
နေပြည်တော် ဇူလိုင် ၁၄
အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ( National Road Safety Council- NRSC) ၏ ဒုတိယ အကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ အမျိုးသားယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင် များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များ၊ မြို့တော်ဝန်များနှင့် တာဝန်ရှိသူများ က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။
သေဆုံး ထိခိုက်ဒဏ်ရာရမှုပိုများလာ
ဦးစွာ အမျိုးသားယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေး ကောင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေး (Road Safety) သည် ကမ္ဘာလုံး ဆိုင်ရာ အလွန်ကြီးမားသည့် ခြိမ်းခြောက် မှုတစ်ရပ်အဖြစ် တဖြည်းဖြည်းကြီးထွား လာနေသည်ကို မိမိတို့ နေ့စဉ်နှင့်အမျှ တွေ့မြင်ကြားသိနေရကြောင်း၊ ထို့ပြင် ဟန့်တားထိန်းချုပ်နိုင်ရန်အတွက် ကမ္ဘာ တစ်ဝန်းလုံးတွင် Road Safety ကိစ္စကို အထူးအလေးအနက်ထားပြီး ဆောင်ရွက် လာကြရာ ယခုဆိုလျှင် ဒုတိယဆယ်စုနှစ် ထဲကို ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း။ WHO က ပြုစုထုတ်ပြန်သည့် အစီရင်ခံစာ အရ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် Road Accident ကြောင့် နှစ်စဉ်ပျမ်းမျှ လူ ၁ ဒသမ ၃ သန်းခန့် အသက်ဆုံးရှုံး နေကြရပြီး လူဦးရေသန်း ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိနေကြကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း လူ ၁ ဒသမ ၃၅ သန်းအထိ အသက်ဆုံးရှုံးခဲ့ရပြီး တစ်နှစ်ထက် တစ်နှစ် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများလည်း လျော့ကျမသွားဘဲ ပိုပြီးတိုးလာနေသည် ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် လူများသေဆုံးရသည့် အဓိကအကြောင်း ရင်း (Cause of Death) များထဲတွင် Road Accident ကြောင့် သေဆုံးရခြင်း သည် ပထမဆယ်စုနှစ်တာကာလတွင် အဆင့်(၈) နေရာတွင် ရှိခဲ့ပြီး ဒုတိယ ဆယ်စုနှစ်တာကာလဖြစ်သည့် ၂၀၂၀ ပြည့်နှစ် အလွန်နှစ်များတွင် အဆင့်(၃)နေရာသို့ ရောက်ရှိလာနိုင်ကြောင်း သုံးသပ် တွေ့ရှိ ရကြောင်း။
Road Accident ကြောင့် နိုင်ငံ အများစုတွင် နှစ်စဉ် GDP ၏ ၃ ရာခိုင်နှုန်း မှ ၅ ရာခိုင်နှုန်းထိ ဆုံးရှုံးနေရကြောင်း၊ ယခုကဲ့သို့ ထိခိုက်ဆုံးရှုံးနစ်နာမှုများက လည်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အများဆုံး ရင်ဆိုင်နေကြကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ Decade of Action for Road Safety ကို အကောင်အထည်ဖော်ရာတွင် ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာချမှတ်ထားသည့် မဏ္ဍိုင်ကြီး (၅)ရပ်နှင့်အညီ ဖော်ဆောင်စေလျက်ရှိကြောင်း၊ လက်ရှိတွင် မဏ္ဍိုင်ကြီး (၅)ရပ်အပြင် ဒုတိယဆယ်စုနှစ်တာ ကာလအတွက် Global Plan ကို ရေးဆွဲခဲ့ကြပြီး 12 Voluntary Targets (၁၂) ချက်ကို ချမှတ် ကာ ယာဉ်/လမ်း အန္တရာယ်ကြောင့် လူ သေဆုံးမှုများကို ၂၀၃၀ ပြည့်နှစ်တွင် ထက်ဝက်လျှော့ချနိုင်ရန် ရည်မှန်းအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးရည်မှန်းချက်များ အောင်မြင် ရေးအတွက် အဓိကအားဖြင့် ပြည်သူ အားလုံး၏ လိုက်နာပူးပေါင်းဆောင်ရွက်မှု သည် အရေးကြီးကြောင်း၊ တစ်ဖက်က လည်း မိမိတို့၏ NRSC ၏မူဝါဒ၊ အစီအမံ များ ခိုင်မာစွာချမှတ်ပေးနိုင်မှု၊ လုပ်ငန်းစဉ် တစ်ရပ်လုံးအပေါ်တွင် စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲဦးဆောင်နိုင်မှု၊ အသိ ပညာပေးမှု၊ စစ်ဆေးကြပ်မတ်မှုနှင့်အရေး ယူမှုများ ဟန်ချက်ညီအောင် ထိန်းကျောင်း နိုင်မှုများသည်လည်း အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း။
နိုင်ငံအတွင်း ယာဉ်တိုက်ခိုက်မှုဖြစ်စဉ် များကို ၂၀၂၂ ခုနှစ်၊ NRSC ၏ နှစ်ချုပ် အစီရင်ခံစာအရ ခွဲခြမ်းစိတ်ဖြာကြည့်ရာ တွင် လူ့ပယောဂကြောင့် ဖြစ်ပွားရသည့် ယာဉ်တိုက်မှုက ၉၄ ရာခိုင်နှုန်းခန့် ပါဝင် သော်လည်း တစ်ဖက်က ပတ်ဝန်းကျင် အနေအထား၊ လမ်းတည်ဆောက်ပုံအနေ အထား၊ လမ်းဒီဇိုင်း၊ လမ်းအဆင့်အတန်း များကလည်း ကဏ္ဍတစ်ခုအဖြစ် ဆက်စပ် ပါဝင်နေကြောင်း၊ လမ်းတစ်ခုကို စတင် တည်ဆောက်ချိန်ကတည်းက Road Safety အတွက် ထည့်သွင်းစဉ်းစားခြင်း၊ လမ်းညွှန်း၊ လမ်းအမှတ်အသားနှင့် အချက်ပြများကို ပြည့်ပြည့်စုံစုံ မှန်မှန် ကန်ကန်တပ်ဆင်ခြင်းနှင့် တည်ဆောက်မှု ပုံစံဒီဇိုင်းကို စနစ်တကျသုံးသပ်တွက်ချက် တည်ဆောက်ခြင်းများ စနစ်တကျ ဆောင်ရွက်ကြရန်လိုကြောင်း။
ဖွဲ့စည်းတာဝန်ပေးအပ်
လမ်းညွှန်းများ၊ လမ်းအမှတ်အသား များနှင့်အချက်ပြများ ပြည့်စုံမှန်ကန်ရေး သည် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးတွင် အလွန်အရေးပါသည့် လိုအပ်ချက်တစ်ရပ် ဖြစ်သည့်အတွက် နိုင်ငံတော်အကြီးအကဲက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လမ်းညွှန်း၊ လမ်းအမှတ် အသားများ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် တစ်ပြေးညီဖြစ်စေရေး၊ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်စေရေး ကြီးကြပ် ညှိနှိုင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြား ခဲ့ကြောင်း၊ အဆိုပါ လမ်းညွှန်မှာကြား ချက်နှင့်အညီ ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီး / ပြည်နယ်ကြီးကြပ်ရေး အဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း။
မိမိတို့၏ ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်မှုများကြောင့် ပြီးခဲ့သည့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ ၆ လ တွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များအလိုက် Road Safety Audit ဆောင်ရွက်မှု စုစုပေါင်း (၂၄၃၁) ကြိမ်ဆောင်ရွက်နိုင်ခဲ့ပြီး လမ်းညွှန်း ၁၇၄၁၄ ခု၊ အလျားလိုက်မျဉ်းအမှတ် အသား ၁၁၄၁ မိုင်၊ ကန့်လန့်ဖြတ်မျဉ်း အမှတ်အသား ၅၈၆ ခု၊ အခြားလမ်း အမှတ်အသား ၆၉၆၄ ခုနှင့် အချက်ပြ ၅၅၃ ခု ပြင်ဆင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထပ်မံဆောင်ရွက်မှုများ အနေဖြင့် လမ်းညွှန်း ၁၃၀၀၂ ခု၊ အလျားလိုက်မျဉ်း အမှတ်အသား ၈၄၄ မိုင်၊ ကန့်လန့်ဖြတ်မျဉ်း အမှတ်အသား ၆၉၅ ခု၊ အခြားလမ်းအမှတ် အသား ၃၇၉၉ ခုနှင့် အချက်ပြ ၁၃၈ ခု ဆောင်ရွက်နိုင်ခဲ့ကြောင်း။
အရှိန်အဟုန်မြှင့်ဆောင်ရွက်
လမ်းညွှန်းများ၊ လမ်းအမှတ်အသား များနှင့် အချက်ပြများတစ်ပြေးညီဖြစ်စေ ရေးအတွက် ညွှန်ကြားချက်နှင့်အညီ ပြည့်စုံ မှန်ကန် ကိုက်ညီမှုရှိစေရေး လုပ်ငန်းစဉ် သည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်ဖြစ်သည့်အတွက် သက်ဆိုင်ရာဒေသ အစိုးရအဖွဲ့များ၊ ဒေသကြီးကြပ်ရေးအဖွဲ့ များအနေဖြင့် အထူးအလေးထားကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာရန်ပုံငွေများကို တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းများနှင့် အညီ ခွင့်ပြုထားပြီးဖြစ်သည့်အတွက် မိမိတို့ ဆောင်ရွက်ရန်ကျန်ရှိသည့်လုပ်ငန်း များ ပြည့်စုံမှန်ကန်စွာ အချိန်မီပြီးစီးရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြရန် လိုအပ် ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ က အမျိုးသားယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးစီမံချက် National Road Safety Action Plan (2021-2023) ပါ ရည်ရွယ်ချက်၊ ရည်မှန်းချက် လုပ်ငန်း စဉ်များအတိုင်း ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွား မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။
ယင်းနောက် အမျိုးသားယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီအတွင်းရေးမှူး ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က ၂၀၂၂ ခုနှစ် အမျိုးသားယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ၏ နှစ်ချုပ်အစီရင်ခံစာနှင့် Global Plan ရည်မှန်းချက် (၁၂) ရပ် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး အကြောင်း အရာများကို အနှစ်ချုပ် ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍ စီမံခန့်ခွဲရေးကော်မတီ၊ ပညာပေးရေးနှင့် စစ်ဆေးအရေးယူရေး ဆပ်ကော်မတီ၊ သုတေသနပြုရေးနှင့် ကျန်းမာရေးဆပ်ကော်မတီနှင့် ဘဏ္ဍာ ရေးဆပ်မကော်မတီတို့မှ အတွင်းရေးမှူး များက ဆပ်ကော်မတီအလိုက် လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး မှု၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများက NRSC အစည်းအဝေး၏ ဆုံးဖြတ်ချက်များပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ National Road Safety Action Plan (2021-2023) နှင့် Quick Win အစီအမံ (၅) ရပ်အပေါ် ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆွေးနွေးတင်ပြ
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ နှင့်အစည်းအဝေးသို့ တက်ရောက်လာကြ သူများက အမျိုးသားယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးနှင့် စပ်လျဉ်း၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်မှု၊ စနစ်တကျစောင့်ကြည့်မှု၊ အရေးယူဆောင်ရွက်မှု၊ ပြည်သူများအား အသိပညာပေးမှု၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်မှု၊ ယာဉ်အန္တရာယ်ဖြစ်ပွားပါက အရေးပေါ် ဆောင်ရွက်ရမည့်အချက်များအား ပြည်သူ များသိရှိနိုင်ရေး အသိပညာပေးဆောင်ရွက် ထားရှိမှု၊ လမ်းညွှန်းအမှတ်အသားများနှင့် အချက်ပြစနစ်များ ပြင်ဆင်ဆောင်ရွက် ထားရှိမှုကိစ္စရပ်များကို ဆွေးနွေးတင်ပြ ကြသည်။
ယင်းနောက် အမျိုးသားယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ရှင်းလင်းဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ သတင်းစဉ်