
အမ်း အောက်တိုဘာ ၁၇
ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ ၉၉၀၁ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို အထက(၁)ပညာရတနာခန်းမနှင့် ဆေးထိုးစုရပ်နေရာ ခုနစ်ခု၌ ယနေ့နံနက်က စတင်ဆောင်ရွက်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ဆေးများထိုးနှံပေးလျက်ရှိသည်။
အမ်းမြို့နယ်တွင် အခြေခံပညာ အထက ၁၁ ကျောင်း၊ အထကခွဲ ၁၁ ကျောင်း၊ အလက ၂၇ ကျောင်း ၊ အလကခွဲ ၂၈ ကျောင်း၊ မူလွန် ၃၅ ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းနှစ်ကျောင်း စုစုပေါင်း ၁၁၄ ကျောင်း၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ ၉၉၀၁ ဦးရှိရာ ၎င်းတို့အား ဆီနိုဗက်အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ၅၈၄၁ လုံးကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ အထက(၁)၊ စခန်းမော်(အထက)၊ တပ်တောင် (အထက)၊ မင်းတက်(အထက)၊ တလိုင်းတောင် (အထကခွဲ)ပဒဲကြော၊ ရှုး(အထက)၊ ကျောက်မြောင်း (အထက) စုရပ်နေရာခုနစ်ခု၌ ပထမအကြိမ် စတင် ထိုးနှံပေးနေခြင်းဖြစ်သည်။
ကာကွယ်ဆေးထိုးနှံရာတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေအေး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအောင်မိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် ပညာရေးမှူး ဦးကိုကြီးနှင့် တာဝန်ခံကျောင်းအုပ် ဆရာ/ဆရာမများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းပံ့ပိုးကူညီ ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ ဆေးမထိုးမီ ကျန်းမာ ရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ စနစ်တကျ ဆေးထိုးနှံပေးခြင်း၊ ဆေးထိုးပြီးလျှင် မိနစ် ၃၀ ကြာ အနားယူစေပြီးမှ ပြန်ခွင့်ပြုခြင်းတို့ကို စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။
စိုးမင်းထွန်း(ပြန်/ဆက်)