
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား
============================================
ချစ်ခင်လေးစားရပါသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား မိဘပြည်သူညီအစ်ကို မောင်နှမများနဲ့ ပြည်ပရောက် နိုင်ငံသူ နိုင်ငံသားများအားလုံး နှစ်သစ် အခါသမယမှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာ ခြင်းနှင့် ပြည့်စုံပြီး လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ရောက်ရှိသည့် အခါ နှစ်ဟောင်းမှာ ရင်ဆိုင်ဖြေရှင်းခဲ့ရသည့် အခက်အခဲ နှင့် စိန်ခေါ်မှုများအပေါ် ဘဝသင်ခန်းစာအဖြစ် မှတ်ယူ သုံးသပ်ကာ အနာဂတ်အတွက် ပိုမိုကောင်းမွန်သော အခွင့်အလမ်းကောင်းများ ဖန်တီးရယူဆောင်ရွက်ရင်း နှစ်သစ်ကိုကြိုဆို ဖြတ်သန်းကြရမှာပဲ ဖြစ်ပါတယ်။
ယခုဆိုလျှင် တိုင်းရင်းသားမိဘပြည်သူများ၏ တစ်ခဲနက် ထောက်ခံမှုနှင့်အတူ တစ်ဦးတစ်ယောက်ချင်းစီ က သမိုင်းပေးတာဝန် ကျေပွန်စွာဖြင့် ရွေးချယ်တင်မြှောက် ပေးခဲ့တဲ့ ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သော လွှတ်တော်အသီးသီးကို မကြာမီ တတိယအကြိမ် လွှတ်တော်သက်တမ်းအဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ပြည်သူ့အစိုးရတစ်ရပ်ကိုလည်း အောင်မြင်စွာ ဖွဲ့စည်းနိုင်မှာဖြစ်လို့ ပြည်သူများသည် မိမိတို့၏ အနာဂတ်ကို မိမိတို့ကိုယ်တိုင် အကောင်းဆုံး ပုံဖော်နိုင်ကြောင်း သမိုင်းသက်သေထူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီမိုကရေစီကျင့်စဉ်များကို မြန်မာတို့၏ စိတ်ရင်း ဖြစ်သည့် တစ်ဦးပေါ် တစ်ဦး ဖေးမကူညီစောင့်ရှောက်ခြင်း၊ မျှဝေခြင်းများဖြင့် မေတ္တာထား ကျင့်ကြံကြပါ။ ကိုယ်ကျင့် သီလ ကောင်းမွန်ခြင်း၊ ကိုယ်ချင်းစာစိတ်ဖြင့် ဆောင်ရွက် ခြင်း၊ သည်းခံခွင့်လွှတ်ခြင်းများဖြင့် ပြုမူဆောင်ရွက် ပေးကြပါ။ သို့မှသာ တိုင်းရင်းသားပြည်သူများအားလုံး၏ တူညီသော ဘုံရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် ငြိမ်းချမ်း သာယာဝပြောသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ကြီးကို အတူတကွ တည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။
ကမ္ဘာတစ်ဝန်း လက်ရှိ ရင်ဆိုင်ကြုံတွေ့ခံစားနေရတဲ့ Covid-19 ကမ္ဘာ့ကပ်ရောဂါဘေးကို ရင်ဆိုင်ကာကွယ် ရာမှာ နိုင်ငံသူ နိုင်ငံသားများအားလုံး အပြင်ထွက်တိုင်း အခြေခံကျတဲ့ Mask တပ်ဖို့နဲ့ လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောရန် အထူးပင်လိုအပ်ပြီး ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့ စည်းမျဉ်း စည်းကမ်းများကို တိကျစွာ လိုက်နာကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။
နိုင်ငံသူ နိုင်ငံသားများအားလုံး Covid-19 ကမ္ဘာ့ ကပ်ရောဂါ ကူးစက်ခြင်းမှ ကင်းဝေးပြီး နှစ်သစ်မှာ ကျန်းမာရွှင်လန်း ဝမ်းမြောက်ခြင်းများဖြင့် လှပသော အနာဂတ်ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်းနှင့် ဘာသာတရားတိုင်း၏ အဆုံးအမများကို အစဉ်နှလုံးသွင်း ဆောင်ရွက်တတ်သူများ ဖြစ်ကြပါစေကြောင်း နှစ်သစ် ဆုမွန်ကောင်း တောင်းအပ်ပါတယ်။