အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲရေးအတွက် ဆရာသမဂ္ဂများ၊ ဆရာအသင်းအဖွဲ့များ၊ ဆရာ ဆရာမများနှင့် ညှိနှိုင်းဆွေးနွေးပွဲ ဒုတိယနေ့ကျင်းပ

 

 

နေပြည်တော် ဒီဇင်ဘာ ၁၅

 

 

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP) (2021-2030) ရေးဆွဲရေးအတွက် ဆရာသမဂ္ဂများ၊ ဆရာအသင်းအဖွဲ့ များ၊ ဆရာ ဆရာမများနှင့် ညှိနှိုင်း ဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ ပညာရေး ဝန်ကြီးဌာန ရုံးအမှတ်(၁၃)မှ အွန်လိုင်း စနစ်ဖြင့် ကျင်းပသည်။ 

စုပေါင်းအင်အားဖြင့်ဆောင်ရွက်

အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပညာရေးနှင့် သက်ဆိုင်သူအားလုံး၏ ပူးပေါင်း ဆောင်ရွက်မှုကို အထူးတန်ဖိုးထား လေးစားပါကြောင်း၊ အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ကို အကောင်အထည် ဖော်ရာတွင် အောင်မြင်သည့် ပညာရေးလုပ်ငန်းစဉ်များကို ပိုမို အားကောင်းအောင် ဆက်လက်ဆောင် ရွက်ရန်နှင့် အခက်အခဲ၊ စိန်ခေါ်မှုများ ကြောင့် မအောင်မြင်သေးသည့် လုပ်ငန်းစဉ်များကိုလည်း ပြန်လည် စိစစ်ပြီး စုပေါင်းအင်အားဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း၊ ဤသို့ဆောင် ရွက်နိုင်ရန် နှစ်အလိုက် ပြန်လည် သုံးသပ်ခြင်းများ (Annual Perfor-mance Review) ကို ဆောင်ရွက်ခဲ့ ပါကြောင်း၊ ၎င်းအပြင် ဩစတြေးလျ နိုင်ငံအစိုးရ၏ အကူအညီဖြစ်သော My-EQIP အစီအစဉ်ဖြင့် လွတ်လပ် သော တတိယအဖွဲ့အစည်းတစ်ခုကို တာဝန်ပေးအပ်၍ ကာလလယ် ပြန်လည်သုံးသပ်မှုအစီရင်ခံစာ (Mid-Term Review Report) ထုတ်ပြန် ထားမှုရှိပါကြောင်း။

သင်တန်းများပေးရန်လို

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) သည် Mid-Term Review Report ၏ တွေ့ရှိချက် နှင့် ထောက်ခံအကြံပြုချက်များကို အခြေခံကာ ဆက်လက်ဆောင်ရွက် မည့် နိုင်ငံ၏ အနာဂတ်အတွက် အရည်အသွေးရှိသော ပညာရေး (Quality Education)ကို ဦးတည် အကောင်အထည်ဖော်သည့် မဟာ ဗျူဟာစီမံကိန်းကြီး ဖြစ်ပါကြောင်း၊ လူတိုင်း မူလတန်းပြီးလျှင် ဖတ်တတ်၊ ရေးတတ်၊ တွက်တတ်ရန် လိုပါ ကြောင်း၊ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန်ကို ခွဲခြားနိုင်မှသာ တစ်သက်လုံး သင်ယူ နိုင်မည်ဖြစ်ပါကြောင်း၊ မူလတန်း ပြီးရုံမဟုတ်ဘဲ အလယ်တန်း၊ အထက်တန်းပြီး၍ အလုပ်မဝင်ခင် တွင် ခေတ်အခြေအနေနှင့် လိုက်လျော ညီထွေဖြစ်သည့် အဆင့်မြင့်ကျွမ်းကျင် မှုများရရှိအောင် ကျွမ်းကျင်မှုသင်တန်း များပေးရန် လိုပါကြောင်း။

မူဝါဒများချမှတ်

တက္ကသိုလ်များမှလည်း တစ် သက်တာသင်ယူမှု အခွင့်အလမ်းများ ဖော်ဆောင်ပေးရန် အရေးကြီး ပါကြောင်း၊ အရည်အသွေးရှိသည့် ပညာရေးကို အကောင်အထည်ဖော် ရာတွင် မူဝါဒ၊ စံသတ်မှတ်ချက်များ သေသေချာချာ ချမှတ်ဆောင်ရွက် ရတာဖြစ်ပါကြောင်း၊ အမျိုးသားပညာ အရည်အချင်းမူဘောင် (National Qualification Framework – NQF) သည် အင်မတန်အရေးကြီးပါကြောင်း၊ NQF အရ မူလတန်းပြီးပါက Level-1 ပြီးတာဖြစ်ပြီး အလယ်တန်းပြီးပါက Level-2 ပြီးတာ ဖြစ်ပါကြောင်း၊ အထက်တန်းပြီးပါကလည်း Level-3 ပြီးတာ ဖြစ်ပါကြောင်း၊ Level-3 ပြီးသည့်အခါတွင် Level-4 မှာ တစ်နှစ် နှင့် တစ်နှစ်တာအတွင်း သင်ယူရသည့် Short Cycle ကာလတို Certificate သင်တန်းများဖြစ်ပါကြောင်း၊ ၎င်း သင်တန်းပြီးဆုံးပါက သတ်မှတ်အရည် အသွေးပြည့်မီလျှင် Level-5 ကို ဆက်တက်ခွင့်ရှိပါကြောင်း၊ Level-5 သည် ၁ နှစ် သို့မဟုတ် ၂ နှစ်အထိ တက်ရသည့် ဒီပလိုမာ (Diploma) သင်တန်းများ သို့မဟုတ် အဆင့်မြင့် ဒီပလိုမာ (Advanced Diploma) သင်တန်းများ ဖြစ်ပါကြောင်း၊ ထိုသင်တန်းများတွင် အရည်အချင်း သတ်မှတ်ချက် ပြည့်မီပြီးမြောက်ပါက တက္ကသိုလ်ကို ဆက်တက်ခွင့်ရပါ ကြောင်း၊ Level-6 သည် ရိုးရိုးဘွဲ့ (Bachelor Degree) ဖြစ်ပါကြောင်း၊ Level-7 သည် မဟာဘွဲ့ (Master Degree) ဖြစ်ပါကြောင်း၊ Level-8 သည် ပါရဂူဘွဲ့ (Doctoral Degree) ဖြစ်ပါကြောင်း၊ Level-3 ပြီးပါက Level-4 နှင့် Level-5 ကို ခုန်ပြီး Level-6 ကို တိုက်ရိုက်ဝင်ရောက် နိုင်ရန်အတွက် နိုင်ငံအသီးသီးရှိ စနစ်များကို လေ့လာပါက အင်္ဂလန် တွင် GCE A ဖြစ်ပါကြောင်း၊ USA မှာဆိုရင် SAT ဖြစ်ပါကြောင်း၊ ထိုင်း နိုင်ငံနှင့် ဂျပန်နိုင်ငံများတွင် National Exam ဖြစ်ပါကြောင်း၊ စင်ကာပူနိုင်ငံ တွင် Cambridge ၏ GCE A ဖြစ်ပါ ကြောင်း၊ Level-3 မှ Level-4 နှင့် Level-5 ကိုခုန်ပြီး တိုက်ရိုက်သွား သည့်စနစ်ဖြစ်သဖြင့် နိုင်ငံတိုင်းသည် National Exam သတ်မှတ်ပြီး ဆောင်ရွက်ပါကြောင်း၊ မြန်မာနိုင်ငံ တွင်လည်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကို သတ်မှတ်ဆောင်ရွက်ခြင်းဖြစ်ပါ ကြောင်း။

သင်ယူမှုအခွင့်အလမ်း

Level-3 ပြီး၍ အခြေခံပညာ အထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ် (High School Completion Certificate) ရသူများအနေဖြင့် Level-4 ကို သွားလို့ရပါကြောင်း၊ Level-4 ပြီးလျှင် သတ်မှတ်ချက် ပြည့်မီပါက Level-5 ကို ဆက်သွားလို့ ရပြီး Level-5 ပြီးလျှင် သတ်မှတ်ချက် ပြည့်မီပါက Level-6 ကို ဆက်သွား သည့် အခွင့်အလမ်းများရှိသောကြောင့် Credit Transfer System များ သတ်သတ်မှတ်မှတ် ချမှတ်ပြီး ဆောင် ရွက်ပေးရန် လိုပါကြောင်း၊ ယခုဆောင် ရွက်နေမှုများသည် တစ်သက်တာ သင်ယူမှု အခွင့်အလမ်းရှိအောင် ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း။

ကိုဗစ်-၁၉ ကြောင့် စဉ်ဆက် မပြတ် သင်ယူမှု (Learning Conti-nuity) ဖြစ်ရန်နှင့် သင်ယူမှုမဆုံးရှုံး စေရေး (No Learning Loss) မဖြစ်ရန် အတွက် ဒစ်ဂျစ်တယ်သင်ယူမှု(Digital Learning) လုပ်နိုင်အောင် High-Tech Learning လုပ်ပေးရန် လိုပါကြောင်း၊ လုပ်ငန်းခွင်ထဲသို့ ဝင်ရောက်သည့် အခါတွင် သီအိုရီ (Theory) နှင့် လက်တွေ့ (Practice) ပေါင်းစပ်ပြီး လုပ်ငန်းကို ကျွမ်းကျွမ်းကျင်ကျင်၊ စွမ်းဆောင်ရည် အမြင့်ဆုံးနှင့် အကောင်းဆုံး ဆောင်ရွက်ပေးရန် လိုပါကြောင်း၊ ထိုသို့ လိုအပ်သော အရည်အချင်းများ ဖြည့်ဆည်းပေးရန် Face-to-Face Teaching learning သည် အစားထိုး၍ မရပါကြောင်း၊ ဆရာ ဆရာမများ၏ အရည်အချင်း သည်လည်း အင်မတန်အရေးကြီးပါ ကြောင်း၊ ဆရာ ဆရာမများ၏ အရည် အသွေးကို မြှင့်တင်ပေးရန် လိုပါ ကြောင်း၊ အထူးသဖြင့် တိုင်းရင်းသား ဒေသများကို ဦးစားပေးပြီး နည်းပညာ နှင့် အခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးရန် လိုပါကြောင်း၊ တစ်သက်တာ ပေါင်းစပ်သင်ယူမှု အခွင့်အလမ်းကို High-Tech Lear-ning နှင့် High-Touch Learning ပေါင်းစပ်ထားသည့် Blended Learning ဖြင့်လည်း ကျောင်းသူ ကျောင်းသားများ လူငယ်များကို ပေးနိုင်မှသာ အဆင့်မြင့်ကျွမ်းကျင်မှု များကို အရည်အသွေးရှိသည့် ပညာ ရေးက အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ Academic Performance ကလည်း အရေးကြီးသလို စိတ်နေသဘောထား များ၊ ကောင်းမွန်သော သဘောထား အမြင်များ၊ တန်ဖိုးထားမှုများကလည်း အရေးကြီးပါကြောင်း၊ ၂၁ ရာစု ကျွမ်းကျင်မှုနှင့် အရည်အသွေးများ (21st Century Skills and Competencies) တွင် ပါဝင်သည့်

ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှု

(IQ) နှင့် စိတ်ရင့်ကျက်တည်ငြိမ်မှု၊ တစ်ပါးသူကို စာနာပေးနိုင်မှု (EQ) အပြည့်အဝရရှိနိုင်ရေးအတွက် အရည် အသွေးရှိသောပညာရေး (Quality Education) ကို အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စုပေါင်း အင်အားနှင့် ညီညီညွတ်ညွတ် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြရန်၊ ဝေဖန်ပေးခြင်း၊ အကြံပြုခြင်းဖြင့် ဆွေးနွေးပေးကြရန် မေတ္တာရပ်ခံ အပ်ပါကြောင်းစသည်ဖြင့် အဖွင့် အမှာစကားပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဇော်မြင့်က အမျိုးသားပညာရေး မဟာ ဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းလုပ်ငန်းများကို လည်း ကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) အခန်း (၇) မှ အဆင့်မြင့်ပညာ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှု ကဏ္ဍကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။

အစည်းအဝေးကို မွန်းလွဲ ၁ နာရီခွဲတွင် ဆက်လက်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ဆရာသမဂ္ဂများ၊ ဆရာ အသင်းအဖွဲ့များ၊ ဆရာဆရာမများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ရာထူးခန့်၊ တိုး၊ ပြောင်း ကိစ္စရပ်များ၊ သိရှိလိုသည်များနှင့် အမျိုးသားပညာ ရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) အတွက်ထောက်ခံ၊ အကြံပြု ချက်များကို ဆွေးနွေးကြရာ ညှိနှိုင်း ဆွေးနွေးပွဲကို ညနေ ၇ နာရီခွဲတွင် ပြီးစီးကြောင်း သိရသည်။

သတင်းစဉ်