အမှတ်(၂) စက်မှုသင်တန်းကျောင်း(မန္တလေး) အဆင့်မြှင့်တင်ခြင်းစီမံကိန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ     ၉


အမှတ်(၂)စက်မှုသင်တန်းကျောင်း (မန္တလေး) အဆင့် မြှင့်တင်ခြင်း စီမံကိန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၈ ရက်   နံနက်ပိုင်းတွင်   မန္တလေးတိုင်းဒေသကြီး  မန္တလေးမြို့ရှိ   အမှတ်(၂)  စက်မှုသင်တန်းကျောင်း (မန္တလေး)၌ ကျင်းပသည်။

 


ရှေးဦးစွာ   စက်မှုဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး   ဒေါက်တာ ချာလီသန်း၊  ဒုတိယဝန်ကြီး ဦးကိုကိုလွင်၊ မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဦးသိန်းဌေး၊ မြန်မာနိုင်ငံဆိုင်ရာ   တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ သံအမတ်ကြီး    မစ္စတာချန်းဟိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ      ကောင်စစ်ဝန်ချုပ်နှင့် သင်တန်းကျောင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည့် ZHONGMEI Engineering Group Ltd. မှ တာဝန်ရှိသူတို့က သင်တန်းကျောင်း အဆင့် မြှင့်တင်ခြင်းစီမံကိန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်စေရန် တည်ငြိမ်အေးချမ်းမှု လိုအပ်သလို၊ နိုင်ငံသားများ ကလည်း အသိပညာ၊  အတတ်ပညာ  ကြွယ်ဝရန် လိုအပ်ကြောင်း၊ အထူးသဖြင့်  အသက်မွေးဝမ်းကျောင်း ပညာများ တိုးတက်မှသာ နိုင်ငံသူ၊ နိုင်ငံသားများ၏ လူမှုစီးပွားဘဝအခြေအနေ ဖွံ့ဖြိုးတိုးတက်မည်ဖြစ် ကြောင်း၊ ယနေ့ခေတ်တွင် အသက်မွေးဝမ်းကျောင်း ပညာများ၏ အခန်းကဏ္ဍသည် တစ်နေ့ထက်တစ်နေ့ ပိုမိုအရေးပါလာပြီဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန၌ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံ လိုအပ်ချက်ဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ် စက်မှု ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ် ချက်ဖြင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၏ နည်း ပညာအထောက်အပံ့ဖြင့်      တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုတွင်  စက်မှုသင်တန်းကျောင်း  ရှစ် ကျောင်းကို ထူထောင်ဖွင့်လှစ်ပြီး စက်မှုကျွမ်းကျင် လုပ်သား ၁၀၀၀ ခန့်ကို နှစ်စဉ်မွေးထုတ်ပေးလျက် ရှိသလို ကာလတို  သုံးလ   သင်တန်းများ၊ ရွေ့လျား သင်တန်းများ စသည့်အစီအစဉ်များဖြင့်  စက်မှုနှင့် အသက်မွေးပညာရပ်များကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း။

 


ယခင်က အမှတ်(၂)   စက်မှုသင်တန်းကျောင်း (မန္တလေး)တွင် ဘာသာရပ်လေးခုဖြင့် တစ်နှစ်လျှင် သင်တန်းသား ၁၆၀ လေ့ကျင့်သင်ကြားပေးလျက်ရှိ ကြောင်း၊ အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက    ဘာသာရပ်အသစ်   နှစ်ခု ထပ်တိုး၍ ဘာသာရပ် ခြောက်ခုဖြင့်  တစ်နှစ်လျှင် ကျွမ်းကျင်လုပ်သား ၂၄၀ ကို   လေ့ကျင့်သင်ကြား မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ TVET ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီ ထောက်ပံ့ပေးပါသော  တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရနှင့် သင်တန်းကျောင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် ZHONGMEI Engineering Group Ltd. မှ တရုတ် ပညာရှင်အဖွဲ့များနှင့် တာဝန်ရှိသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။ 

 


ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က မြန်မာနိုင်ငံ၏       စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း    ရပ်ဝန်းနှင့်   ပိုးလမ်းမစီမံကိန်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းအောက်တွင် တရုတ်နိုင်ငံ၏ စက်မှုကဏ္ဍဆိုင်ရာ အတွေ့အကြုံများ၊ အဆင့်မြင့်နည်းပညာများ ဝေမျှခြင်း၊ မူဝါဒပိုင်းဆိုင်ရာ များ ပူးပေါင်းချမှတ်နိုင်ရေး မြှင့်တင်ဆောင်ရွက်ခြင်း တို့ဖြင့်      ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်သူများ၏ လူမှု စီးပွားဘဝ   ဖွံ့ဖြိုးတိုးတက်ရေးအတွက်   တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုမှတစ်ဆင့် မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ လိုအပ်ချက်ပြည့်မီစေရန် TVET များမှ ကျွမ်းကျင်လုပ်သားများ     မွေးထုတ်ပေးနိုင်ရေး စဉ်ဆက်မပြတ်   ပံ့ပိုးကူညီသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ 

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက် လာသည့်   ဧည့်သည်တော်များသည်   သင်တန်း ကျောင်း၌ အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက် မည့်အခြေအနေတို့ကို လှည့်လည်ကြည့်ရှုကြသည်။ 

 


မွန်းလွဲပိုင်းတွင်   ပြည်ထောင်စုဝန်ကြီးသည် တံတားဦးမြို့နယ် မြို့သာစက်မှုဥယျာဉ်မြို့တော်သို့ ရောက်ရှိပြီး စက်မှုဇုန်တာဝန်ရှိသူများက စက်မှုဇုန် တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု အခြေအနေနှင့်  ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံတို့ကို   ရှင်းလင်းတင်ပြရာ   ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ပြောကြားပြီး Gold AYA Motors International Group Co., Ltd. ၏ SKD စနစ်ဖြင့်  မော်တော်ယာဉ်များ   တပ်ဆင် ထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ   သံအမတ်ကြီး တို့သည်   အဖွဲ့ဝင်များနှင့်အတူ   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို စက်မှုဝန်ကြီးဌာနရှိ ဆေးဝါးစက်ရုံများတွင် ထုတ်လုပ်နိုင်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များကို     အသေးစိတ်  ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။                               

သတင်းစဉ်