
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းအတွက် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဝင်များ၊နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ် လူငယ်ရေးရာကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
==============================================================
နေပြည်တော် ဇန်နဝါရီ ၅
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ရေးဆွဲရေးအတွက် မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် လူငယ်ရေးရာကော်မတီဝင်များနှင့် ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်း ဒေသကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ နှင့် တိုင်းဒေသကြီး/ပြည်နယ် လူငယ်ရေးရာကော်မတီဝင် များမှ တာဝန်ရှိသူများ အွန်လိုင်းဖြင့် ပါဝင်ဆွေးနွေးကြ သည်။
အပြည့်အဝယုံကြည်
ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းနဲ့ ပတ်သက်လို့ သက်ဆိုင်ရာအဖွဲ့များအလိုက် သီးသန့်ဆွေးနွေးပွဲတွေ ပြုလုပ်ပေးတဲ့အတွက် အကျိုးရှိပြီး ထိရောက်တဲ့ မဟာ ဗျူဟာတစ်ရပ် ပေါ်ပေါက်လာမယ်လို့ အပြည့်အဝ ယုံကြည် ပါကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းဟာ နိုင်ငံတော်ရဲ့ လူ့စွမ်းအားအရင်းအမြစ်အုပ်စုဖြစ်တဲ့ ကလေး သူငယ်၊ လူငယ်တွေ ဘက်စုံဖွံ့ဖြိုးဖို့အတွက် အဓိက ရည်ရွယ်ပြီး ရေးဆွဲတာကြောင့် မိမိတို့ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးဖို့အတွက် တာဝန်ယူရတဲ့ ဌာနတွေဖြစ်တဲ့ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနတို့နဲ့ အဓိကဆက်စပ်နေတာဖြစ်ပါကြောင်း၊ နိုင်ငံတော်မှာ မူဝါဒများ၊ မဟာဗျူဟာများ ချမှတ်ရေးဆွဲ တဲ့နေရာမှာ နောက်ခံအကြောင်းအရာ၊ ဖြစ်ပေါ်နေတဲ့ အခြေအနေ၊ သတင်းအချက်အလက် စတာတွေကို စုစည်း ရယူပြီး ဆောင်ရွက်ရတာ ဖြစ်ပါကြောင်း၊ ဒီနေရာမှာ ရေရှည်မျှော်မှန်းပြီး ဦးစားပေးပန်းတိုင်များ ချမှတ်ခြင်း၊ တာဝန်ဝတ္တရားများသတ်မှတ်ခြင်း၊ စောင့်ကြည့်လေ့လာ ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း အစီအစဉ်များကို အဆင့် အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရတာ ဖြစ်ပါ ကြောင်း၊ (၂၈-၁၂-၂၀၂၀) ရက်နေ့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှာကြားချက်ဖြစ်သည့် “နိုင်ငံတိုင်းမှာ သဘာဝသယံဇာတအရင်းအမြစ်တွေ အနည်း နဲ့ အများဆိုသလို ရှိသော်လည်း ထုတ်ယူသုံးစွဲဖို့အတွက် အင်မတန်လွယ်ကူ မြန်ဆန်ပါကြောင်း၊ လူသားအရင်း အမြစ်တွေကသာ သုံးလို့မကုန်နိုင်တဲ့ အရင်းအမြစ်တွေ ဖြစ်တာကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့ဖို့ အတွက် နိုင်ငံသားတွေရဲ့ စွမ်းရည်အရင်းအမြစ်တွေကို စဉ်ဆက်မပြတ် မြှင့်တင်ပေးရမှာဖြစ်ကြောင်း၊ အခြေခံ ကျကျ အားထားရမှာကတော့ မိမိတို့ရဲ့ လူငယ်တွေပင် ဖြစ်ကြောင်း” မှာကြားထားရှိပါကြောင်း။
ယနေ့ကမ္ဘာပေါ်တွင် လူငယ်ဦးရေ တစ်ဘီလီယံခန့်ရှိရာ ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၁၈ ရာခိုင်နှုန်းခန့်မှာ လူငယ်များ ဖြစ်ကြပါကြောင်း၊ လူငယ်ဦးရေ၏ ၈၅ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်လျက်ရှိပြီး အာရှဒေသ တစ်ခုအတွင်းမှာပင် ၆၀ ရာခိုင်နှုန်းခန့် ရှိနေပါကြောင်း ကမ္ဘာ့လူငယ်ထုရဲ့အခြေအနေမှာ များသောအားဖြင့် ဒေသ များအကြား၊ နိုင်ငံများအကြား၊ လူ့အဖွဲ့အစည်းများအကြား စီးပွားရေး၊ လူမှုရေး၊ နည်းပညာနှင့်ယဉ်ကျေးမှုအရ ကွာဟမှု များ၊ မတူညီမှုများကို ဆိုးရွားစွာကြုံတွေ့နေရပါကြောင်း၊ ဒီလိုဆိုးရွားတဲ့အခြေအနေတွေကို မကြုံတွေ့စေဖို့အတွက် ပညာရေးကဏ္ဍက ပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးဟာ အဓိက အရေးပါတဲ့ကဏ္ဍမှာ ပါဝင်ပါကြောင်း၊ ဒါကြောင့် အခု ရေးဆွဲတဲ့ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀)မှာ လူငယ်တွေရဲ့ လက်ရှိအခြေအနေတွေကို ထင်ဟပ်တဲ့ လူငယ်များရဲ့အသံပါဝင်စေဖို့ အရေးကြီးပါ ကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးမှုအနာဂတ် အလားအလာ ကောင်းများကို ဖြည့်ဆည်းနိုင်ရေးအတွက် လူငယ်များ၏ စွမ်းရည်မြှင့်တင်ရန်နှင့် ပါဝင်မှုအခန်းကဏ္ဍကို တိုးမြှင့်ရန် ရည်ရွယ်၍ လူငယ်များပါဝင် ရေးဆွဲခဲ့သော ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီးဖြစ်တဲ့ လူငယ်ရေးရာ မူဝါဒမှာပါတဲ့ အဓိကကဏ္ဍ (၁၆) ရပ်မှာ ပညာရေးကဏ္ဍကို ထိပ်ဆုံးက ဖော်ပြထားရှိပါကြောင်း။
မိတ်ဆက်ဖြန့်ချိနိုင်ခဲ့
ဆက်လက်၍ မူဝါဒကို အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန် မျှော်မှန်းချက်၊ လမ်းစဉ်နှင့် အညွှန်းကိန်းများ ပါဝင်သည့် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) ကို (၂၈-၁၂-၂၀၂၀) ရက်နေ့က မိတ်ဆက်ဖြန့်ချိနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ လူငယ် ရေးရာမူဝါဒမှာ အထူးအလေးပေးရမယ့် လူငယ်များကို ဖော်ပြထားရှိပြီး အဓိကကဏ္ဍ (၁၆) ရပ်အဖြစ် ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးနှင့် အခြားဘေးဖြစ်စေတတ် သည့် အန္တရာယ်များ၊ အားကစားနှင့် အပန်းဖြေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေး၊ နိုင်ငံရေး၊ စာပေ၊ အနုပညာနှင့်ယဉ်ကျေးမှု၊ သုတေသန၊ သိပ္ပံနှင့်နည်းပညာ၊ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု၊ သယံဇာတသုံးစွဲမှု နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေး/ ဘဝလုံခြုံရေး၊ ကျား၊ မ ညီမျှမှု၊ လူ့အခွင့်အရေး၊ နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍတို့ကို အကောင်အထည်ဖော်ဆောင် ရွက်သွားရန် ပြဋ္ဌာန်းထားရှိပါကြောင်း၊ အဆိုပါ လူငယ် ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄)နဲ့ပတ်သက်လို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးတွေကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လကတည်းက စတင်ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် အလျင်အမြန် ဆောင်ရွက်သွား နိုင်ရန် မဟာဗျူဟာတစ်ခုချင်းစီအလိုက် လုပ်ငန်းစီမံချက် (Action Plan) များ ချမှတ်ရေးဆွဲသွားမှာ ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် လူငယ်များကိုယ်တိုင် ပါဝင် လျက် လက်တွေ့အပြောင်းအလဲများဖြစ်အောင် ဖော်ဆောင် ခွင့်ရရှိရေးနှင့် လူငယ်တစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေ ဘဲ အားလုံးပူးပေါင်းပါဝင်ခွင့်ရရှိရေးအတွက် ဦးတည် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ အနာဂတ်စွမ်းအားစုတွေဖြစ်တဲ့ ကလေးသူငယ်၊ လူငယ်တွေအတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ကို ချမှတ်ရေးဆွဲတဲ့ နေရာမှာ ထိခိုက်လွယ်အုပ်စုတွေထဲမှာ ပါဝင်တဲ့ ကာကွယ် စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များ၊ လူငယ် များ၊ မသန်စွမ်းကလေးသူငယ်များ၊ လူငယ်များ၊ ရွှေ့ပြောင်း လုပ်သားလူငယ်များ၊ သဘာဝဘေးအန္တရာယ်နှင့် ပဋိပက္ခ များကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ များ၊ မတူကွဲပြားစွာ လိင်စိတ်ကိုင်းညွတ်မှုနှင့် လိင်ဝိသေသ ခံယူမှုရှိသည့် လူငယ်များ၊ တိုင်းရင်းသားမျိုးနွယ်စုများနှင့် ဝေးလံဒေသများမှလူငယ်များ၊ လူကုန်ကူးခြင်းခံရသူများ၊ မူးယစ်ဆေးဝါးစွဲနေသူလူငယ်များနှင့် ဆေးဖြတ်ပြီးသူ လူငယ်များ၊ ခုခံအားကျဆင်းမှုရောဂါ ကူးစက်ခံရသူ လူငယ်များ၊ လိင်လုပ်သားလူငယ်များ၊ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရသူများအတွက် ထည့်သွင်းစဉ်းစားပြီး အရည် အသွေးပြည့်ဝပြီး လိုအပ်သော ကျွမ်းကျင်မှုများ ရရှိနိုင် စေရန် အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များအပြင် အလုပ်သမားဈေးကွက်၏ လိုအပ်ချက် များအပေါ်မူတည်၍ လူငယ်များအတွက် အသက်မွေးဝမ်း ကျောင်းဆိုင်ရာ သင်တန်းအစီအစဉ်များကို ကျေးလက် ဒေသအထိ ရောက်ရှိနိုင်စေရေး၊ ပညာသင်ယူရန်အခွင့်အလမ်း နည်းပါးသော ကလေးသူငယ်များအတွက် ကျောင်းပြင်ပ နှင့် တစ်သက်တာ ပညာရေးအစီအမံများကို သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ လူငယ်ရေးရာ ကော်မတီများ ပူးပေါင်း၍ ဆောင်ရွက်စေလိုပါကြောင်း၊ ဆက်လက်ပြီး နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ အင်မတန်မှ အရေးကြီး တဲ့အတွက်ကြောင့် စွန့်ဦးတီထွင်နိုင်ပြီး အလားအလာ ရှိသည့် လူငယ်များကို စနစ်တကျ ပြုစုပျိုးထောင်ပေးနိုင် ရေးဟာ ဦးစားပေးအခန်းကဏ္ဍအနေနဲ့ ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း။
ဒါကြောင့် လူငယ်များအတွက် စီးပွားရေးနှင့်ပတ်သက် သည့် အတွေးအခေါ်အယူအဆများ၊ မဟာဗျူဟာကျကျ စဉ်းစားတွေးခေါ်မြော်မြင်မှုများ ရရှိနိုင်စေရန် သင်တန်း များပေးခြင်းနှင့် ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍လည်း Value Chain, Value Added တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် အရည်အသွေးများ ရရှိနိုင်စေရေး အတွက် ချိတ်ဆက်ဆောင်ရွက်စေလိုပါကြောင်း၊ အခြေခံ ပညာကျောင်းများနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ တတ်မြောက်ပြီးသူ လူငယ်လူရွယ်တို့အတွက် သင့်တော်သည့် အလုပ်သမားဈေးကွက်သို့ မိတ်ဆက် နိုင်ရေးနှင့် Small and Medium Enterprises-SME အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေများရယူနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် မဟာဗျူဟာမှာ လမ်းကြောင်းတစ်ခုအနေနဲ့ ချမှတ်ခဲ့ဖို့ လိုအပ်ပါကြောင်း ပြောကြားသည်။
၂၆ ကြိမ် ကျင်းပရန် လျာထား
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (NESP-2) ညှိနှိုင်းဆွေးနွေးပွဲများကို ၂၆ ကြိမ် ကျင်းပရန် လျာထားပြီး ယနေ့ဆွေးနွေးပွဲသည် ၂၅ ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan - MSDP) (2018-2030) နှင့် ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးမှုပန်းတိုင် (Sustainable Development Goals - SDGs) (2030) တို့နှင့် လိုက်လျော ညီထွေဖြစ်အောင် ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် NESP-2 အကောင်အထည်ဖော်ဆောင်ရွက်သည့် ကာလမှာ ၁၀ နှစ် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောကြားခဲ့သည့်အတိုင်း ပညာရေး ကဏ္ဍတိုးတက်မှုသည် ရေရှည်လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan – MSDP) (2018-2030)၊ ရေရှည် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးမှုပန်းတိုင် (Sustainable Development Goals–SDGs) (2030)၊ ယူနက်စကို၏ Future Education (2030)၊ OECD ၏ Future of Education and Skills (2030) တို့နှင့် လိုက်လျောညီထွေဖြစ်မှသာ လူငယ် များသည် ဂုဏ်သိက္ခာရှိသော လူ့ဘဝကိုပိုင်ဆိုင်နိုင်ရေး အတွက် အလုပ်အကိုင်ကောင်းကောင်းရရှိရန် အထောက် အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ပညာရေးနှင့် ပတ်သက်သော နိုင်ငံတကာအစီရင်ခံစာ နှစ်စောင်ကို မိတ်ဆက်ရှင်းလင်းလိုပါကြောင်း။
The Learning Generation: Investing in Education for a Changing World တွင် ဖော်ပြထားသည်မှာ ကမ္ဘာ တွင် Automation နည်းပညာဖွံ့ဖြိုးတိုးတက်မှုမြန်ဆန် ကြောင်း၊ Artificial Intelligence, Robotics, Cloud Computing, Big Data, Internet of Things များ ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်နေပါကြောင်း၊ လုပ်သားဈေးကွက် ပြောင်းလဲလာပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်း အတွက် ပြိုင်ဆိုင်မှုပြင်းထန်လာ၍ အဆင့်မြင့်ကျွမ်းကျင်မှု (High Level Skills) များ အရေးပါလာကြောင်း၊ မကြာမီ ကာလများတွင် လူဦးရေတိုးလာသော်လည်း နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကြောင့် လက်ရှိအလုပ်အကိုင်များကို ဆုံးရှုံးနိုင်ခြေများလာမည်ဖြစ်သကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်းမှာလည်း လျော့နည်းလာမည်ဟု အဆိုပါ စာအုပ်တွင် ခန့်မှန်းထားပါကြောင်း၊ အလုပ်အကိုင်အများစု မှာလည်း လစာနည်း၍ ဘဝလုံခြုံမှုအာမခံနိုင်ရန် ခက်ခဲ သဖြင့် အဆင့်မြင့်ကျွမ်းကျင်မှုစွမ်းရည်ရှိမှသာ အလုပ် အကိုင်ကောင်းကောင်းရရှိနိုင်ကာ လစာကောင်းကောင်း ရရှိခံစားနိုင်မည်ဖြစ်ပြီး မိသားစုဝင် ကလေးငယ်များ၏ အနာဂတ်လှပရန် ပံ့ပိုးပေးနိုင်မည်ဟု ဖော်ပြထားပါ ကြောင်း၊ ထို့ကြောင့် ကလေးငယ်များအားလုံးအတွက် လိုအပ်သော အဆင့်မြင့်ကျွမ်းကျင်မှုရရှိစေရန်၊ ဆိုးရွား သော မညီမျှမှု (Worsening Inequality) များကို လျှော့ချ ရန်၊ အနာဂတ်သုခချမ်းသာပြည့်ဝစေရေးအတွက် ပံ့ပိုး ဖြည့်ဆည်းရန်မှာ အရည်အသွေးရှိသောပညာရေး (Quality Education) ဖြင့်သာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါ ကြောင်းဖြင့် ဖော်ပြထားပါကြောင်း၊ သို့ဖြစ်ပါ၍ ပညာရေး ဝန်ကြီးဌာနက အရည်အသွေးရှိသောပညာရေး (Quality Education) ကို ဦးတည်ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။
ပူးပေါင်းဆောင်ရွက်ရန်လိုအပ်
OECD ၏ Future of Education and Skills 2030 Report ကို လေ့လာကြည့်လျှင် မြန်မာနိုင်ငံ၏ လက်ရှိ ပညာရေးအဆင့်အနေအထားကို သိမြင်နိုင်မှာဖြစ်ပါ ကြောင်း၊ ရှေးထုံးစဉ်လာပညာရေး (Traditional Education System) တွင် လူနည်းစုကသာ ဆုံးဖြတ်ခြင်း၊ ဆရာများက ကျောင်းသားများကို သင်ကြားခြင်း၊ ကျောင်းသားများက သင်ကြားပို့ချသည်ကို အလွတ်ကျက် မှတ်ခြင်း၊ ဆရာများကသင်ကြား၍ ကျောင်းအုပ်များက စီမံခန့်ခွဲခြင်း၊ သင်ရိုးညွှန်းတမ်းများ တစ်သမတ်တည်း စံသတ်မှတ်ထားခြင်း၊ ကျောင်းသားများကို စံသတ်မှတ် ထားသည့် စာမေးပွဲများဖြင့် စစ်ဆေးအကဲဖြတ်ခြင်း၊ စာမေးပွဲရလဒ်ကိုသာ ဦးစားပေးခြင်းတို့ကို တွေ့ရှိရပါ ကြောင်း၊ New Normal Education တွင် တန်ဖိုးထားမှု များ၊ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးမှု ပန်းတိုင်များ၊ သဘာဝ၊ ရွှေ့ပြောင်းနေထိုင်မှု၊ လူ့သက်တမ်း ရှည်ကြာမှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ၊ ရာသီဥတု ပြောင်းလဲလာမှုများကို တွေ့ကြုံလာရပြီး အသင်းအဖွဲ့ စိတ်ဓာတ်များ၊ လိုက်လျောညီထွေဖြစ်မှု (Flexibility)၊ ပွင့်လင်းမြင်သာမှု၊ စုပေါင်းအင်အားဖြင့် တာဝန်ယူ တာဝန်ခံမှုတို့ဖြင့် ကျောင်းနှင့်အဖွဲ့အစည်းများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လာပါကြောင်း၊ ယင်း အချက်များကို သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းရန်၊ ညှိနှိုင်းဆွေးနွေးရန်၊ အကြံပြုချက်များကို တန်ဖိုးထား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ဒစ်ဂျစ်တယ် သင်ယူမှု၊ စာသင်ခန်းတွင်း သင်ယူမှုနှင့် ပေါင်းစပ်သင်ယူမှု၊ တစ်သက်တာသင်ယူမှုတို့ အရေးကြီးလာပါကြောင်း။
မြန်မာနိုင်ငံ၏ ပညာရေးသည် နှစ်ပေါင်းများစွာ အားနည်းခဲ့သဖြင့် အရည်အသွေးရှိသော ပညာရေးကို အချိန်ယူဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ၂၀၁၆ ဧပြီလမှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအထိ ပညာရေးပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာတွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို အထောက်အကူပြုရန်အတွက် တိုင်းရင်းသားဒေသများ ကို ဦးစားပေး၍ ၂၄၃၀၅ ကျောင်းကို အဆင့်တိုးမြှင့် ခဲ့သဖြင့် အခြေခံပညာကျောင်း စုစုပေါင်း ၄၇၇၆၀ ကျောင်း အထိ ကျေးရွာပေါင်း ခြောက်သောင်းအနက် ကျေးရွာ အများစုတွင် ရှိလာခြင်း၊ စာသင်ခုံ၊ စာသင်ခန်း၊ စာကြည့် တိုက်၊ သန့်စင်ခန်း၊ သောက်ရေ/သုံးရေ၊ ကွန်ပျူတာ၊ ဆရာ ဆရာမ အိမ်ရာများ စသည်တို့ကို r စာမျက်နှာ ၁၁ မှ
ပံ့ပိုးဖြည့်ဆည်းပေးခြင်း၊ သင်ရိုးသစ်ဗလာစာအုပ်နှင့် စာရေး ကိရိယာများ အခမဲ့ဖြန့်ဝေခြင်း၊ အားကစားပစ္စည်းများ ထောက်ပံ့ခြင်း၊ ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ ခြင်း၊ မသန်စွမ်းများအားလုံးကို ပညာသင်ထောက်ပံ့ခြင်း၊ ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေများ ထောက်ပံ့ခြင်း၊ ၂၁ ရာစု ကျွမ်းကျင်မှုဆိုင်ရာများကို သင်ကြားသင်ယူနိုင်ရန်အတွက် လည်း သင်ရိုးသစ်ကျောင်းသုံးဖတ်စာအုပ်များကို JICA၊ ADB၊ EU တို့၏ အကူအညီဖြင့် ပြုစုပုံနှိပ်၍ အခမဲ့ဖြန့်ဝေခြင်း၊ အခြေခံပညာသင်ရိုးညွှန်းတမ်းအညွှန်းဘောင်အရ ဒေသ သင်ရိုးအဖြစ် သတ်မှတ်ထားသည့် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ကလေးငယ်များအတွက် တိုင်းရင်းသားစာပေ (၆၃) မျိုးသင်ကြားခြင်းနှင့် ဒေသခံတိုင်းရင်းသားများကို Language Teacher များနှင့် Teaching Assistant များအဖြစ် ခန့်ထားခြင်း၊ ဒေသခံတိုင်းရင်းသားများကို သတ်မှတ်အရည်အချင်းနှင့်အညီ ပညာရေး ဒီဂရီကောလိပ်၊ ပညာရေးတက္ကသိုလ်များ၊ မူလတန်းဆရာဖြစ်သင်တန်းများ တက်ရောက်ရန် အားပေးခြင်းနှင့် ဆရာ၊ ဝန်ထမ်းများအဖြစ် ရာထူး ခန့်/ပြောင်း/တိုး အားပေးဆောင်ရွက်ခြင်း၊ ဆရာ ဆရာမများအားလုံးအား သင်ရိုးသစ်ကျောင်းသုံးဖတ်စာအုပ်သစ်များ သင်ကြားသင်ယူနည်းများကို နှစ်ပတ်ကြာ သင်ကြားသင်ယူမှုနှင့် သင်ထောက်ကူပစ္စည်းများ ထိရောက် စွာ အသုံးပြုနည်းသင်တန်းများ ပေးခြင်းတို့ကြောင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မူလတန်း Grade-5 သင်ယူ ပြီးမြောက်သူ ဦးရေ (၉၈၁၀၇၅) ဦးရှိလာသဖြင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်ကထက် ကျောင်းသားဦးရေ (၁၅၄၆၆၃) ဦး ပိုမိုလာခြင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အလယ် တန်း Grade-9 သင်ယူပြီးမြောက်သူ ဦးရေ (၆၈၈၄၀၉) ဦးရှိလာသဖြင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်ကထက် ကျောင်းသားဦးရေ (၁၅၇၄၂၆) ဦး ပိုမိုလာခြင်း၊ ၂၀၂၀ ပြည့် နှစ်၊ မတ်လ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ဖြေဆိုသူဦးရေ (၉၁၀၂၂၉)၊ အောင်မြင်သူဦးရေ (၂၉၁၇၉၈) ရှိလာသဖြင့် ၂၀၁၆ ခုနှစ်၊ မတ်လကထက် ဖြေဆိုသူဦးရေ (၂၇၃၉၉၂) ဦးနှင့် အောင်မြင်သူဦးရေ (၁၀၁၄၀၈) ဦးတို့ ပိုမိုလာခြင်း၊ ၂၀၂၀ ပြည့်နှစ်တွင် အထက်တန်းသင်ယူပြီးမြောက်သည့် လက်မှတ်ရရှိသူဦးရေ (၅၆၆၂၇၄) (သတ်မှတ်ချက် ၇ ချက် ကို ပြည့်မီသူ) ရှိပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာ ကျောင်းများတွင် Level 4 နှင့် Level 5 များကို တက်ရောက် နိုင်ကြောင်းနှင့် အရည်အချင်းပြည့်မီပါက တက္ကသိုလ်ပညာ ကို ဆက်လက်သင်ယူခွင့်ရနိုင်မည့် အခွင့်အလမ်းများရရှိ စေရန် စတင်ဆောင်ရွက်လျက်ရှိရာ Myanmar Digital Education Platform – MDEP တွင် သင်တန်း (၄၁) ခု ဆောင်ရွက်ထားပါကြောင်း၊ အခြေခံပညာအထက်တန်း အောင်လက်မှတ်ရရှိသူများသည် ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်လျက်ရှိသည့် Open University တွင် တက်ရောက် လိုက သတ်မှတ်ချက်များနှင့် ကိုက်ညီလျှင် တက်ရောက်နိုင် မည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် အခြေခံပညာကဏ္ဍရှိ ဆရာ ဆရာမများက သင်ရိုးသစ် ကျောင်းသုံးဖတ်စာအုပ် များ၊ သင်ကြားသင်ယူမှုနည်းလမ်းသစ်များ၊ သင်ထောက်ကူ ပစ္စည်းများအသုံးပြု၍ မူလတန်းအဆင့်တွင် ဖတ်တတ်၊ ရေးတတ်၊ တွက်တတ်အောင် သင်ကြားသင်ယူ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အရှေ့တောင်အာရှ မူလတန်းသင်ယူ တတ်မြောက်မှုဆန်းစစ်ချက် South-East Asia Primary Learning Matrix (SEA-PLM) အရ ပါဝင်သော အရှေ့တောင် အာရှနိုင်ငံ ၆ နိုင်ငံတွင် အဆင့် ၃ တွင်ရှိသည်ကို အသိပေး တင်ပြလိုပါကြောင်း၊ စစ်ဆေးအကဲဖြတ်မှုတွင် မြန်မာနိုင်ငံ သည် ကျား-မအရ၊ ကျေးလက်-မြို့ပြအရ၊ ဝင်ငွေနည်း-များအရ၊ စာသင်ခန်း-ကျောင်းသားအချိုး နည်း-များခြင်း အရ ကွာဟမှုအနည်းဆုံးဖြစ်သည်ဟု ဖော်ပြထားပါကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ အရည်အသွေးသာမက မိဘ၊ ဆရာများ၊ ကျောင်းအုပ်များကို စစ်ဆေးအကဲဖြတ်ခြင်း ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများတွင် ကိုယ်ချင်း စာစိတ်ဖြင့် ကူညီဆောင်ရွက်ခြင်းနှင့် အပြုသဘောဆောင် သည့် သဘောထားများ အားကောင်းရန် လိုအပ်နေပြီး မိဘ များကလည်း မိမိရင်သွေးငယ်များ၏ သင်ယူတတ်မြောက်မှု ကောင်းမွန်စေရန်အတွက် ဆရာ ဆရာမများနှင့် ပူးပေါင်း ဆောင်ရွက်မှုများတွင် အားနည်းသည်ဟု ဖော်ပြထားပါ ကြောင်း၊ ၂၀၁၆ မှ ၂၀၂၀ အထိ နိုင်ငံတကာသင်္ချာအိုလံပီယာ့ (International Mathematical Olympiad) တွင် အထက် တန်းကျောင်းသား ကျောင်းသူများ ဝင်ရောက် ယှဉ်ပြိုင်ရာ တွင် Honorary Mention (၆) ခု ရရှိရန် စွမ်းဆောင်နိုင်ခဲ့ပါ ကြောင်း၊ ဆရာ ဆရာမများသည် သင်ကြားသင်ယူမှု နည်းလမ်းသင်တန်းများပေး၍ စနစ်တကျ အားပေး ဖြည့်ဆည်းပေးပါက ဆန်းသစ်တီထွင်နိုင်မှုရှိပြီး သင်ကြား သင်ယူမှုကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ကြောင်းနှင့် ကျောင်းသား ကျောင်းသူများ၏ သင်ယူနိုင်မှုအရည်အသွေး မြင့်မားကြောင်း စသည့် အားသာချက်များကို တွေ့ရှိရပါ ကြောင်း၊
ဦးတည်ဆောင်ရွက်လျက်ရှိ
နည်းပညာနှင့်သက်မွေးကျောင်း/သိပ္ပံ (၁၂) ကျောင်း တိုးချဲ့ဖွင့်လှစ်ခဲ့သဖြင့် စုစုပေါင်း (၇၀) ကျောင်းရှိလာခြင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် (၈) ကျောင်း တိုးချဲ့ ဖွင့်လှစ်ခဲ့ခြင်း၊ ၂ နှစ်သင် ပညာရေးကောလိပ်များအားလုံး တို့ကို ၄ နှစ်သင် ပညာရေး ဒီဂရီကောလိပ်များအဖြစ်သို့ အဆင့်မြှင့်တင်ခြင်း၊ တိုင်းရင်းသားဒေသများနှင့် ကျောင်းသားဦးရေများပြားသည့် ဒေသများတွင် မိုးညှင်း တက္ကသိုလ်၊ ဟားခါးတက္ကသိုလ်၊ တောင်ကုတ်တက္ကသိုလ်၊ ရေနံချောင်းတက္ကသိုလ်၊ မြင်းခြံတက္ကသိုလ်၊ မန္တလာ တက္ကသိုလ်များအဖြစ်သို့ အဆင့်မြှင့်တင်ခြင်း၊ ရန်ကုန် တက္ကသိုလ်အပါအဝင် တက္ကသိုလ် ၁၆ ခုကို မဟာဌာနကြီး များနှင့်် ကိုယ်ပိုင်စီမံခန့်ခွဲမှုဖြင့် ရပ်တည်သော တက္ကသိုလ် များအဖြစ်သို့ ဦးတည်ဆောင်ရွက်လျက်ရှိပြီး ယင်းအတွေ့ အကြုံများမှ အခြားတက္ကသိုလ်များကိုလည်း ဆက်လက် အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသအလိုက် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမှုနှင့် ရွေးချယ်မှုတို့ အားပေး ပံ့ပိုးခြင်း၊ စွမ်းဆောင်ရည်အခြေပြုဆရာ၊ ဝန်ထမ်း ရာထူး ခန့်/ပြောင်း/တိုးများ အားပေးခြင်း၊ အချိန်ပိုင်း နည်းပြ/သရုပ်ပြများ ခန့်ထားရေး အားပေးခြင်း၊ စာသင်ခန်း၊ စာသင်ခုံ၊ သင်ထောက်ကူနဲ့ သုတေသနဓာတ်ခွဲခန်း ပစ္စည်းများ၊ စာကြည့်တိုက်၊ e-Library များ၊ သန့်စင်ခန်း၊ သောက်ရေ/သုံးရေ၊ ကွန်ပျူတာ၊ စားသောက်ဆိုင်၊ အားကစားဆိုင်ရာများ၊ ဆရာ ဆရာမအိမ်ရာများ၊ အင်တာ နက်၊ ဝိုင်ဖိုင်၊ အီးမေးလ်၊ Website များ စသည်တို့ကို ပံ့ပိုး ဖြည့်ဆည်းခြင်းများကို ဆောင်ရွက်လျက်ရှိရာ တက္ကသိုလ် (၁၃၄) ကျောင်းတွင် ကိုယ်ပိုင် Website များရှိလာပြီဖြစ်ပါ ကြောင်း၊ Webometrics ၏ Ranking Web of Universities တွင် အစိုးရတက္ကသိုလ် (၇၃) ကျောင်းနှင့် ပုဂ္ဂလိက (၁၀) ကျောင်း စုစုပေါင်း (၈၃) ကျောင်းကို ထည့်သွင်းဖော်ပြထား ပါကြောင်း၊ ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ခြင်း၊ မသန်စွမ်းများအားလုံးတို့ကို ပညာသင်ထောက်ပံ့ခြင်း၊ လွတ်လပ်သော တက္ကသိုလ် ကိုယ်ပိုင်စီမံခန့်ခွဲမှု (Autonomous University) ဖြင့် ရပ်တည်နိုင်ရေး ဦးတည်၍ တက္ကသိုလ် ပဋိညာဉ်စာတမ်းများ ရေးဆွဲရန်အားပေးခြင်း၊ သင်ရိုးညွှန်းတမ်းများ ပြင်ဆင်မြှင့်တင်ရန် စီစဉ်ဆောင်ရွက် ခြင်း၊ အင်္ဂလိပ်စာနှင့် အိုင်စီတီ သင်ယူတတ်မြောက်မှု အားပေးခြင်း၊ တက္ကသိုလ်၏ အသက်သွေးကြောဖြစ်သော ဒေသအကျိုးပြု၊ ပြည်ထောင်စုအကျိုးပြုသည့် သုတေသန လုပ်ငန်းများ ဆောင်ရွက်မှု၊ သုတေသနဆွေးနွေးပွဲများ၊ သုတေသနညီလာခံများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ သုတေသနဂျာနယ်များတွင် အရည်အသွေးရှိသော သုတေသနစာတမ်းများရေးသားမှု အားပေးပံ့ပိုးခြင်း၊ နိုင်ငံခြားပညာသင်/ ညီလာခံ/ အလုပ်ရုံဆွေးနွေးပွဲများ အားပေးစေလွှတ်ခြင်း၊ Science Fair, Science and Technology Fair, Job Fair များ၊ University-Industry Partnership, IQA အားပေးပံ့ပိုးခြင်း၊ ဒေသအကျိုးပြု ကာလတိုသင်တန်းများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ ဒေသအကျိုးပြု ပုံမှန်သင်တန်းများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ လွိုင်ကော် တက္ကသိုလ်၊ ဘားအံတက္ကသိုလ်၊ ဟားခါးတက္ကသိုလ် တို့တွင် ဥပဒေပညာဘွဲ့သင်တန်းဖွင့်ပေးခြင်း၊ စစ်တွေတက္ကသိုလ် တွင် အဏ္ဏဝါသိပ္ပံဘွဲ့သင်တန်း၊ ဟားခါးတက္ကသိုလ်တွင် အင်ဂျင်နီယာဘွဲ့နှင့် ကွန်ပျူတာဘွဲ့သင်တန်းများ ဖွင့်လှစ် ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊
ရေနှင့်ပတ်သက်ပြီး ကမ္ဘာ့ထိပ်တန်းဖြစ်စေရေး
ရန်ကုန်တက္ကသိုလ်တွင် ငါးလုပ်ငန်း ပညာဘွဲ့သင်တန်း၊ ရေနှင့် သဘာဝပတ်ဝန်းကျင်ပညာသင်တန်းများ တိုးချဲ့ ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် မြစ်၊ ချောင်း၊ အင်းအိုင် ပေါများခြင်းနှင့် ရှည်လျားသော ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်နှင့်အညီ ရေနှင့်ပတ်သက်ပြီး ကမ္ဘာ့ထိပ်တန်း ဖြစ်စေရေး ဦးတည်ကာ ရေနှင့်သဘာဝပတ်ဝန်းကျင်ပညာ သင်တန်းများကို အားပေးဖွင့်လှစ်လျက်ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၂၀ ပြည့်နှစ်အထိ ကာလတိုသက်မွေး သင်တန်းပြီးသူ စုစုပေါင်း ၄၁၇၀၇ ဦးရှိ၍ ၂၀၁၁ ခုနှစ် မှ ၂၀၁၆ ခုနှစ်၊ မတ်လအထိ ကာလထက် ၃၆၃၈၁ ဦး ပိုမို လာခြင်း၊ နည်းပညာအထက်တန်းပြီးသူ စုစုပေါင်း ၁၀၁၈၉ ဦးရှိ၍ ၂၀၁၁ ခုနှစ် မှ ၂၀၁၆ ခုနှစ်၊ မတ်လအထိ ကာလထက် ၆၀၄၀ ဦး ပိုမိုလာခြင်း၊ စက်မှုလက်မှုသိပ္ပံ/ကောလိပ်များမှ ဒီပလိုမာရသူ စုစုပေါင်း ၇၅၁၅ ဦး ရှိ၍ ၂၀၁၁ ခုနှစ် မှ ၂၀၁၆ ခုနှစ်၊ မတ်လအထိ ကာလထက် ၆၇၀၇ ဦး ပိုမိုလာခြင်း၊ ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၂၀ ပြည့်နှစ်အထိ တက္ကသိုလ် ကျောင်းသားဦးရေ စုစုပေါင်း ၃၆၆၇၄၆၀ ဦး ရှိလာ၍ ၂၀၁၁ ခုနှစ် မှ ၂၀၁၆ ခုနှစ်၊ မတ်လအထိ ကာလထက် ၁၃၀၄၁၇၄ ဦး ပိုမိုလာခြင်း၊ ဘွဲ့ရဦးရေ စုစုပေါင်း ၆၀၃၄၄၉ ဦး ရှိလာ၍ ၂၀၁၁ ခုနှစ် မှ ၂၀၁၆ ခုနှစ်၊ မတ်လအထိ ကာလထက် ၂၄၄၂၆ ဦး ပိုမိုလာခြင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာသုတေသန ဂျာနယ်များတွင် သုတေသနစာတမ်းရေးသားမှု စုစုပေါင်း ၂၂၁၅၂ စောင်ရှိ၍ ၂၀၁၁ ခုနှစ် မှ ၂၀၁၆ ခုနှစ်၊ မတ်လအထိ ကာလထက် ၉၃၈၅ စောင် ပိုမိုလာခြင်း၊ ရန်ကုန်တက္ကသိုလ် က ၂၀၁၆ ခုနှစ်၌ ကမ္ဘာ့အဆင့် ၁၃၀၇၂ ရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့အဆင့် ၇၁၁၆ သို့ တိုးတက်လာခဲ့သလို မန္တလေးတက္ကသိုလ်မှာလည်း ၂၀၁၆ ခုနှစ်၌ ကမ္ဘာ့အဆင့် ၂၀၇၀၁ ရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့အဆင့် ၉၇၂၂ သို့ တိုးတက်လာခဲ့ပါကြောင်း၊
ဂိမ်းစွဲလမ်းမှုလျော့နည်းရေး
ထို့အပြင် ကျောင်းသား ကျောင်းသူများနှင့် တိုင်းရင်းသား ပြည်သူများကို စိန်ခေါ်နေသည့် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး၊ အရက်၊ ဘီယာအန္တရာယ် ကာကွယ် တားဆီးရေး၊ ဆေးလိပ်အန္တရာယ်ကာကွယ်တားဆီးရေး၊ ယာဉ်နှင့် လမ်းလုံခြုံမှုရှိရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံမြှင့်တင်ရေး၊ မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးရေး၊ ဂိမ်းစွဲလမ်းမှုလျော့နည်းရေးတို့ကို လည်း အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်များတို့တွင် ဆက်စပ်ဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊
ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာ၌ အရည်အသွေးရှိသောပညာရေးတွင် သင်ယူခြင်း (Learning) သည် တန်ဖိုးမဖြတ်နိုင်သော အနန္တရတနာသိုက် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အမျိုးသားပညာအရည်အချင်း မူဘောင် (National Qualification Framework - NQF) သည် တစ်သက်တာသင်ယူမှုအတွက် အရေးကြီးပါကြောင်း၊ မူလတန်းသင်ယူပြီးမြောက်လျှင် Level – 1 ဖြစ်ပါကြောင်း၊ အလယ်တန်းသင်ယူပြီးမြောက်လျှင် Level – 2 ဖြစ်ပါ ကြောင်း၊ အထက်တန်း သင်ယူပြီးမြောက်လျှင် Level – 3 ဖြစ်ပါကြောင်း၊ Level – 4 သည် Short Cycle တစ်နှစ်အထိ ကာလတိုသင်တန်းလေးများဖြစ်ပြီး တက္ကသိုလ်တိုက်ရိုက် တက်၍မရသော်လည်း Level – 5 ကို ကူးပြောင်းသင်ယူလို့ ရပါကြောင်း၊ Level – 5 သည် Short Cycle တစ်နှစ်ကနေ နှစ်နှစ်အထိရှိသည့် ဒီပလိုမာသင်တန်း၊ အဆင့်မြင့်ဒီပလိုမာ သင်တန်းများဖြစ်ပြီး သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီ ပါက Level - 6 သို့ ဆက်လက် ကူးပြောင်းသင်ယူလို့ ရပါကြောင်း၊ Level – 6 သည် Bachelor Degree ဖြစ်ပြီး Level – 3 မှ Level – 4 နဲ့ Level – 5 ကို ခုန်ကျော်ပြီး Level– 6 သို့ တိုက်ရိုက်တက်ရောက် ပညာသင်ယူနိုင်ရန်မှာ အင်္ဂလန်တွင် GCE- A စာမေးပွဲ၊ USA တွင် SAT၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံတွင် ဂေါင်းဂေါင်၊ ဂျပန်တွင် National Examination ကဲ့သို့ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ (Matriculation Examination) သည် Level – 3 မှ Level – 6 တက္ကသိုလ်သို့ တိုက်ရိုက်ခုန်တက်နိုင်ရေး ကျောင်းသား ကျောင်းသူအားလုံးအတွက် တရားမျှတသော စစ်ဆေးအကဲဖြတ်ခြင်းဖြစ်ပါကြောင်း၊ Level – 7 သည် မဟာဘွဲ့ ဖြစ်ပြီး Level – 8 သည် ပါရဂူဘွဲ့ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ မသင်မနေရ အခြေခံပညာရေး အဆင့်ပေါ်မူတည်ပြီး Level အဆင့် သတ်မှတ်ချက်မတူညီ သဖြင့် ဂုဏ်သိက္ခာရှိသော ကောင်းမွန်သည့် အလုပ်အကိုင် များ ရရှိရန်အတွက် Level သတ်မှတ်ချက်များ၊ Credit Transfer System သတ်မှတ်ချက်များနှင့်အညီ တစ်သက် တာ သင်ယူမှုအခွင့်အလမ်းများ ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက် ပေးရန်သည် အရေးကြီးပါကြောင်း၊ တစ်သက်တာသင်ယူမှု အခွင့်အလမ်းများ ဖြည့်ဆည်းပေးရာတွင် Internal Quality Assurance နှင့် External Quality Assurance, Accreditation များဖြင့် လူငယ်များအတွက် High Level Skills များရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်က ပညာရေးတွင် အားပေး ရင်းနှီးမြှုပ်နှံနေသည့်အတွက် မည်သည့် ပေးခြင်း ယူခြင်းမျှ လုံးဝခွင့်မပြုပါကြောင်း၊ နိုင်ငံတော်က ပညာရေး တွင် နှစ်စဉ် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်၍ ပံ့ပိုးဖြည့်ဆည်းပေး နေသဖြင့် ပြည်သူ့ဘဏ္ဍာများနှင့် မိတ်ဖက်အဖွဲ့အစည်း များ၏ ထောက်ပံ့ငွေများကို အလေအလွင့်မရှိစေဘဲ အကျိုးရှိထိရောက် ပွင့်လင်းမြင်သာစွာ အသုံးပြုရန် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားပါသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အခြေခံပညာဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ရင်းနှီးပွင့်လင်းစွာ မေးမြန်း၊ ဆွေးနွေး၊ အကြံပြုခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်