အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲရေးအတွက် ပါမောက္ခချုပ်များ ကော်မတီ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပညာရေးမှူးများနှင့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲရေးအတွက် ပါမောက္ခချုပ်များ ကော်မတီ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပညာရေးမှူးများနှင့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

=================================================================================================================

 

နေပြည်တော် ဒီဇင်ဘာ ၁၃

 

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ရေးဆွဲရေးအတွက် ပါမောက္ခချုပ်များကော်မတီ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပညာရေးမှူးများ၊ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီး ဌာန ရုံးအမှတ် (၁၃)မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။

 

ပါဝင်ဆွေးနွေး

 

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဇော်ဝေစိုး၊ ပညာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ အစိုးရ နည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရ နည်းပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး များ၊ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများ၊ ခရိုင်ပညာ ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အွန်လိုင်းဖြင့် ပါဝင်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပညာရေး ဝန်ကြီးဌာနအနေဖြင့် အရည်အသွေးရှိသော ပညာရေးစနစ် ကို ဦးတည်ပြီး စုပေါင်းအင်အားဖြင့် ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်မှ ယနေ့အထိ ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက် ရာတွင် ညီညီညွတ်ညွတ်လက်တွဲပြီး စုပေါင်းအင်အားဖြင့် ပါဝင်ဆောင်ရွက်ပေးကြသည့် ဆရာကြီး ဆရာမကြီးများ အား လေးစားတန်ဖိုးထား၍ ဂုဏ်ယူပါကြောင်း၊ ယနေ့ ကမ္ဘာကြီးတွင် ၂၁ ရာစု နည်းပညာများဖြစ်သည့် Automation နည်းပညာများ၊ Artificial Intelligence၊ Robotics၊ Cloud Computing၊ Big Data၊ Internet of Things စသည်ဖြင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုများ အလွန်မြန်ဆန်လျက်ရှိပါ ကြောင်း၊ လုပ်သားစျေးကွက် ပြောင်းလဲလာခြင်းနှင့် အလုပ် အကိုင် အခွင့်အလမ်းအတွက် ပြိုင်ဆိုင်မှုပြင်းထန်လာ၍ အဆင့်မြင့်ကျွမ်းကျင်မှု အရေးပါလာပါကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမြှင့်တင်ရန် အရေးကြီးလာခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ အနာဂတ်ကျွမ်းကျင်မှုအတွက် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်လာခြင်း စသည့် စကားလုံး များကို ၂၁ ရာစု ဒစ်ဂျစ်တယ်ခေတ်တွင် မကြာခဏ တွေ့ရှိနေရပါကြောင်း၊ ထို့ကြောင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှု (IQ)နှင့် စိတ်ရင့်ကျက်တည်ငြိမ်မှု၊ တစ်ပါးသူကို စာနာပေးနိုင်မှု(EQ) စသည့် ၂၁ ရာစုကို စိန်ခေါ်နိုင်သော ပညာရေးစနစ်ကို စုပေါင်းအင်အားဖြင့် ဖော်ဆောင်ရန် အရေးကြီးလာပါကြောင်း။

 

အဆင့်ဆင့်တိုးတက်ပြောင်းလဲလာနေ

 

စက်မှုနှင့် ပညာရေး ယှဉ်တွဲပြောင်းလဲမှုကို ဆန်းစစ် ကြည့်ပါက ၁၈ ရာစုတွင် ရေနွေးငွေ့စက်ရုံများ တီထွင် ဖန်တီးနိုင်ခဲ့သည့် Industry 1.0 နှင့်အတူ ပညာရေး Education 1.0 ဖြစ်ခဲ့ပါကြောင်း၊ ၁၉ ရာစုတွင် လျှပ်စစ်ကို ဆန်းသစ်တီထွင်ဖန်တီးနိုင်ခဲ့သဖြင့် ထုတ်ကုန်အမြောက်အမြားထုတ်လုပ်နိုင်ခဲ့သည့် Industry 2.0 နှင့်အတူ ပညာရေး Education 2.0 ဖြစ်ခဲ့ပါကြောင်း၊ ၂၀ ရာစုတွင် အလိုအလျောက်နည်းပညာ၊ အီလက်ထရွန်နစ်၊ အိုင်တီ တို့ကို ဆန်းသစ်တီထွင်ဖန်တီးနိုင်ခဲ့သဖြင့် Industry 3.0 နှင့်အတူ ပညာရေး Education 3.0 ဖြစ်ခဲ့ပါကြောင်း၊ ယခု ၂၁ ရာစုအစပိုင်းတွင် Artificial Intelligence၊ Internet of Things၊ Cloud Computing၊ Big Data၊ Robotics တို့ကို ဆန်းသစ်တီထွင်ဖန်တီးနိုင်ခဲ့သဖြင့် Industry 4.0 နှင့်အတူ ပညာရေး Education 4.0 ဟူ၍ အဆင့်ဆင့် တိုးတက် ပြောင်းလဲလာနေပါကြောင်း၊ ပညာရေးက စက်မှုထက် သာလွန်အားကောင်းပါက သုခချမ်းသာပြည့်ဝ၍ စက်မှုက ပညာရေးထက် သာလွန်အားကောင်းပါက စိတ်ဖိစီးမှု၊ စိတ်ပိုင်းဆိုင်ရာဒဏ်ရာများ ခံစားရသည်ဟု သုတေသန အစီရင်ခံစာ Organization for Economic Cooperation and Development (OECD) ၏ Learning Compass Report တွင် ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရပါ ကြောင်း။

 

ရှေးထုံးစဉ်လာ ပညာရေး (Traditional Education System) စနစ်တွင် လူနည်းစုကသာ ဆုံးဖြတ်ခြင်း၊ ဆရာ များက ကျောင်းသားများကို သင်ကြားခြင်း၊ ကျောင်းသား များက သင်ကြားပို့ချသည်ကို အလွတ်ကျက်မှတ်ခြင်း၊ ဆရာများက သင်ကြား၍ ကျောင်းအုပ်များက စီမံခန့်ခွဲခြင်း၊ သင်ရိုးညွှန်းတမ်းများ တစ်သမတ်တည်း စံသတ်မှတ်ထား ခြင်း၊ ကျောင်းသားများကို စံသတ်မှတ်ထားသည့် စာမေးပွဲ များဖြင့် စစ်ဆေးအကဲဖြတ်ခြင်းနှင့် စာမေးပွဲရလဒ်ကိုသာ ဦးစားပေးခြင်းတို့ကို ဆောင်ရွက်ပါကြောင်း။

 

အရေးကြီး

 

New Normal Education System စနစ်တွင် new normal သည် ဂေဟစနစ်၏ အစိတ်အပိုင်းဖြစ်လာသလို သက်ဆိုင်သူများအားလုံး၏ ပူးပေါင်းပါဝင်သည့် စုပေါင်း အင်အားဖြင့်သာ တာဝန်ယူ အကောင်အထည်ဖော်ရန်နှင့် ကျောင်းသားများကလည်း ဆန္ဒပြင်းပြစွာ တည်တည် ငြိမ်ငြိမ် ကြိုးကြိုးစားစားနှင့် ကျယ်ကျယ်ပြန့်ပြန့် နက်နက် နဲနဲ သင်ယူကြရန် အရေးကြီးပါကြောင်း၊ ကျန်းမာလုံခြုံသော သင်ယူမှုဝန်းကျင်ကောင်းနှင့် ကျောင်းသားများ၏ အနာဂတ် သုခချမ်းသာတို့ကို တန်ဖိုးထားသလို ၂၁ ရာစု ကျွမ်းကျင်မှုများနှင့် စွမ်းဆောင်ရည်များကိုလည်း တန်ဖိုး ထားရန် အရေးကြီးပါကြောင်း၊ ကျောင်းသားများကလည်း နောက်ခံအခြေအနေ မတူကွဲပြားခြားနားခြင်းနှင့် ပေါင်းစပ် သင်ယူမှုနယ်ပယ်အခြေအနေများ မတူကွဲပြားခြင်းတို့ကို လည်း အသိအမှတ်ပြုရန် လိုအပ်ပါကြောင်း၊ ကွဲပြားခြားနား သော ရည်ရွယ်ချက်များအတွက် ပေါင်းစပ်သင်ယူမှုကလည်း တစ်သမတ်တည်းမဟုတ်သလို မတူညီသော အကဲဖြတ် ခြင်းနည်းလမ်းအမျိုးမျိုးတို့ကို အသုံးပြုရန်လည်း အရေးပါ လာပါကြောင်း၊ ကျောင်းအားလုံးသည်လည်း အရည်အသွေး အာမခံမှုရှိကြရမည်ဖြစ်ပြီး တာဝန်ယူမှုလည်း ရှိရမည်ဖြစ်ပါ ကြောင်း၊ လေ့လာဆန်းစစ်အကဲဖြတ်ရန်သာမဟုတ်ဘဲ အရည်အသွေးရှိသည့် ပညာရေးစနစ်အား စဉ်ဆက် အကောင်အထည်ဖော်မှုတွင်လည်း အကြံပြုချက်များ၊ ဝေဖန်ချက်များပေးခြင်းကို အားပေးရမည်ဖြစ်ပါကြောင်း၊ ဒါ့ကြောင့်လည်း အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲပြုစုရာတွင် ဝန်ကြီးဌာန၏ သဘောထား၊ ပညာရှင်များ၏ သဘောထားများနှင့်သာ မဟုတ်ဘဲ အားလုံး၏ စုပေါင်းအင်အားနှင့် တာဝန်ယူ တာဝန်ခံဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လိုအပ်ချက်၊ အခက်အခဲ၊ ပြဿနာ၊ စိန်ခေါ်မှု စသည်များကို ဖြေရှင်း ဆောင်ရွက်ပြီး အရည်အသွေးရှိသော ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း။

 

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အရ ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက် ရာတွင် ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်း၊ သူငယ်တန်း + ၁၂ တန်း အခြေခံပညာရေး သင်ရိုးသစ်ကျောင်းသုံးဖတ်စာအုပ် များ ပြုစုအခမဲ့ဖြန့်ဝေခြင်း၊ သင်ကြားသင်ယူမှုနည်းလမ်း များဖြင့် ဆရာ ဆရာမများအားလုံးတို့ကို သင်တန်းပေးခြင်း၊ စစ်ဆေးအကဲဖြတ်မှုပြောင်းလဲခြင်း၊ တိုင်းရင်းသားဒေသ များကို ဦးစားပေး၍ လိုအပ်ချက်များ၊ အခက်အခဲများ ဖြေရှင်းပံ့ပိုးဖြည့်ဆည်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထို့ကြောင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ပညာသင်ယူပြီးမြောက်သူဦးရေ တိုးတက်လာပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပထမဆုံးအကြိမ် အထက်တန်း ကျောင်းသားဦးရေ စုစုပေါင်း တစ်သန်းကျော် ရှိလာပါ ကြောင်း။

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မူလတန်း၊ အလယ် တန်း၊ အထက်တန်းကျောင်းသားဦးရေ ၉,၇၁၆,၃၇၃ ဦးထိ ရှိလာပါကြောင်း၊ စစ်ဆေးအကဲဖြတ်မှုများအနေဖြင့် စဉ်းစားတွေးခေါ်မှု၊ ပြဿနာဖြေရှင်းနိုင်မှုတို့ကို အားပေး သည့် စစ်ဆေးအကဲဖြတ်မှုများဖြင့် စတင်အသုံးပြုလာပါ ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် သတ်မှတ်ချက် ခုနစ်ချက်နှင့် ပြည့်မီသည့် အထက်တန်းပညာသင်ယူပြီးမြောက်သည့် လက်မှတ်ရရှိသူ ကျောင်းသားဦးရေ ၅၆၆၂၇၄ ဦးရှိပါ ကြောင်း၊ ဒေသတွင်းအဆင့်ဆောင်ရွက်ခဲ့သော စစ်ဆေး အကဲဖြတ်မှုဖြစ်သော အရှေ့တောင်အာရှ မူလတန်းပညာ လေ့လာဆန်းစစ်ချက်(SEA PLM)အစီရင်ခံစာတွင် တိုးတက် ကောင်းမွန်သော ရလဒ်များရရှိခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နိုင်ငံတကာသင်္ချာအိုလံပစ်ပြိုင်ပွဲ International Mathematical Olympiad တွင် အထက် တန်းကျောင်းသားများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် Honorary Mention ခြောက်ခုရရှိရန် စွမ်းဆောင်နိုင်ခဲ့ပါ ကြောင်း။

 

အရည်အသွေးရှိ ပညာရေးစနစ်

 

အမျိုးသားပညာရေးအရည်အသွေး အညွှန်းဘောင် (National Qualification Framework) ကိုလည်း အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ကော်မတီ(NAQAC) က ဆောင်ရွက်နေပါ ကြောင်း၊ အရည်အသွေးရှိပညာရေးစနစ်ကို အကောင် အထည်ဖော်နိုင်ရန်အတွက် တိုင်းရင်းသားဒေသများတွင် ဦးစားပေး၍ တစ်သက်တာပေါင်းစပ် သင်ယူမှုအခွင့်အလမ်း များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုပါကြောင်း၊ အရည် အချင်းပြည့်ဝသည့် ဆရာများ ဖြည့်ဆည်းပေးရန်၊ နည်းပညာနှင့် အခြေခံအဆောက်အအုံများလည်း ပံ့ပိုး ဖြည့်ဆည်းရန်၊ နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးတွင် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့် ကာလတိုသင်တန်း၊ ဒီပလိုမာသင်တန်းများ တိုးချဲ့ဖွင့်လှစ် နိုင်ရန်၊ သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်တင်ရန်နှင့် ပေါင်းစပ်သင်ယူမှုများကို အားပေးဆောင်ရွက်ရန်လိုပါ ကြောင်း၊ အင်္ဂလိပ်စာဘာသာစကား အရည်အချင်းမြှင့်တင် ရန်၊ အိုင်စီတီဆိုင်ရာများ ဖြည့်ဆည်းရန်၊ ဒစ်ဂျစ်တယ်/အွန်လိုင်းမှတ်ပုံတင်ရန်နှင့် ဒစ်ဂျစ်တယ်ဘဏ်စနစ် အားပေးဖြည့်ဆည်းရန် လိုပါကြောင်း။

 

တက္ကသိုလ်များတွင် မဟာစီမံကိန်းနှင့် တက္ကသိုလ် ပဋိညာဉ် စာတမ်းပြုစုအတည်ပြုခြင်း၊ မူဝါဒလမ်းညွှန်၊ စံသတ်မှတ်ချက်များနှင့်အညီ ဒေသလိုအပ်ချက်နှင့်ကိုက်ညီ သည့် ဒီပလိုမာသင်တန်းများ၊ ရိုးရိုးဘွဲ့သင်တန်းများ၊ မဟာတန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ပံ့ပိုးဖြည့်ဆည်းရန်လိုအပ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်တင် ခြင်း၊ ပေါင်းစပ်သင်ယူခြင်းနှင့် ပြည်တွင်းပြည်ပ ကူးပြောင်း သင်ယူနိုင်ရေး Credit Transfer System ဆောင်ရွက်မှုကို အားပေးဆောင်ရွက်ရန် လိုပါကြောင်း၊ သုတေသန ဆောင်ရွက်မှုနှင့် Quality Assurance and Accreditation ဆောင်ရွက်မှုကို အားပေးရမည်ဖြစ်ပါကြောင်း။

 

အားပေးဆောင်ရွက်လို

 

စွမ်းဆောင်ရည်နှင့် ပူးပေါင်းဆောင်ရွက်မှု အရည် အချင်းတို့ကို အခြေခံ၍ ဆရာ၊ ဝန်ထမ်း ခန့်/ပြောင်း/ တိုး များကို အားပေးဆောင်ရွက်လိုပါကြောင်း၊ ဆရာ၊ ဝန်ထမ်း၊ ကျောင်းသားများနှင့်ပူးပေါင်း၍ တက္ကသိုလ်အရည် အသွေးမြင့်မားရေး အားပေးဆောင်ရွက်ခြင်း၊ ကျောင်းသား ဟောင်းများ၊ ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ပြည်တွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုပါကြောင်း၊ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေးဆိုင်ရာ စွမ်းဆောင် ရည်မြှင့်တင်မှုသင်တန်းများကိုလည်း အားပေးဆောင်ရွက် ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံ ရှိ လူတိုင်း အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက် ဖို့လိုပါကြောင်း၊ အခြေခံပညာရေး၊ နည်းပညာနှင့် သက်မွေး ပညာရေး၊ အဆင့်မြင့်ပညာရေးတို့ ပူပေါင်းလက်တွဲ ဆောင်ရွက်ဖို့ အရေးကြီးပါကြောင်း၊ တစ်သက်တာ ပေါင်းစပ်သင်ယူခြင်းသည် အနန္တရတနာသိုက်(Infinite treasure) ဖြစ်ပါကြောင်း၊ ကျယ်ကျယ်ပြန့်ပြန့် နက်နက်နဲနဲ လေ့လာသင်ယူနေရန် အရေးကြီးပါကြောင်း၊ သို့ဖြစ်၍ အကျိုးရှိသည့် ဘာသာရပ်များကို တစ်သက်တာပေါင်းစပ် သင်ယူမှုအခွင့်အလမ်းရှိရေး ညီညီညွတ်ညွတ် စုပေါင်း အင်အားဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဇော်မြင့်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုင်းကျော်နိုင်ဦးနှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသိန်းဝင်းတို့က အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းလုပ်ငန်း များနှင့် အခြေခံပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍ၊ နည်းပညာနှင့်သက်မွေးပညာကဏ္ဍ၊ သုတေသနနှင့် တီထွင် ဆန်းသစ်မှုကဏ္ဍ စသည်တို့ကို အသီးသီးမိတ်ဆက်ရှင်းလင်း တင်ပြကြသည်။

 

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူ များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ချိတ်ဆက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် မေးမြန်းဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်