
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဂုဏ်ပြုဆောင်းပါး
ကိုကျော်စွာ(ကျိုက်ပိ)
ယနေ့ကမ္ဘာပေါ်တွင် အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက ပိုများလာသည်ကို အားလုံး သတိပြုမိပေလိမ့်မည်ဟု ထင်ပါသည်။ စာရေးသူတို့ နိုင်ငံတွင် လူဦးရေ ၅၄ ဒသမ ၉ သန်းကျော်ရှိရာ အမျိုးသမီးဦးရေသည် ၅၂ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ ဤကဲ့သို့ အမျိုးသမီးရာနှုန်းတိုးတက် လာသည်နှင့်အမျှ အမျိုးသမီးတို့၏ အခန်း ကဏ္ဍသည်လည်း အရေးပါလာပါသည်။ Lady first ဟူသောစကားလုံး တွင်ကျယ်လာသည်အထိ အမျိုးသမီးတို့၏ အခန်းကဏ္ဍသည် ဦးစားပေး ဖြစ်လာခဲ့သည်။ ဖြစ်လည်းဖြစ်ထိုက်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ကမ္ဘာပေါ်ရှိ အမျိုးသမီး တိုင်းသည် စွမ်းဆောင်ရည်မြင့်မား၍ ဂုဏ်ရည်ကြီး ၍ တန်ဖိုးရှိသောကြောင့် ဖြစ်ပါသည်။ ယခု ဆောင်းပါး၌ မိန်းမ၊ မိန်းမသားဟူသော ဝေါဟာရနှင့် အမျိုးသမီးဟူသော အသုံးအနှုန်းကို အလျဉ်းသင့် သလို သုံးနှုန်းချင်ပါသည်။
အမျိုးသမီး (သို့မဟုတ်) မိန်းမသားဆိုသည်မှာ
အမျိုးသမီး (သို့မဟုတ်) မိန်းမသားများသည် မိမိတို့၏ ပင်ကိုသဘာဝအရ နူးညံ့သိမ်မွေ့ကြ သည်။ လှပတင့်တယ်၍ ကျက်သရေရှိခြင်း အသွင်သဏ္ဌာန်ကို ဆောင်နေကြသည်။ ထို့ကြောင့် အမျိုးသမီးများကို ပန်းပွင့်များဖြင့် တင်စားလေ့ရှိကြ ပါသည်။ အမျိုးသမီးများသည် ပန်းပွင့်များကဲ့သို့ နူးညံ့လှပခြင်း၊ နွဲ့နှောင်းခြင်း၊ ဂုဏ်သတင်း ကျော်စောခြင်းနှင့် မြင်ရသူတို့၏ ဘဝင်နှလုံးကို ကြည်နူးနှစ်သက်အောင် စွမ်းဆောင်နိုင်သည့် တင့်တယ်မှုမျိုးလည်း ရှိပေသည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်ကပင် အင်္ဂုတ္တရပါဠိတော်၌ “မိန်းမတို့၏ အဆင်းသဏ္ဌာန်ကဲ့သို့ ယောက်ျားတို့၏ စိတ်နှလုံးကို သိမ်းကျုံးယူငင်နိုင်သော အဆင်း သဏ္ဌာန်မျိုးကို ဤလောက၌ ငါဘုရားမြင်တော် မမူ”ဟု ဟောတော်မူခဲ့ပါသည်။ အမျိုးသမီးဟူသည် ထိုသို့သောပုဂ္ဂိုလ်များဖြစ်သည်။
အမျိုးသမီးတို့၏ အခန်းကဏ္ဍ
ဟိုးယခင်က အမျိုးသမီးများသည် အမျိုးသား များနှင့် တန်းတူအခွင့်အရေး မရခဲ့ကြပေ။ အမျိုးသမီးတို့၏ အခန်းကဏ္ဍသည် မှေးမှိန်နေခဲ့ သည်။ သို့သော်လည်း ယခု ၂၁ ရာစုတွင်အမျိုးသမီး များသည်လည်း အမျိုးသားများနည်းတူ အခွင့် အရေးများ အညီအမျှ ရရှိလာခဲ့ကြသည်။ အမျိုးသမီး များ၏ကဏ္ဍ မြင့်မားလာအောင် အမျိုးသမီးများ ကိုယ်တိုင် တောင်းဆိုလာကြသလို အမျိုးသမီးများ နှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများကို ဖွဲ့စည်း၍ အမျိုးသမီးတို့၏ အရေးပါသော အခန်းကဏ္ဍ ကို လက်တွေ့လုပ်ဆောင်ပြီး မြှင့်တင်ခဲ့ကြသည်။ စာရေးသူတို့နိုင်ငံတွင် အမျိုးသမီးရေးရာအဖွဲ့ အစည်းသည် စာရေးသူတို့နိုင်ငံရှိ အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးခဲ့လို အမျိုးသမီးများကို ကာကွယ်ပေးသည့် ဒိုင်းတစ်ခုလည်း ဖြစ်ခဲ့သည်။
ထို့ပြင် အမျိုးသမီးများသည် ပုခက်လွှဲသော လက်ပိုင်ရှင်များဖြစ်ကြသည်။ ထိုလက်ပေါင်းစွာ သည် ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲပေးနိုင်စွမ်းရှိပါသည်။ လူ့အဖွဲ့အစည်းတွင် အမျိုးသမီးတို့၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးလှသည်။ မိသားစုနှင့် ကလေးငယ်များကို ပြုစုပျိုးထောင်မှု၊ မိခင်ဘဝဖြင့် မိမိ၏ သားသမီးများကို ပြုစု ပျိုးထောင်ခြင်းတို့သည် လူ့အဖွဲ့အစည်း ဖွံ့ဖြိုး တိုးတက်မှုအတွက်လည်းကောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက်လည်းကောင်း အဓိကကဏ္ဍမှ ပါဝင်နေပါသည်။
ယခုအခါ အမျိုးသမီးများသည် လူမှုရေး နယ်ပယ်၊ ပညာရေးနယ်ပယ်၊ ကျန်းမာရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်နှင့် နိုင်ငံရေးနယ်ပယ်အထိ အမျိုးသမီးတို့သည် ကဏ္ဍအသီးသီးမှ ပါဝင်လျက် ရှိနေပါသည်။
အမျိုးသမီးတို့၏ စွမ်းရည်နှင့်တန်ဖိုး
လူတိုင်းတွင် စွမ်းရည်နှင့် တန်ဖိုးကိုယ်စီ ရှိကြသည်။ ထိုအထဲတွင် အမျိုးသမီးများလည်း ပါဝင်ပါသည်။ ကမ္ဘာပေါ်တွင် ရှိသမျှသော အမျိုးသမီး တိုင်းသည် စွမ်းရည်ရှိကြသည်။ တန်ဖိုးရှိကြသည်။ ယနေ့ခေတ်တွင် အမျိုးသမီးများသည် ချက်ပြုတ် လျှော်ဖွပ်ခြင်းစသော အိမ်မှုကိစ္စများဖြင့်သာ အချိန် ကုန်နေခြင်းမျိုးမဟုတ်တော့ပေ။ အမျိုးသမီးတို့၏ စွမ်းရည်နှင့် တန်ဖိုးကို အသုံးချနိုင်သောအနေအထား သို့ ပြောင်းလဲလာခဲ့သည်။
အမျိုးသမီးများသည် ကြီးမားသော အဆောက် အအုံများကို ဦးဆောင်တည်ဆောက်နိုင်ကြသည်။ လူသားတို့၏ ကျန်းမာရေးကို စောင့်ရှောက်ပေး နိုင်မည့် ပထမဦးဆုံး ပြည်သူ့ဆေးရုံကြီးကို တည်ဆောက်ခဲ့သူမှာ အမျိုးသမီးတစ်ဦးဖြစ်သည်။ အေဒီ ၃၉၇ ခုနှစ်က ရောမနိုင်ငံတွင် တည်ဆောက် ခဲ့ခြင်းဖြစ်သည်။
“စာအုပ်စာပေလူမိတ်ဆွေ” “အလိမ္မာ စာမှာရှိ” စသည်ဖြင့် ဆိုရိုးစကားများရှိပါသည်။ ယနေ့ကမ္ဘာ သူ ကမ္ဘာသားတို့ စာအုပ်စာပေလေ့လာခွင့်ရအောင် အသိဉာဏ်တိုးပွားအောင် စာပေကိုလေ့လာကြရ သည်။ ယနေ့ စာရေးသူတို့နိုင်ငံ အပါအဝင် ကမ္ဘာ တစ်ဝန်းလုံးတွင် အမျိုးသားများနည်းတူ စာပေ ကောင်းများကိုရေးသားခဲ့သော အမျိုးသမီးများ လည်း ရှိခဲ့ပါသည်။ စာရေးသူတို့နိုင်ငံတွင်လည်း ပထမဆုံးအမျိုးသမီး အယ်ဒီတာမှာ ဒေါ်ဖွားရှင်ဖြစ် သည်။ ရှေးရှေးက စာဆိုများဖြစ်သော မယ်ခွေ၊ လှိုင်ထိပ်ခေါင်တင်၊ ဂျာနယ်ကျော်မမလေး၊ နုယဉ်၊ ငွေတာရီစသည့် အမျိုးသမီးများသည် မြန်မာစာပေ လောကအတွက် တန်ဖိုးရှိလှသောအမျိုးသမီးများ ဖြစ်ကြသည်။ နိုင်ငံတကာတွင် လေရူးသုန်သုန်ဝတ္ထု ကို ရေးခဲ့သူ “မာဂရက်မစ်ချယ်”နှင့် ၁၉၂၇ ခုနှစ်က ရေးသားထုတ်ဝေခဲ့သော ကမ္ဘာကျော် မီးပြတိုက် ဝတ္ထုကိုရေးခဲ့သူ ဗာဂျီးနီးယားဝုဖ်တို့သည်လည်း တန်ဖိုးကြီးလှသော အမျိုးသမီးများပင်ဖြစ်ပါသည်။
မြန်မာအမျိုးသမီးထဲမှ ပထမဦးဆုံး ဆေးပညာ F.R.C.S ဘွဲ့ကို ရရှိခဲ့သောဒေါက်တာမှာ ဒေါ်စောဆ ဖြစ်သည်။ ၁၉၁၂ ခုနှစ်တွင် ရခဲလှသော F.R.C.S ဘွဲ့ကို Royal College of Surgeons ကျောင်းမှ ပထမဆုံးမြန်မာအမျိုးသမီးအနေဖြင့် ရရှိခဲ့ပါသည်။ အေဒီ ၁၈၆၀ ခုနှစ်တွင် ဂျပန်နိုင်ငံရှိ ဖူဂျီယာမတောင် ကို အမျိုးသမီး ၁၆ ဦး တက်ရောက်နိုင်ခဲ့သည်။ အုပ်ချုပ်ရေးပိုင်းတွင်လည်း အေဒီ ၁၉၅၆ ခုနှစ်က ဂိုလ်ဒါမီယာဆိုသော အမျိုးသမီးသည် အစ္စရေးနိုင်ငံ ခြားရေးဝန်ကြီးဖြစ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာမူ ဘာဗလီမက်လာချင် အမည်ရှိသည့် အမျိုးသမီးသည် ကနေဒါနိုင်ငံ၏ ပထမဆုံး အမျိုးသမီးတရားသူကြီး ချုပ် ဖြစ်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ၏မြေပုံကို ပထမဆုံးရေးဆွဲသူမှာ မြန်မာအမျိုးသမီးတစ်ဦး ဖြစ်သူ ဒေါ်သင်းကြည်ဖြစ်သည်ဟု သိရသည်။ ရှင်စောပုသည် မြန်မာနိုင်ငံကို ပထမဆုံးအုပ်ချုပ်ခဲ့ သော ဘုရင်မဖြစ်သည်။
ဘာသာရေးဘက်တွင် ဘုရားရှင်လက်ထက် တော်အခါက အမျိုးသမီးဘိက္ခုနီများ ရှိခဲ့ပါသည်။ ထိုဘိက္ခုနီရဟန်းမများသည်လည်း ရဟန်းများကဲ့သို့ ပညာအရာ၊ တန်ခိုးအရာတို့၌ “ဧတဒဂ်”ဘွဲ့ထူးများ ကို ရရှိခဲ့ကြသည်။ ယခုခေတ်အခါတွင်လည်း သာသနာတွင် ထင်ရှားသော အမျိုးသမီးများလည်း ရှိနေကြဆဲ ဖြစ်ပါသည်။ ထို့အပြင် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော အမျိုးသမီးများလည်းရှိသည်။ သူနာပြု ဆရာမတစ်ဦးဖြစ်သူ ဖလောရင့်နိုက်တင်ဂေးသည် ၁၈၅၃ မှ ၁၈၅၆ ခုနှစ်အထိ ဖြစ်ပွားခဲ့သော ခရိုင်း မီးယားစစ်ပွဲ၌ ဒဏ်ရာရစစ်သားများကို ဆေးကုပေး ခဲ့သည့် သူနာပြုတစ်ယောက်ဖြစ်သည်။ သူမ၏ ရဲစွမ်းသတ္တိ နှင့် စွမ်းဆောင်ရည်ကြောင့် သူနာပြု ဆရာမတစ်ယောက်အဖြစ် ကမ္ဘာကျော်ခဲ့သည်။ လူအိုများကို ဂရုဏာပွားလျက် ပြုစုစောင့်ရှောက်ပေး ခဲ့သူ ဒေါ်ဦးဇွန်းနှင့် လူဆင်းရဲတို့၏ဘဝကို စာနာပေး ခဲ့သူ မာသာထရီဇာတို့သည်လည်း လူအများ လေးစားရသည့် အမျိုးသမီးများဖြစ်သည်။
အထက်၌ စာရေးသူဖော်ပြခဲ့သည့် အမျိုးသမီး များမှာ အနည်းငယ်မျှသာဖြစ်ပါသည်။ ကမ္ဘာပေါ် တွင် ကဏ္ဍအသီးသီး၌ စွမ်းဆောင်ရည်ပြည့်ဝပြီး လူအများအတွက်တန်ဖိုးရှိသော အမျိုးသမီးများစွာ လည်း ရှိနေပါသေးသည်။ အမျိုးသမီးတိုင်းသည် ကဏ္ဍအလိုက် စွမ်းရည်တစ်ခုခု တန်ဖိုးတစ်ခုခုတော့ ရှိကြစမြဲဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့
၁၉၁၀ ပြည့်နှစ်က ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် မြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး ညီလာခံတွင် ဂျာမနီနိုင်ငံမှ အမျိုးသမီးကိုယ်စား လှယ်တစ်ဦးဖြစ်သူ “မီးစ်ကလယ်ရာဇယ်ကင်း”၏ အကြံပြုချက်အရ နှစ်စဉ် မတ်လ ၈ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” အဖြစ် နှစ်စဉ်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ ဤကဲ့သို့ ကျင်းပခြင်းသည် အမျိုးသမီးတို့၏ အခန်းကဏ္ဍ အရေးပါပုံနှင့် အမျိုးသမီးတို့၏ စွမ်းရည်များကို အသိအမှတ်ပြုခြင်းဖြစ်ပြီး အမျိုးသမီးတို့၏ တန်ဖိုးကိုလည်း ပြသရာရောက်ပါသည်။ ၁၉၇၅ ခုနှစ်မှစ၍ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့အတွက် နှစ်စဉ် ဆောင်ပုဒ်တစ်ခု သတ်မှတ်ပြီး ကျင်းပလေ့ရှိပါသည်။
အချုပ်အားဖြင့် ကမ္ဘာတစ်လွှားရှိ အမျိုးသမီး များသည် အမျိုးသားများနည်းတူ စွမ်းဆောင်ရည် မြင့်မားသူများ ဖြစ်ကြပါသည်။ ကမ္ဘာပေါ်တွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် အရေးကြီး လှပါသည်။ ယနေ့ အထူးချွန်ဆုံး အသိပညာရှင် အတတ်ပညာရှင်များသည် တစ်ချိန်က အမျိုးသမီး တို့၏ ပြုပြင်ထိန်းကျောင်းမှုကို ခံခဲ့ရသူများသာ ဖြစ်သည်။ ထို့ကြောင့် ပုခက်လွှဲသောလက်သည် ကမ္ဘာကိုကိုင်လှုပ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။
ကမ္ဘာတစ်လွှားရှိ အမျိုးသမီးတို့၏ အခန်းကဏ္ဍနှင့် စွမ်းရည်တန်ဖိုးများကို အထက်တွင် စာရေးသူ ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ကမ္ဘာတစ်လွှားမှ အမျိုးသမီးထုကို အသိအမှတ်ပြုသည့်သဘောဖြင့် နှစ်စဉ် မတ်လ ၈ ရက်နေ့တိုင်း ကျင်းပသည့် အပြည် ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဤဆောင်းပါးဖြင့် ကြိုဆိုဂုဏ်ပြုအပ်ပါသည်။ ။
- Log in to post comments