်းက ပိုင်ဆိုင်သည့် အမှတ်တံဆိပ်တစ်ခုခုကိုဆိုသည်။ ယင်းစကားရပ် တွင် အဆိုပါ အဖွဲ့အစည်း၏ အဖွဲ့ဝင်များပိုင်ဆိုင် သည့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများကို အခြားသောကုန်ပစ္စည်းသို့မဟုတ် ဝန်ဆောင်မှုများမှ ခွဲခြားသိရှိစေနိုင်သော အမှတ်တံဆိပ်လည်း ပါဝင် သည်။ (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေပုဒ်မ ၂(ဍ))
အသိအမှတ်ပြုအမှတ်တံဆိပ် ဆိုသည်မှာ အမှတ်တံဆိပ်တစ်ခု၏ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု၏မူရင်းဒေသ၊ အရည်အသွေး၊ အမျိုး အစားနှင့် အခြားထူးခြားသော အချက်အလက်များ နှင့် စပ်လျဉ်း၍ အမှတ်တံဆိပ်ပိုင်ရှင်က ယင်း၏ ထိန်းချုပ်မှုဖြင့် အသုံးပြုခွင့်ရှိကြောင်း အသိအမှတ် ပြုသည့် အမှတ်တံဆိပ် တစ်ခုခုကိုဆိုသည်။ (ကုန် အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ ၂(ဎ))
ဒေသဆိုင်ရာအညွှန်းဆိုသည်မှာ မူရင်းဒေသကို အထူးဖော်ညွှန်းသော အရည်အသွေး၊ ထင်ပေါ် ကျော်ကြားမှုသို့မဟုတ် အခြားထူးခြားသော ဝိသေသလက္ခဏာများပါရှိသည့် ကုန်ပစ္စည်း ထွက်ရှိရာနိုင်ငံ၊ နယ်မြေသို့မဟုတ် ဒေသမှ မူလ ထွက်ရှိသော ကုန်ပစ္စည်းဖြစ်ကြောင်း ညွှန်းပြချက် တစ်ခုခုကိုဆိုသည်။ (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေပုဒ်မ ၂(ဏ))
ကျော်ကြားသောအမှတ်တံဆိပ် ဆိုသည်မှာ သတ်မှတ်ထားသောစံနှင့်အညီ နိုင်ငံတော်တွင် လူသိများပြီးကျော်ကြားသော အမှတ်တံဆိပ်တစ်ခုခု ကိုဆိုသည်။ (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ ပုဒ်မ ၂(တ))
ကုန်သွယ်မှုအမည် ဆိုသည်မှာ ကုန်သွယ်မှု လုပ်ငန်းတစ်ရပ်နှင့်တစ်ရပ် ခွဲခြားသိရှိနိုင်ရန် ဖော်ပြသော အမည် သို့မဟုတ် သတ်မှတ်ချက်ကို ဆိုသည်။ (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၂(ထ))
ကုန်အမှတ်တံဆိပ်၏စွမ်းရည်များ
ကုန်အမှတ်တံဆိပ်သည် လက်တွေ့အရောင်း အဝယ်ပြုလုပ်ရာတွင် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများ ကို ကွဲပြားမှုရှိစေရန် အသုံးချသည့်အရာဟု ယေဘူယျသဘောသိထားကြသော်လည်း အမှန် တကယ်တွင်မူ ကုန်အမှတ်တံဆိပ်၏ လုပ်ဆောင် ချက်အနေဖြင့် -
(၁) ပစ္စည်း၏ထုတ်လုပ်ရာကို ဖော်ပြသော စွမ်းရည်
(၂) ပစ္စည်း၏ အရည်အသွေးကို အာမခံနိုင် သော စွမ်းရည်
(၃) ကြော်ငြာစွမ်းရည်များလည်း ရှိကြ သည်။
(၁) ပစ္စည်းထုတ်လုပ်ရာကိုဖော်ပြသောစွမ်းရည်
ပစ္စည်းထုတ်လုပ်ရာကို ဖော်ပြသောစွမ်းရည် ဆိုသည်မှာ ထပ်တူအမှတ်တံဆိပ်ကို အသုံးပြုထား သော ကုန်ပစ္စည်း၊ ဝန်ဆောင်မှုသည် အမြဲတစေ သက်ဆိုင်ရာ ထုတ်လုပ်သူ၊ ရောင်းချ ဖြန့်ဖြူးသူထံမှ ထွက်ရှိလာသောအရာဖြစ်ကြောင်းကို ဖော်ပြသော စွမ်းရည်ဖြစ်ပြီး၊ ကုန်အမှတ်တံဆိပ်၏ အဓိက အရေးပါဆုံးသော လုပ်ဆောင်ချက်ပင်ဖြစ်သည်။
ဝယ်ယူစားသုံးသူသည် ကုန်ပစ္စည်း၊ ဝန်ဆောင်မှု များတွင် အသုံးပြုထားသော ကုန်အမှတ်တံဆိပ်ကို ခွဲခြားကြည့်ရှုကာ မိမိလိုအပ်သော ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို ရယူကြသည်ဖြစ်ခြင်းကြောင့် အဆိုပါကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို ရောင်းချသူ အနေဖြင့်ကြည့်ပါက ကုန်အမှတ်တံဆိပ်သည် မိမိ၏ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများကို အခြားသူ၏အရာ များနှင့် ကွဲကွဲပြားပြားဖြစ်စေရန် လုပ်ဆောင်ပေး သော အရေးပါလှသည့် စွမ်းရည်ပင်ဖြစ်နေသည်။
(၂) ကုန်ပစ္စည်း၏အရည်အသွေးကို
အာမခံနိုင်သော စွမ်းရည်
ကုန်ပစ္စည်း၏ အရည်အသွေးကို အာမခံနိုင် သော စွမ်းရည်ဆိုသည်မှာ ထပ်တူအမှတ်တံဆိပ်ကို အသုံးပြုထားသော ကုန်ပစ္စည်း၊ ဝန်ဆောင်မှုသည် အမြဲတစေ ပုံသေအရည်အသွေး၊ စံနှုန်းအတိုင်း ပြည့်စုံနေသည်ဟု စိတ်ချယုံကြည်ထားသော ယုံကြည်မှုကို အာမခံပေးသည့် လုပ်ဆောင်ချက်ပင် ဖြစ်သည်။
သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်သည် ပုံမှန် အရည်အသွေး၊ စံနှုန်းကို ထိန်းသိမ်းထားသော ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများကို ထုတ်လုပ် ဆောင်ရွက်ပေးနေခြင်းဖြင့် ဝယ်ယူစားသုံးသူထံမှ ယုံကြည်စိတ်ချစွာ သုံးစွဲပေးနေမှုကို ရရှိနိုင်မည် ဖြစ်သည်။
ဝယ်ယူစားသုံးသူသည် အဆိုပါကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွင် အသုံးပြုလျက်ရှိသော အမှတ် တံဆိပ်ကို ကြည့်ရှုလိုက်ရုံမျှဖြင့် မည်သို့သော အရည်အသွေးရှိသည့် ပစ္စည်းဖြစ်ကြောင်း၊ မည်သို့ သော စံနှုန်းထားများဖြင့် ပြည့်စုံသော ဝန်ဆောင်မှု ဖြစ်ကြောင်းကို သိရှိသွားမည်ဖြစ်၍ ကုန်အမှတ် တံဆိပ်ဖြင့် အာမခံထားသော အရည်အသွေးကို အတည်ပြုကာ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုများ ရယူခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။
ထို့နောက် အချိန်ကြာမြင့် လာသည်နှင့်အမျှ အဆိုပါ အမှတ်တံဆိပ်အပေါ် ယုံကြည်မှုသည် ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၏ အရည်အသွေးကို အာမခံသည့်အရာအဖြစ် ရှုမြင်လာခြင်းပင်ဖြစ် သည်။
(၃) ကြော်ငြာစွမ်းရည်
ကြော်ငြာစွမ်းရည်ဆိုသည်မှာ ကုန်အမှတ် တံဆိပ်ကို ကြော်ငြာ၊ အရောင်းမြှင့်တင်မှုတို့တွင် အသုံးပြုခြင်းဖြင့် သက်ဆိုင်ရာလုပ်ငန်းရှင်၏ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများဖြစ်ကြောင်းကို ဝယ်ယူ စားသုံးသူတို့အား သိရှိစေကာ ဝယ်ယူသုံးစွဲမှုကို တွန်းအားပေးမြှင့်တင်စေနိုင်သည့် လုပ်ဆောင်ချက် ပင် ဖြစ်သည်။
တီဗွီ၊ သတင်းစာ၊ ဂျာနယ်နှင့် အွန်လိုင်းမီဒီယာ တို့တွင် မိမိ၏ အမှတ်တံဆိပ်ကိုအသုံးပြုထားသော ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများကို ကြော်ငြာခြင်းဖြင့် ယခင်က အဆိုပါကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို သုံးစွဲခဲ့သောစားသုံးသူတို့အတွက် ပိုမို၍ယုံကြည်မှု ကို နက်ရှိုင်းစေမည်ဖြစ်သည်။ ထို့ပြင် ယခုအချိန် အထိ မသုံးစွဲဖူးသေးသော စားသုံးသူတို့ကိုလည်း အဆိုပါအရည်အသွေးရှိပြီး ယုံကြည်စိတ်ချရ သည်ဆိုသည့် ဂုဏ်သတင်းကို ကြားသိလာစေ ခြင်းဖြင့် ဝယ်ယူသုံးစွဲလိုသော စိတ်ဆန္ဒကို တိုးပွား ဆွဲဆောင်စေမည်ဖြစ်သည်။ (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်အနှစ်ချုပ်၊ ပြည်ထောင်စုတရား လွှတ်တော် ချုပ်)
မှတ်ပုံတင်ထားသော အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများ
အမှတ်တံဆိပ်ပိုင်ရှင်သည် အခန်း (၁၁) ပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ပါက မှတ်ပုံတင်သက်တမ်းကာလအတွင်း ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေ အခန်း (၁၂) ပါ မှတ်ပုံတင် ထားသော အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့် အရေးများကို ခံစားခွင့်ရှိသည်။ (ကုန်အမှတ် တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ ၃၇)
အမှတ်တံဆိပ်ပိုင်ရှင်သည် သီးသန့်အခွင့်အရေး အဖြစ် ယင်း၏သဘောတူညီချက်မရှိဘဲ အခြားသူ တစ်ဦးက ထပ်တူ သို့မဟုတ် အလားတူသော အမှတ် တံဆိပ်ကို ထပ်တူ သို့မဟုတ် အလားတူသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတွင်အသုံးပြု၍ ကုန်သွယ်မှုပြုရာတွင် အများပြည်သူကို ထင်ယောင် ထင်မှားဖြစ်စေပါက ဤဥပဒေနှင့်အညီ ကာကွယ် တားဆီးခွင့်ရှိသည်။ မှတ်ပုံတင်ထားသော အမှတ် တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို ချိုးဖောက်သူအား ပြစ်မှုကြောင်း အရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ၊ နှစ်ရပ်လုံး အရဖြစ်စေ တရားစွဲဆိုခွင့်ရှိသည်။ မှတ်ပုံတင်ထား သည့် ကျော်ကြားသော အမှတ်တံဆိပ်ပိုင်ရှင်နှင့် အသုံးပြုထားသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများအကြား ဆက်နွှယ်မှုရှိသည်ဟု ညွှန်ပြသကဲ့သို့ ဖြစ်နေခြင်း၊ ယင်းအမှတ်တံဆိပ် ပိုင်ရှင်၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်ခြင်း အခြေအနေများနှင့် ကိုက်ညီလျှင် မှတ်ပုံတင်ထား သည့် ကျော်ကြားသော အမှတ်တံဆိပ်နှင့် ထပ်တူ သို့မဟုတ် အလားတူသော အမှတ်တံဆိပ်ကို မတူညီသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု များတွင် ယင်း၏သဘောတူညီချက်မရှိဘဲ ကုန်သွယ်မှုပြုရာတွင် အသုံးပြုခြင်းကို ကာကွယ် တားဆီးခွင့်ရှိသည်။ မှတ်ပုံတင်ထားသော အမှတ် တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို အခြားသူတစ်ဦးဦးသို့ လွှဲပြောင်းခြင်း သို့မဟုတ် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းပြုနိုင် သည်။ (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ ၃၈)
ယခုကဲ့သို့ စွမ်းရည်များရှိသော ကုန်အမှတ် တံဆိပ်ကို မူလတီထွင်ဖန်တီးသူများ သို့မဟုတ် ထုတ်လုပ်သူများအနေဖြင့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ နည်းဥပဒေများကို လေးစားလိုက်နာခြင်းဖြင့် ကုန်အမှတ်တံဆိပ်မူပိုင် ခွင့် ဥပဒေပါအခွင့်အရေးများကို ရရှိခံစားနိုင်ကြစေရန် အမှတ်တံဆိပ်ကို အကာအကွယ်ပေးခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ကူးသန်း ရောင်းဝယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန်ရည်ရွယ်၍ ကောက်နုတ်တင်ပြ အပ်ပါ သည်။ ။
- Log in to post comments