
နေပြည်တော် မတ် ၂၆
ရခိုင်ပြည်နယ် အမ်းမြို့ရှိ တိုက်ပွဲ ရှောင်စခန်းများတွင် ယာယီ နေထိုင်လျက်ရှိသော အမ်းမြို့နယ် ဒါးလက်ကျေးရွာအုပ်စုနှင့် ကဇူးကိုင်းကျေးရွာအုပ်စုများအတွင်း ရှိ ကျေးရွာများမှ နေရပ်ပြန်မည့် ယာယီတိုက်ပွဲရှောင်အိမ်ထောင်စုဝင်များကို ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်း ၁၇ မျိုး ထောက်ပံ့ပေးအပ်ခြင်း အခမ်း အနားကို ယနေ့မွန်းလွဲပိုင်းက အမ်းမြို့ရှိ အားကစားခန်းမ၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုက်ပွဲရှောင်အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားများ ပြောကြားကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ယာယီ တိုက်ပွဲရှောင် အိမ်ထောင်စုတစ်စု လျှင် ငွေကျပ် ငါးသိန်းနှုန်းဖြင့် အိမ်ထောင်စု ၃၀၇ စုတို့အတွက် ထောက်ပံ့ငွေကျပ် ၁၅၃၅ သိန်းကို ထောက်ပံ့ပေးအပ်ရာ ယာယီ တိုက်ပွဲရှောင် အိမ်ထောင်စုဝင်များ ကိုယ်စား ကိုယ်စားလှယ်များက လက်ခံရယူကြသည်။ ယင်းနောက် ပြည်နယ် သယံဇာတရေးရာ ဝန်ကြီး ဦးသန်းထွန်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေးဦးစီးဌာနက ထောက်ပံ့ ပေးအပ်သည့် လူသုံးကုန်ပစ္စည်း ၁၇ မျိုးနှင့် စားသောက်ဖွယ်ရာ များကို ယာယီတိုက်ပွဲရှောင် အိမ်ထောင်စု ၃၀၇ စုတို့ အတွက် ထောက်ပံ့ပေးအပ်သည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ယာယီတိုက်ပွဲရှောင်အိမ်ထောင်စုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။
အဆိုပါ နေရပ်အသီးသီးသို့ ပြန်ကြမည့် ယာယီတိုက်ပွဲရှောင် အိမ်ထောင်စု ၃၀၇ စုအား မိမိတို့ နေရပ်ဒေသများသို့ ပြန်လည် နေထိုင်နိုင်ရေးအတွက် ပြည်နယ် အစိုးရအဖွဲ့နှင့် တပ်မတော်တို့က လိုအပ်သည်များ ဆက်လက် ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်