အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး‌ကော်မတီဝင်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး‌ကော်မတီဝင်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

==========================================================================================================================================

 

နေပြည်တော် ဇန်နဝါရီ ၆

 

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ရေးဆွဲရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး‌ကော်မတီဝင်များ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ် လူမှုရေးဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး‌ ကော်မတီဝင်များ၊ ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဝင်များနှင့် တာဝန်ရှိသူများက အွန်လိုင်းဖြင့် ပါဝင်ဆွေးနွေး ကြသည်။

 

ရေးဆွဲထား

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ကို ရေးဆွဲထားပါကြောင်း၊ စီမံကိန်းပါ လုပ်ငန်းနယ်ပယ် ၁၂ ရပ်ကို သက်ဆိုင်ရာအစိုးရဌာနများ၊ အဖွဲ့အစည်းများ နှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း။

မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) တွင် ပညာရေးနှင့်ပတ်သက်၍ အမျိုးသမီးများ နှင့် အသက်မွေးဝမ်းကျောင်းမှု၊ အမျိုးသမီးများ နှင့် ပညာရေးလေ့ကျင့်သင်ကြားရေးဆိုသည့် လုပ်ငန်းနယ်ပယ်နှစ်ခုကို ထည့်သွင်းရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း များ၊ အရည်အသွေးပြည့်မီသော ကျောင်းပညာ ရေးနှင့် ကျောင်းပြင်ပပညာရေးတို့ကို အမျိုး သမီးများနှင့် အမျိုးသမီးငယ်များရရှိနိုင်စေ သည့်စနစ်များ၊ ဖွဲ့စည်းပုံများနှင့် လုပ်ထုံး လုပ်နည်းများ ပိုမိုအားကောင်းလာစေရေးကို အဓိကဦးတည်၍ ရေးဆွဲထားခြင်း ဖြစ်ပါ ကြောင်း။

 

ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းကာ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာ အခန်းကဏ္ဍများတွင် ကျား၊ မ ကွာဟချက်ကို လျော့နည်းစေရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးဝန်ကြီး ဌာနသည် ၂၀၁၉ ခုနှစ်တွင် ကဏ္ဍစုံမှာ ကျား၊ မရေးရာ ထည့်သွင်းဆောင်ရွက်ခြင်း နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၏ ပူးတွဲ သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါ ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းသည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား အကျိုးခံစားခွင့် ညီမျှစွာရရှိစေရေးကို ပံ့ပိုးပေး သည့် နည်းလမ်းတစ်ခုလည်းဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီမှာ လက်ရှိအထိ အဖွဲ့ဝင် ၁၁ ဖွဲ့ ပါရှိပါကြောင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း၊ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၊ ကျား၊ မရေးရာ တန်းတူညီမျှရေးကွန်ရက်၊ အမျိုးသမီး အဖွဲ့များကွန်ရက်၊ စီးပွားရေးလုပ်ငန်းရှင်များ ကျား၊ မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက် မှုအသင်း၊ လေးကျွန်းသူဖောင်ဒေးရှင်း၊ မြန်မာ နိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်နှင့် ဝိသာခါဖောင်ဒေးရှင်းတို့ ဖြစ်ကြပါကြောင်း။

 

အမျိုးသမီးအဖွဲ့အစည်းအသီးသီးသည် နယ်ပယ်အသီးသီးတွင် အမျိုးသမီးများအတွက် ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့အပြင် ဘဝတစ်သက်တာ ကျန်းမာစွာ နေထိုင်မှုပုံစံရရှိခြင်းနှင့် မျိုးဆက်ပွား ကျန်းမာရေးပညာပေးခြင်းနှင့် လိုအပ်သော ပံ့ပိုးကူညီခြင်းစသည့် ကဏ္ဍများမှာလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြပါကြောင်း၊ အမျိုးသမီးကော်မတီအသီးသီး၏ ကဏ္ဍ အလိုက် ဦးစားပေးဆောင်ရွက်ချက်များကို ပညာရေးဆိုင်ရာကဏ္ဍအလိုက် အကောင် အထည်ဖော်မှုများတွင် ချိတ်ဆက်ပူးပေါင်း ပံ့ပိုးဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း။

 

အမျိုးသား ပညာရေးမဟာဗျူဟာ စီမံကိန်း(၂၀၂၁ - ၂၀၃၀) တွင် အသက်အရွယ် အလိုက် ကလေးများအားလုံး ပညာသင်ခွင့် အခွင့်အလမ်းများရရှိစေရေး၊ ထိခိုက်လွယ် သောအုပ်စုတွင် ပါဝင်သည့်မသန်စွမ်းကလေး များ၏ပညာရေး၊ အလားတူရွှေ့ပြောင်းကလေး များနှင့် လမ်းပေါ်နေကလေးများအတွက် အသက်မွေးဝမ်းကျောင်းမှု သင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ နိုင်ငံတာဝန်များ ပခုံးပြောင်း လက်လွှဲယူမည့် လူငယ်များအတွက် ပညာရေး နယ်ပယ်သာမက အသက်မွေးဝမ်းကျောင်းမှု ပညာရပ်များပါ ထည့်သွင်းထားရှိရေး နည်းဗျူဟာများကို ထည့်သွင်းရေးဆွဲမည် ဖြစ်သည့်အတွက် နိုင်ငံအနာဂတ်အတွက် များစွာအကျိုးပြုမည့် စီမံကိန်းတစ်ခုဖြစ်ပေါ် လာမည်ဟု ယုံကြည်မိပါကြောင်း။

 

ထို့ကြောင့် ယနေ့အစည်းအဝေးမှာ ပါဝင် ဆွေးနွေးခွင့်ရရှိခြင်းသည် သင်ယူနိုင်စွမ်း အမြင့်မားဆုံးအခြေအနေ ရောက်ရှိစေရန် ရှေးဦးအရွယ်ကလေးသူငယ်ဘဝကပင် စတင် ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသမီးငယ်ရွယ်သူ များ၊ အမျိုးသမီးများ၏ ဘဝတစ်သက်တာ အသက်မွေးမှုဆိုင်ရာပညာရပ်များ လေ့လာ ဆည်းပူးခွင့်ရရှိနိုင်ရေး မိမိတို့ဝန်ကြီးဌာန၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင် အမျိုးသမီးအဖွဲ့အစည်းဝင်များ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဝင်များနှင့် ဆက်စပ်အဖွဲ့အစည်းဝင် များက ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး အခွင့်အလမ်းများရရှိခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေးများ ဖော်ဆောင် ရေးအတွက် ထိရောက်သော ပူးပေါင်း ဆောင်ရွက်မှုဖြစ်ပါကြောင်းနှင့် ရလဒ် ကောင်းများရရှိစေရန် ကြိုးပမ်းကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။

 

အနန္တရတနာသိုက်

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် ပညာရေးကဏ္ဍ ပြုပြင် ပြောင်းလဲမှုများပြုလုပ်ရာတွင် သင်ယူခြင်း သည် တန်ဖိုးမဖြတ်နိုင်သော အနန္တရတနာ သိုက်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အမျိုးသား ပညာအရည်အချင်းမူဘောင် (National Qualification Framework - NQF) သည် တစ်သက်တာသင်ယူမှုအတွက် အရေးကြီးပါ ကြောင်း၊ မူလတန်းသင်ယူပြီးမြောက်လျှင် Level – 1 ဖြစ်ပါကြောင်း၊ အလယ်တန်း သင်ယူပြီးမြောက်လျှင် Level – 2 ဖြစ်ပါ ကြောင်း၊ အထက်တန်းသင်ယူပြီးမြောက်လျှင် Level – 3 ဖြစ်ပါကြောင်း၊ Level – 4 သည် Short Cycle တစ်နှစ်အထိ သင်တန်းလေးများ ဖြစ်ပြီး တက္ကသိုလ်တိုက်ရိုက်တက်၍မရသော် လည်း Level – 5 ကို သွားလို့ရပါကြောင်း၊ Level – 5 သည် တစ်နှစ်ကနေ နှစ်နှစ်အထိ ရှိသည့် ဒီပလိုမာသင်တန်း၊ အဆင့်မြင့်ဒီပလိုမာ သင်တန်းများဖြစ်ပြီး သတ်မှတ်အရည်အချင်း နှင့် ကိုက်ညီပါက Level - 6 သို့ ဆက်လက်ကူးပြောင်းသင်ယူလို့ရပါကြောင်း၊ Level – 6 သည် Bachelor Degree ဖြစ်ပြီး Level – 3 မှ Level – 4 နှင့် Level – 5 ကို ခုန်ကျော်ပြီး Level – 6 သို့ တိုက်ရိုက်တက်ရောက် ပညာ သင်ယူနိုင်ရန်မှာ အင်္ဂလန်တွင် GCE- A စာမေးပွဲ၊ အမေရိကန်တွင် SAT စာမေးပွဲ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဂေါင်းဂေါင် စာမေးပွဲ၊ ဂျပန်တွင် National Examination ကဲ့သို့ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ (Matriculation Examination) သည် Level – 3 မှ Level – 6 တက္ကသိုလ်သို့ တိုက်ရိုက်ခုန်တက်နိုင်ရေး ကျောင်းသား ကျောင်းသူအားလုံးအတွက် တရားမျှတသော စစ်ဆေးအကဲဖြတ်ခြင်း ဖြစ်ပါကြောင်း၊ Level – 7 သည် မဟာဘွဲ့ဖြစ်ပြီး Level – 8 သည် ပါရဂူဘွဲ့ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ နှင့်တစ်နိုင်ငံ မသင်မနေရ အခြေခံပညာရေး အဆင့်အပေါ်မူတည်ပြီး Level အဆင့် သတ်မှတ်ချက်မတူညီသဖြင့် ဂုဏ်သိက္ခာ ရှိသော ကောင်းမွန်သည့်အလုပ်အကိုင်များ ရရှိရန်အတွက် Level သတ်မှတ်ချက်များ၊ Credit Transfer System, Quality Assurance and Accreditation သတ်မှတ်ချက်များနှင့်အညီ တစ်သက်တာသင်ယူမှုအခွင့်အလမ်းများ ပံ့ပိုး ဖြည့်ဆည်းဆောင်ရွက်ပေးရန် အရေးကြီးပါ ကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင် အရည်အသွေး ရှိသောပညာရေးအတွက် ရေရှည်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရပါကြောင်း၊ နိုင်ငံတော်ကလည်း ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုကို အားပေးနေ သည့်အတွက် မည်သည့်ပေးခြင်းယူခြင်းမျှ လုံးဝခွင့်မပြုပါကြောင်း၊ ပြည်သူ့ဘဏ္ဍာများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၏ အကူ အညီ အထောက်အပံ့များ၊ ချေးငွေများကို အလေအလွင့်မရှိစေဘဲ အကျိုးရှိထိရောက် ပွင့်လင်းမြင်သာစွာအသုံးပြု၍ ဆရာအရည် အသွေးမူဘောင် (Teacher Competency Framework) နှင့်အညီ အရည်အချင်း ပြည့်ဝသည့်ဆရာများ ခန့်ထားရန်နှင့် Reskilling ၊ Upskilling ၊ Continuous Professional Development အခွင့်အလမ်း များဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရန်၊ တိုင်းရင်းသားဒေသများ ဦးစားပေး၍ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို အထောက်အကူပြုရန်၊ နည်းပညာနှင့် အခြေခံ အဆောက်အအုံများ ဖြည့်ဆည်းရန်၊ ဒေသ အကျိုးပြု၊ ပြည်ထောင်စုအကျိုးပြုသည့် နည်းပညာနှင့် သက်မွေးသင်တန်းများ၊ ဘွဲ့သင်တန်းများ ဖြည့်ဆည်းရန်၊ နည်းပညာ ခေတ်နှင့် လိုက်လျောညီထွေရှိသည့် သင်ရိုး ညွှန်းတမ်းများ၊ သင်ကြားသင်ယူမှုနည်းလမ်း များ၊ စစ်ဆေးအကဲဖြတ်မှုများကို အားပေး ပံ့ပိုးပေးရန်တို့အတွက် ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကပညာရေး ကဏ္ဍကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အားပေးပူးပေါင်းဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ သင်ယူသူများ၊ တိုင်းရင်းသားပြည်သူများ၏ ဆွေးနွေးချက် များနှင့် အကြံပြုချက်များကိုလည်း တန်ဖိုးထား ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးပါကြောင်း။

 

နည်းပညာအသုံးပြုသင်ယူခြင်း (High-Tech Learning) ၊ သင်ကြားပို့ချသူ ဆရာဖြင့် သင်ယူခြင်း (High-Touch Learning)၊ ပေါင်းစပ်သင်ကြားသင်ယူခြင်း (Blended Learning) စသည့် နည်းလမ်းများဖြင့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ သင်ယူသူများကို တစ်သက်တာသင်ယူမှု အခွင့်အလမ်းများရရှိစေရန်နှင့် ၂၁ ရာစု၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များကို မြှင့်တင်နိုင်ရန် မေတ္တာ၊ ကရုဏာ၊ မုဒိတာ စိတ်အပြည့်ဖြင့် လက်တွဲညီညီပူးပေါင်းပြီး စုပေါင်းအင်အားဖြင့် တာဝန်ယူ တာဝန်ခံ၍ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားသည်။

 

ရှင်းလင်းဆွေးနွေး

 

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဇော်မြင့်က အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းလုပ်ငန်းကို မိတ်ဆက်ရှင်းလင်းကာ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အခြေခံပညာကဏ္ဍနှင့် စပ်လျဉ်း၍လည်း ကောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက နည်းပညာနှင့် သက်မွေးပညာကဏ္ဍနှင့်စပ်လျဉ်း၍ လည်း ကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက အဆင့်မြင့်ပညာ၊ သုတေသနနှင့် တီထွင် ဆန်းသစ်မှုကဏ္ဍနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။ ထို့နောက် တက်ရောက်လာသူများက ရင်းနှီးပွင့်လင်းစွာ မေးမြန်း၊ ဆွေးနွေး၊ အကြံပြုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်