အမျိုးသားရေးတာဝန်ကျေပွန်လျက်ရှိသော တပ်မတော်

Type
1

တပ်မတော်နေ့ဂုဏ်ပြုဆောင်းပါး

 

မောင်သောင်းဝင်း(တမန်ဟောင်း)

နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုက်နက်နယ်မြေများ လက်လွှတ်မဆုံးရှုံးရေး၊ ပြည်သူများ၏ ဘဝလုံခြုံရေး၊ အေးချမ်းစွာနေထိုင်နိုင်ရေးနှင့် ပြည်တွင်း၊ ပြည်ပအန္တရာယ်ရန်စွယ်မှန်သမျှကို တိုက်ထုတ် ချေမှုန်းနိုင်ရေးအတွက် ခေတ်မီအင်အားတောင့်တင်းခိုင်မာသည့် တပ်မတော်တစ်ရပ်ရှိနေရန် လိုအပ်ပေသည်။ ထိုဦးတည်ချက်များနှင့်အညီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင်လည်း မျိုးချစ်တပ်မတော် ကို ဖွဲ့စည်းထားရှိပြီး ခေတ်အဆက်ဆက်တွင် အမျိုးသားရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံသည် ရှေးပဝေသဏီကတည်းကပင် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် မားမား မတ်မတ် ရပ်တည်ခဲ့သည့် သမိုင်းအထောက် အထားများ ခိုင်လုံစွာရှိနေသည်။ အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းမင်းတရားတို့သည် ပထမ၊ ဒုတိယနှင့် တတိယမြန်မာနိုင်ငံတို့ကို အသီးသီး ထူထောင်နိုင်ခဲ့ကြသည်။ ထိုစဉ်က ကာကွယ်ရေးအင်အားကို ကျောထောက်နောက်ခံ ပြုလျက် သုံးကြိမ်တိုင်တိုင် စည်းလုံးညီညွတ်သော မြန်မာနိုင်ငံတော်ကြီးများအဖြစ် ခံ့ညားထည်ဝါစွာ တည်ထောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ပင်ပန်းကြမ်းတမ်းသောနေ့ရက်များ

သို့သော် ကုန်းဘောင်ခေတ်နှောင်းပိုင်းကာလတွင် တိုင်းပြည်၏ အဓိကကာကွယ်ရေးအင်အားဖြစ် သော စစ်အင်အားချည့်နဲ့လာပြီး အဘက်ဘက်မှ ခေတ်နောက်ကျမှု အကျိုးဆက်ကြောင့် အချုပ် အခြာအာဏာကို ကိုလိုနီနယ်ချဲ့တို့၏ လက်ဝယ်သို့ ဝကွက်အပ်ခဲ့ရသည်။ ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် သူ့ကျွန်ဘဝရောက်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ရောက်ရှိမှသာ မြန်မာ့ လွတ်လပ်ရေးကို လက်ဝယ်ပိုင်ပိုင်ရယူနိုင်ခဲ့သည်။ ကိုလိုနီတို့သည် ၁၈၂၄ ခုနှစ်ကတည်းက အောက် မြန်မာနိုင်ငံကို စတင်ကျူးကျော်သိမ်းပိုက်ခဲ့ သဖြင့် သူ့ကျွန်ဘဝ ကျရောက်ခဲ့ရသည်မှာ နှစ်ပေါင်း ၁၂၀ ကျော်ကြာမြင့်သည်။ ထိုကာလများ သည် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး အတွက် နယ်ချဲ့တို့၏ ညှဉ်းပန်းနှိပ်စက် ကုပ်သွေး စုပ်မှုဒဏ်များကို ခါးစည်းခံခဲ့ရသည့် ပင်ပန်းကြမ်း တမ်းသောနေ့ရက်များပင် ဖြစ်သည်။

တွန်းလှန်တိုက်ခိုက်ခဲ့

မျိုးချစ်စိတ်ဓာတ်ပြင်းထန်သော ပြည်ထောင်စု ဖွားတိုင်းရင်းသား သူရဲကောင်းများသည် နယ်ချဲ့တို့ က မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်ပြီ ဆိုကတည်း ကပင် ရရာလက်နက်စွဲကိုင်လျက် နယ်ချဲ့တို့အား အသက်ပေးကာ နည်းလမ်းပေါင်းစုံဖြင့် တိုက်ထုတ် ခဲ့ကြသည်။ ထိုခေတ်က ဗိုလ်ရွဲ၊ ဗိုလ်မင်းရောင်၊

ပုဂံဗိုလ်ချို၊ ဗိုလ်ဥတ္တမ၊ ဆရာစံ စသည့်ခေါင်းဆောင် များမှာ ထင်ရှားခဲ့သည်။

သို့သော် စနစ်တကျစုဖွဲ့လေ့ကျင့်တိုက်ခိုက်ခြင်းမျိုး မရှိခဲ့သဖြင့် တိုင်းပြည် အတွက် အသက်ကိုသာ စွန့်လွှတ်ခဲ့ကြရသည်။ ထို့နောက် တိုင်းရင်းသားများအကြား မျိုးချစ်စိတ် ဓာတ်နိုးကြားရှင်သန်လာသဖြင့် ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ တို့ဗမာအစည်းအရုံး၊ ဗမာ့ထွက်ရပ်ဂိုဏ်း စသည့် လူထုအခြေပြု အဖွဲ့အစည်းများဖွဲ့စည်း လှုပ်ရှားလာခဲ့ရာ မြန်မာ့လွတ်လပ်ရေးအတွက် ရောင်ခြည်သန်းလာခဲ့သည်။

တပ်မတော်ဖွဲ့

ထိုစဉ်က တပ်မတော်၏ဖခင်လည်းဖြစ်သည့် အပြင် မြန်မာ့လွတ်လပ်ရေး၏ ဗိသုကာလည်းဖြစ် သော ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန် တက္ကသိုလ်တွင် ပညာဆည်းပူးလျက် အမျိုးသားရေးလှုပ်ရှားမှုများကို စွမ်းစွမ်းတမံ ဆောင်ရွက် လျက်ရှိသည်။ ထို့အပြင် လွတ်လပ်ရေးအတွက် နယ်ချဲ့ကို တွန်းလှန်တိုက်ထုတ်ရာတွင် စနစ်တကျ လေ့ကျင့်ဖွဲ့စည်းထားသည့် လက်နက်ကိုင်အဖွဲ့ အစည်းနှင့် ခေတ်မီစစ်လက်နက်ပစ္စည်းများရရှိမှသာ ဆောင်ရွက်နိုင်မည်ဆိုသည်ကို သိရှိသဘော ပေါက်လာခဲ့သည်။ ထို့ကြောင့် နိုင်ငံခြား အကူအညီရရှိရေးအတွက် ပြည်ပသို့ တိတ်တဆိတ် ထွက်ခွာခဲ့ရသည်။

ထို့နောက် ရဲဘော်သုံးကျိပ်နှင့်အတူ ဟိုင်နန် ကျွန်းတွင် စစ်ပညာကို ဆင်းရဲပင်ပန်းကြမ်းတမ်းစွာ သင်ယူခဲ့ရသည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက် နေ့တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ဦးလွန်းဖေ နေအိမ်၌ မြန်မာ့လွတ်လပ်ရေးအတွက် အသက် ခန္ဓာ ပေးဆပ်တိုက်ခိုက်သွားမည်ဟု သစ္စာဆိုကာ လက်မောင်းသွေးဖောက်သောက်ခဲ့ကြသည်။ ထိုနေ့ ၌ပင် ဗမာ့လွတ်လပ်ရေးတပ်မတော် ( Burma Independence Army-BIA )ကို စတင်ဖွဲ့စည်းနိုင်ခဲ့ သည်။ ထိုတပ်မတော်သည် လက်ရှိ တပ်မတော်၏ မူလသန္ဓေပင် ဖြစ်သည်။ ထိုအချိန်က ဘီအိုင်အေ အင်အားသည် ၂၀ဝ ကျော်ခန့်သာရှိသော်လည်း မြန်မာနိုင်ငံအတွင်း ချီတက်ရာလမ်းကြောင်း တစ်လျှောက် နေ့ချင်း၊ ညချင်း တစ်ဟုန်ထိုးအင်အား ကြီးထွားလာခဲ့သည်။

ပြင်ဆင်ဖွဲ့စည်းခဲ့ရ

ဘီအိုင်အေသည် နယ်ချဲ့တို့ကို မြန်မာ့မြေပေါ်မှ တိုက်ထုတ်စဉ် မျိုးချစ်စိတ်ဓာတ်ရှိသည့် လူငယ် လူရွယ်များသည် လစာ၊ စရိတ်၊ အဆောင်အယောင်၊ ရိက္ခာ မည်သည့်အခွင့်အရေးမျှ ရစရာ၊ မျှော်လင့်စရာ မရှိမှန်းသိလျက်နှင့် နိုင်ငံ့လွတ်လပ်ရေးရရှိရေး အတွက် စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်ဖြင့် ဘီအိုင်အေထဲသို့ တဖွဲဖွဲဝင်ရောက်ခဲ့ကြပေသည်။ ဘီအိုင်အေသည် ခြောက်လအတွင်း အင်အား ၅၀ဝ၀ဝ အထိတိုးတက်လာခဲ့သည်။ ထိုသို့အင်အားကြီးထွားလာမှုကြောင့် ဖက်ဆစ်တို့သည် ၎င်းတို့ ကို ပြန်လည်တော်လှန် တိုက်ခိုက်လာမည်ကို စိုးရိမ်ကြသည့်အတွက် ဘီအိုင်အေကို ၁၉၄၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဗမာ့ကာကွယ်ရေး တပ်မတော် (Burma Defence Army-BDA)အဖြစ် အင်အား ၃၀ဝ၀ လောက်ဖြင့်သာ ပြန်လည် ဖွဲ့စည်းခဲ့ရသည်။ နိုင်ငံတစ်နိုင်ငံအပေါ် ခြယ်လှယ် ချင်သူမှန်သမျှသည် တပ်မတော်အင်အား တောင့်တင်းသည်ကို လက်ခံနိုင်ခြင်းမရှိဘူးဆိုသည့် အချက်ကို သမိုင်းကသက်သေပြလျက်ရှိပါသည်။

၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် မြန်မာ နိုင်ငံအား ရွှေရည်စိမ် လွတ်လပ်ရေးပေးကြောင်း ဖက်ဆစ်တို့က ကြေညာခဲ့သည်။ ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် BDA ကို Burma National Army-BNA အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ရပြန်သည်။

တပ်မတော်သည် ဖက်ဆစ်အောက်၌ ညှဉ်းပန်း နှိပ်စက်ခံနေရသော ပြည်သူလူထုကို ကယ်တင်ရန် အတွက် ၁၉၄၃ ခုနှစ်ကတည်းက ဖက်ဆစ်တော်လှန် ရေးကိုဆင်နွှဲရန် ကြိုးစားခဲ့ပေသည်။ မြန်မာ့နိုင်ငံရေး အင်အားစုများကိုပူးပေါင်းပြီး ဖက်ဆစ်တော်လှန်ရေး တွင် ပါဝင်ရန် စွမ်းစွမ်းတမံစည်းရုံးခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ရဲဘော်များ သည် ၁၉၄၄ ခုနှစ် သြဂုတ်လ ၄ ရက်နေ့တွင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးကို လျှို့ဝှက်စွာဖွဲ့စည်းခဲ့သည်။

သမိုင်းဝင်နေ့

တပ်မတော်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၅ ခုနှစ် မတ်လ ၁၇ ရက်၌ ရွှေတိဂုံဘုရား အနောက်မြောက်ဘက်ရှိ ကွင်းပြင်ကြီး (ယခု တော်လှန်ရေးပန်းခြံနေရာ)တွင် စစ်ထွက်မိန့်ခွန်း ပြောကြားခဲ့ရာ၌ ‘‘မြန်မာ့ရန်သူကို ချေမှုန်းကြ၊ အနီးကပ်ဆုံးရန်သူကို ရှာပြီးတိုက်ကြ” ဟု အလေး အနက်ထား ပြောကြားခဲ့သည်။ ထိုနှစ် မတ်လ ၂၇ ရက်နေ့တွင် တပ်မတော်သည် မြန်မာ့သမိုင်း တွင် ထာဝရထင်ရှားနေမည့် ဖက်ဆစ်တော်လှန်ရေး ကြီးကို ပြည်သူလူထုနှင့်အတူ လက်တွဲပြီး ဆင်နွှဲ ခဲ့ပါသည်။ ထို့နောက် ဗမာ့တပ်မတော်သည် ၁၉၄၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ဖက်ဆစ်တို့ထံမှ ရန်ကုန်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် BNA ကို ဗမာ့မျိုးချစ်တပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်း ခဲ့ သည်။ ဘီအိုင်အေ၊ ဘီဒီအေက စတင်သန္ဓေတည် ခဲ့သည့် ဗမာ့မျိုးချစ်တပ်မတော်သည် စနစ်တကျဖွဲ့စည်းမှု၊ လေ့ကျင့်မှုများဖြင့် ပြည့်ဝလာပြီး တစ်ပြည်လုံး အတိုင်းအတာဖြင့် ပါဝင်ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် တစ်မျိုးသား လုံးကို ကိုယ်စားပြုသည့် တပ်မတော်ပင် ဖြစ်နေ ပေသည်။ ပြည်သူလူထုနှင့် တစ်ဆက်တစ်စပ်တည်း ရှိနေပြီး ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံ အားပေးမှုကို အပြည့်အဝရရှိနေသည့်အတွက်လည်း ပြည်သူ့ တပ်မတော်အသွင်မျိုး ဖြစ်လာခဲ့သည်။

တပ်မတော်သည် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် တရားဝင် စစ်ကြေညာပြီး တော်လှန်ရေးကို ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။ ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့သော နေ့ဖြစ်သည့် မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

နှစ်စဉ် ထို့နေ့ ထိုရက် ရောက်ရှိချိန်တွင် ကြည်း၊ ရေ၊ လေ တပ် ပေါင်းစုများပါဝင်သော တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကြီးကို ခမ်းနားထည်ဝါစွာ ကျင်းပလေ့ ရှိသည်။ ထိုမွန်မြတ်သော အစဉ်အလာများနှင့် အညီ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ပြည်ထောင်စုတပ်မတော်ကြီးကို ဖွဲ့စည်းထူထောင် ခဲ့သည့် (၇၆) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ယူဝင့်ကြွား ခမ်းနားထည်ဝါစွာ ကျင်းပပြီ ဖြစ်သည်။

သမိုင်းပေးတာဝန်များ

မြန်မာ့သမိုင်းတွင် စိတ်မကောင်းစရာကောင်းသည့်အချက်မှာ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရရှိမှုနှင့်အတူ ပြည်တွင်းသောင်းကျန်းမှုများလည်း ဖြစ်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။ ၁၉၄၈၊ ၁၉၄၉၊ ၁၉၅၀ ပြည့်လွန်ကာလများတွင် ပြည်တွင်းရောင်စုံသောင်းကျန်းသူများက နေရာဒေသအသီးသီးကို သိမ်းပိုက်ထားခဲ့သည်။ ထိုစဉ်က အာဏာရ ဖဆပလအစိုးရသည် ရန်ကုန်မြို့ကွက်ကွက် ကလေး၌သာ အာဏာစက်ရှိခဲ့သည်။ သောင်းကျန်း သူများသည် ရန်ကုန်မြို့ကိုပင် သိမ်းရန်ကြိုးပမ်း လာသဖြင့် တပ်မတော်သည် ရှိသမျှအင်အားကို စုစည်း၍ သောင်းကျန်းသူတို့ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေသော မြို့များကို ပြန်လည် တိုက်ယူ၍ နိုင်ငံတော်ကိုကာကွယ်ခဲ့ရသည်။

ထို့အပြင် တပ်မတော်သည် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိပါး လာသည့် ပြည်ပကျူးကျော်သူ တရုတ်ဖြူများကို လည်း ၁၉၅၂ မှ ၁၉၅၈ ခုနှစ်အထိ စစ်ဆင်ရေးကြီး များ ဆင်နွှဲပြီး မြန်မာ့မြေပေါ်မှ တွန်းလှန်တိုက်ထုတ် ကာကွယ်ခဲ့ရသည်။ ထို့နောက် တပ်မတော်သည် ၁၉၅၈ ခုနှစ် ပါလီမန်ဒီမိုကရေစီခေတ်တွင်

နိုင်ငံတော်ကို ‘‘အိမ်စောင့်အစိုးရ” အဖြစ် ထိန်းသိမ်း စောင့်ရှောက်ခဲ့ရသည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး နှင့် တရားဥပဒေစိုးမိုးရေးကိစ္စများ ဆောင်ရွက်ကာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပပေးပြီး တက်ရောက်လာသော အစိုးရအဖွဲ့ အား ဥပဒေနှင့်အညီ နိုင်ငံတော်အာဏာကို ပြန်လည်အပ်နှံပေးခဲ့သည်။

၁၉၆၂ ခုနှစ်တွင်လည်း အဘက်ဘက်မှ ယိုယွင်း ချည်နဲ့၍ ချောက်ကမ်းပါးအတွင်း ကျရောက်အံ့ဆဲဆဲ နိုင်ငံတော်ကို ကယ်တင်ရန်အတွက် တပ်မတော် သည် ‘‘တော်လှန်ရေးကောင်စီ” ကို ဖွဲ့စည်းကာ နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို ထိန်းသိမ်း တာဝန်ယူခဲ့ရပြန်သည်။ ထို့အပြင် ၁၉၈၈ ခုနှစ်တွင် ထိတ်လန့်ဖွယ်ကောင်းသည့် အရေးအခင်းများ ကြောင့် တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲ ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး နှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ အတွက် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ တွင် ‘‘နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့”ဟူ၍ ဖွဲ့စည်းဖြစ်တည်ခဲ့ရပြန်သည်။

ထို့နောက် ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက် နေ့တွင် ‘‘နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီ” ဟူ၍ ပြင်ဆင်ဖွဲ့စည်းကာ ၂၀ဝ၃ ခုနှစ်တွင် နိုင်ငံတော်ရှေ့ဆက်သွားမည့် လမ်းပြ မြေပုံကို ချမှတ်ခဲ့သည်။ ထိုလမ်းပြမြေပုံနှင့်အညီ အမျိုးသားညီလာခံကြီး ကျင်းပပြီး အလွှာပေါင်းစုံမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ပြုစုနိုင်ခဲ့သည်။ ၂၀ဝ၈ ခုနှစ် မေလတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများ ကျင်းပ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို အတည်ပြုနိုင်ခဲ့သည်။ တပ်မတော်သည် ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ၂၀၁၀ ပြည့်နှစ် အောက်တို ဘာလတွင် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့သည်။ ထိုရွေးကောက်ပွဲများတွင် ရွေးချယ်ခံခဲ့ရသည့် ရွေးကောက်ခံအမတ်များဖြင့် လွှတ်တော်များ ခေါ်ယူကာ ၂၀၁၁ ခုနှစ် မတ် ၃၁ ရက်နေ့တွင် ဒီမိုကရေစီအစိုးရသို့ တိုင်းပြည်အုပ်ချုပ်ရေး အာဏာကို ညင်သာချောမွေ့စွာ လွှဲပြောင်းပေး နိုင်ခဲ့သည်။ ဆိုရလျှင် အမျိုးသားရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ခြင်းပင် ဖြစ်သည်။

ထို့အပြင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲ ကြီး၌ မဲစာရင်းမှားယွင်းနေမှုများကို ဖြေရှင်း ဆောင်ရွက်ပေးရန် တပ်မတော်က အကြိမ်ကြိမ် တောင်းဆိုမှုကို ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိ သည့်အပြင် တတိယအကြိမ်လွှတ်တော်ခေါ်ယူ၍ အစိုးရအသစ်ဖွဲ့ရန် အတင်းအဓမ္မကြံစည်ကြိုးပမ်း လာမှုများကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစ၍ နိုင်ငံတော်၏ တာဝန်များအား ထမ်းဆောင်ခဲ့ရသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းကာ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ချမှတ် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ဦးတည်ချက် ၉ ရပ်ကိုလည်း အကောင်အထည်ဖော်လျက်ရှိ သည်။ စင်စစ်အားဖြင့် တပ်မတော်၏ အဓိကတာဝန် သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်သော် လည်း ခေတ်အဆက်ဆက် ပြည်တွင်း သောင်းကျန်း မှုများကို ထိန်းသိမ်းဆောင်ရွက်ခဲ့ရသဖြင့် လက်ရှိ အချိန်အထိ အမျိုးသားနိုင်ငံရေးတွင် ပါဝင် ဆောင်ရွက်နေရဆဲပင် ဖြစ်သည်။

ငြိမ်းချမ်းရေးတည်ဆောက်

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသော အချက်တစ်ချက်သည် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းပြီး တည်ငြိမ် အေးချမ်းမှု ရှိနေရမည် ဖြစ်သည်။ ထို့ကြောင့် တပ်မတော်သည် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မူဝါဒ ၆ ရပ်ချမှတ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ ယနေ့ဆိုလျှင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (Nationwide Ceasefire Agreement - NCA) လက်မှတ်ရေးထိုးနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင် လက်ကျန်အဖွဲ့များနှင့်လည်း သဘော တူညီချက်ရရှိရေးအတွက် စိတ်ရှည်သည်းခံ သဘောထားကြီးစွာဖြင့် လိုက်လျောဆွေးနွေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။

မျက်မှောက်ကာလတွင် နိုင်ငံရေးပြုပြင်ပြောင်း လဲမှုများ ပြုလုပ်ခဲ့ကြသော ကမ္ဘာ့နိုင်ငံများအနက် အောင်မြင်မှုများရှိသလို ပြည်တွင်းစစ်မီးများ တောက်လောင်နေဆဲ နိုင်ငံများလည်းရှိကြသည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အစိုးရခေါင်းဆောင်များ ဖြုတ်ချခံရပြီး လက်ရှိအချိန် အထိ ခိုင်မာသော အစိုးရတစ်ရပ်ကိုပင် ဖွဲ့စည်းနိုင် စွမ်းမရှိကြသေးချေ။ ထိုနိုင်ငံများရှိ ပြည်သူများသည် နေအိမ်စွန့်ခွာကာ ရွှေ့ပြောင်းဒုက္ခသည်များအဖြစ် ရပ်တည်နေကြရပြီး ကျီးလန့်စာစားဘဝမျိုးမှပင်လွတ်မြောက်နိုင်ခြင်း မရှိကြသေးချေ။

အမှန်စင်စစ်မှာမူ ခိုင်မာသောတပ်မတော် တစ်ရပ်မရှိသည့် နိုင်ငံများတွင် တည်ငြိမ် အေးချမ်းမှုကို ဖော်ဆောင်နိုင်စွမ်းမရှိကြချေ။ ပြည်သူများသည် ခိုကိုးရာမဲ့ ကျီးလန့်စာ စားဘဝမျိုးဖြင့် နေ့စဉ်သတ်ဖြတ်နေကြရသည်။ ထိုနိုင်ငံများရှိ ကလေးသူငယ်များသည် အနာဂတ်ပျောက်ဆုံးလျက်ရှိသည်။ ထို့ကြောင့် မြန်မာ့တပ်မတော်ကို Patriotic Burmese Forces တစ်ရပ်အဖြစ် တည်ဆောက်ပြီး တိုင်းပြည် နှင့် လူမျိုးကို စစ်မှန်သောစေတနာဖြင့် ထာဝစဉ် စောင့်ရှောက်သွားရမည်မှာ ဧကန်မုချ လိုအပ်လျက် ပင်ရှိသည်။

အမျိုးသားရေးတာဝန်ကျေပွန်လျက်ရှိသော တပ်မတော်

မည်သို့ပင်ဆိုစေကာမူ တပ်မတော်သည် အမျိုးသားရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည်။ အထူးသဖြင့် တပ်မတော် သည် နိုင်ငံတော်ကာကွယ်ရေး တာဝန်အပြင် ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ဝေးလံခေါင်ပါးသည့် ကျေးလက်ဒေသနေ ပြည်သူ များအား အိမ်တိုင်ရာရောက် ဆေးဝါးစောင့်ရှောက် မှုများပေးခြင်းနှင့် ပြင်းထန်သော ရောဂါခံစားနေရ သူများကို ဆေးဝါးအထောက်အကူပြုပစ္စည်းများ ရှိသည့် တပ်မတော်ဆေးရုံကြီးများသို့ စရိတ်ငြိမ်း ပြောင်းရွှေ့ကုသပေးခြင်းများ စဉ်ဆက်မပြတ်ဆောင် ရွက်ပေးလျက်ရှိသည်။ အထူးသဖြင့် တချို့သော ဆရာဝန်များ CDM လုပ်သွားသဖြင့် ပြည်သူ့ဆေးရုံ များ ပိတ်ထားသည့်အချိန်တွင် တပ်မတော်မှ ဆရာ ဝန်များနှင့် သူနာပြုများသည်ပြည်သူများကို လိုအပ် သော ဆေးဝါးစောင့်ရှောက်မှုများ ပေးခဲ့သည်။ ထို့အပြင် နွေရာသီတွင် ရေရှားပါးမှုကြုံတွေ့ရသည့် ကျေးလက်ဒေသများအတွက် သောက်သုံးရေဖူလုံစွာ ရရှိရန် လှူဒါန်းဆောင်ရွက်ပေးမှုများ စသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကိုလည်း စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိသည်။ တပ်မတော်သည် စတင်ဖွဲ့စည်းစဉ်ကတည်းကပင် အစဉ်အလာ ကောင်းများနှင့်အညီ တိုင်းပြည်နှင့် လူမျိုး အကျိုးကို စစ်မှန်သောစေတနာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ပါသည်။ ထိုအစဉ်အလာကောင်းများ ကို ဆက်လက်ထိန်းသိမ်းသွားမည်မှာ အငြင်းပွား ဖွယ်ရာမရှိသော အချက်ပင်ဖြစ်သည်။

ဆိုရလျှင် နိုင်ငံတစ်နိုင်ငံသည် ကမ္ဘာ့အလယ် တွင် ထာဝရထည်ဝါစွာ ရပ်တည်နိုင်ရန်သည် အင်အားတောင့်တင်းပြီး စည်းကမ်းပြည့်ဝသည့် ခေတ်မီမျိုးချစ်တပ်မတော်တစ်ရပ် ရှိနေရန် လိုအပ် ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တွင် ထိုဂုဏ်အင်္ဂါရပ်နှင့် ပြည့်စုံသောတပ်မတော် တစ်ရပ်ဖွဲ့စည်းထားရှိပြီးဖြစ်သည်။ ထိုတပ်မတော် သည် ခေတ်အဆက်ဆက်တွင် အမျိုးသားရေး တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ခိုင်မာသော သမိုင်းအထောက်အထားများ ရှိနေ သည်။ အမျိုးသားရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် မြန်မာ့တပ်မတော်ကို Standard Army တစ်ရပ်အဖြစ် တည်ဆောက် လျက်ရှိပေသည်။ ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေက အပ်နှင်းထားသည့် တာဝန်များ ကိုလည်း ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပေသည်။ မည်သို့ပင်ဆိုစေကာမူ အစဉ်အလာကောင်းများ ရှိသော ပြည်ထောင်စု တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ပန်ဆင်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် အမျိုးသားရေး တာဝန်များကို ဆက်လက် ကျေပွန်နေမည်ဟု ခိုင်မာစွာ ယုံကြည်မိပါကြောင်းဖြင့် (၇၆) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုရေးသား အပ်ပါသည်။ ။