အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီနှင့် ဘဏ္ဍာငွေရှာဖွေရေးနှင့်ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီတို့၏ (၁/၂၀၂၁)လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီနှင့် ဘဏ္ဍာငွေရှာဖွေရေးနှင့်ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီတို့၏ (၁/၂၀၂၁)လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

=============================================================

 

နေပြည်တော် ဇန်နဝါရီ ၉

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီနှင့် ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေးလုပ်ငန်းကော်မတီတို့၏ (၁/၂၀၂၁) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

တက်ရောက်

အစည်းအဝေးသို့ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီနှင့် ဘဏ္ဍာငွေရှာဖွေ ရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် လုပ်ငန်းကော်မတီနှစ်ခုမှ အဖွဲ့ဝင်များဖြစ်သည့် နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင် သာယာရေးဝန်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ “အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ”ကို ၂၀၁၅ ခုနှစ်တွင် စတင်ထူထောင် ထားပြီး ထူထောင်စဉ်က ပြည်တွင်း၊ ပြည်ပအလှူရှင်များ၏ လှူဒါန်းငွေများနှင့် စတင်ထူထောင်ခြင်းဖြစ်ကြောင်း၊ အစိုးရသစ်လက်ထက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ မြန်မာကျပ်ငွေဘီလီယံ ၂၀ ကို နှစ်စဉ်ခွဲဝေပေးခဲ့သည့်အတွက် သဘာဝဘေးစီမံ ခန့်ခွဲမှုလုပ်ငန်းများကို ပိုမိုထိရောက်လျင်မြန်စွာဆောင်ရွက် နိုင်ရန် အထောက်အကူကောင်းတစ်ခုဖြစ်ခဲ့ကြောင်း၊ ရန်ပုံ ငွေကို စနစ်တကျအလေအလွင့်မရှိ စီမံဆောင်ရွက်နိုင်ရေး အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုရန်ပုံငွေ ဘဏ္ဍာရေးစည်းမျဉ်းကို ၂၀၁၇ ခုနှစ်တွင် ထပ်မံ ပြင်ဆင်ရေးဆွဲခဲ့ကာ စည်းမျဉ်းများနှင့်အညီ ရန်ပုံငွေများ စနစ်တကျစီမံဆောင်ရွက်လျက်ရှိကြောင်း။

 

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် မမျှော် လင့်သော ဘေးအန္တရာယ်များ ကျရောက်နိုင်ကြောင်း၊ ထို့ကြောင့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက် ရာတွင် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို ပိုမိုအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ထိုလုပ်ငန်းများသည် ငွေကြေးရင်းနှီးမြှုပ်နှံဆောင်ရွက်ရသည့် လုပ်ငန်းများလည်း ဖြစ်ကြောင်း၊ သို့ဖြစ်ရာ အမှန်တကယ်လိုအပ်ပြီး လုပ်ငန်း လိုအပ်ချက်များကို ဦးစားပေးအလိုက်ရွေးချယ်ကာ ထိရောက်အကျိုးရှိစွာ ဆောင်ရွက်နိုင်ရေးသည် အရေးကြီး ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘဏ္ဍာရေး စည်းမျဉ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရန် လိုကြောင်း၊ ရန်ပုံငွေသုံးစွဲမှု၊ လုပ်ငန်းဆောင်ရွက်မှုများကို လည်း အမျိုးသားကော်မတီသို့ စနစ်တကျ ပြန်လည်တင်ပြ ပေးရန် လိုကြောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် သဘာဝဘေး ကြိုတင်ပြင်ဆင်ရေး၊ အလျင်အမြန်တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် နှစ်စဉ်တင်ပြ တောင်းခံသည့် ဘတ်ဂျက်ရန်ပုံငွေ၌လည်း လိုအပ်သော လုပ်ငန်းစီမံချက်များ ရေးဆွဲလျာထား ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်ထောင်စုမှ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များသို့ နှစ်စဉ်ခွဲဝေ ပေးထားသည့် အရေးပေါ်ရန်ပုံငွေနှင့် တိုင်းဒေသကြီး၊ ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ တို့မှလည်း သုံးစွဲဆောင်ရွက်သွားနိုင်ရန်ဖြစ်ကြောင်း၊ တိုင်း ဒေသကြီး/ ပြည်နယ်ရန်ပုံငွေများနှင့် မလုံလောက်ပါက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံ ငွေမှ သုံးစွဲခွင့်ရရှိရေး တင်ပြတောင်းခံသွားရန် လိုအပ် ကြောင်း၊ အမျိုးသားကော်မတီ၏ မူဝါဒများ၊ လမ်းညွှန်ချက် များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး၊ အထိရောက်ဆုံးဖြစ်စေမည့် သဘာဝဘေးကြိုတင် ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဝိုင်းဝန်း အကြံပြု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ငွေကြေးသုံးစွဲမှုများ ထိရောက်အကျိုးရှိစေရေးတို့အတွက် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် Master Plan များ ရေးဆွဲထားရန်နှင့် တစ်နှစ်စီမံချက်၊ နှစ်ရှည်စီမံချက်များ ရေးဆွဲ၍ လုပ်ငန်းများ ကြိုတင်လျာထားပြီး အားလုံး ပူးပေါင်းဆောင်ရွက်ကြရန်ကိစ္စရပ်များကို အကြံပြုဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆွေးနွေးပြောကြား

ဆက်လက်၍ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများနှင့်ပတ်သက်၍ ဘဏ္ဍာရန်ပုံငွေခွဲဝေခွင့်ပြုမှုအခြေအနေ၊ အရေးပေါ်ရန်ပုံငွေ နှင့်ပတ်သက်၍ သုံးစွဲနိုင်မှု၊ Southeast Asia Disaster Risk Insurance Facility - SEADRIF ရန်ပုံငွေထူထောင်ဆောင်ရွက် မှုများနှင့် ရန်ပုံငွေများသုံးစွဲရာတွင် ဥပဒေစည်းမျဉ်း စည်းကမ်းများ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ သုံးစွဲရေး၊ စာရင်းစစ် စစ်ဆေးခံရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြား သည်။

ထို့နောက် လုပ်ငန်းကော်မတီနှစ်ခု၏ အတွင်းရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာကိုကိုနိုင်က ကော်မတီများ ဖွဲ့စည်းဆောင်ရွက် မှု၊ အစည်းအဝေးများ ကျင်းပဆောင်ရွက်မှု၊ လုပ်ငန်း ကော်မတီနှစ်ခု၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေရရှိ၊ သုံးစွဲမှုများကို ရှင်းလင်းတင်ပြဆွေးနွေးသည်။

ယင်းနောက် လုပ်ငန်းကော်မတီနှစ်ခု၏ အဖွဲ့ဝင်များ ဖြစ်သည့် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များက ဘေးဖြစ်ပွားမှုအခြေအနေများ၊ ရေကြီး ရေလျှံမှုများ၊ ကမ်းပြိုကာကွယ်ရေး၊ နယ်စပ်မြစ်ချောင်းများ ထိန်းသိမ်းရေးလုပ်ငန်းများ၊ သစ်တောသစ်ပင်စိုက်ပျိုးရေး၊ ရေရှားပါးမှုတို့အတွက် ဆောင်ရွက်မှုအခြေအနေများ၊ Cyclone Shelter များ လိုအပ်မှုအခြေအနေ၊ အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများအတွက် ရှာဖွေကယ်ဆယ်ရေးနှင့် အခြားပစ္စည်းကိရိယာများ အသုံးပြုမှုနှင့် လိုအပ်မှုအခြေ အနေများ၊ IDP များနှင့်ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေ များနှင့် ရန်ပုံငွေသုံးစွဲမှု၊ လိုအပ်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က တိုင်းဒေသကြီး/ပြည်နယ် များ၏ ဘတ်ဂျက်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်ကိစ္စရပ် များ၊ IDP များ၊ တိုက်ပွဲရှောင်များနှင့်ပတ်သက်၍ ဆောင်ရွက် ချက်များ၊ သဘာဝဘေးများကြောင့် ဌာနပိုင် အဆောက် အအုံများ ထိခိုက်ပျက်စီးမှုများအတွက် သက်ဆိုင်ရာဌာနများ အလိုက် ဆောင်ရွက်သင့်သည့်လုပ်ငန်းများ၊ ဘတ်ဂျက် လျာထားမှုဆိုင်ရာများ၊ ရေရှားပါးမှု၊ Cyclone Shelter တည်ဆောက်မှုဆိုင်ရာများနှင့် ရန်ပုံငွေသုံးစွဲမှုဆိုင်ရာများကို ဆွေးနွေးသည်။

ဆုံးဖြတ်ဆောင်ရွက်

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး များက ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များ ပြန်လည်ရှင်းလင်းပြီး ဆုံးဖြတ်ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားရာတွင် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးကို ထိခိုက်စေနိုင်သော ဆုံးရှုံးနိုင်ခြေမြင့်မားသည့် ဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များကို လိုအပ်သော နည်းပညာများ ဆန်းသစ်တီထွင်အသုံးပြုခြင်း၊ ပညာရှင်များ ၏ အတွေ့အကြုံများကိုအခြေခံသည့် အကြံဉာဏ်များကို ရယူခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေအရ မဟာဗျူဟာ၊ စီမံချက်များ ချမှတ်ဆောင်ရွက် ခြင်း၊ ဘေးအန္တရာယ်များကို အလျင်အမြန်တုံ့ပြန်နိုင်ခြင်း နှင့် ထိရောက်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ အတွက် စံလုပ်ငန်းလမ်းညွှန်များဖြင့် အစိုးရ၏အကန့် အသတ်ရှိသော ဘဏ္ဍာရန်ပုံငွေများကို အလေအလွင့် မရှိအောင် စနစ်တကျစီမံခန့်ခွဲသုံးစွဲခြင်းတို့ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ ပြည်ထောင်စု အစိုးရ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများနှင့် ပြည်သူများ အချိတ်အဆက်မိမိ ဆောင်ရွက် ကြရန်နှင့် အားလုံးပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်