
နေပြည်တော် ဖေဖော်ဝါရီ ၁၃
အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီနှင့် NCA လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင် မှုဗဟိုဌာန၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီ ဝင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အဖွဲ့ဝင် ခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) မှ အထွေထွေအတွင်းရေးမှူး ကျာယာကုတ်၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)မှ ဆက်ဆံရေးဌာနမှူး စောကျော် သန်းဌေး၊ မွန်ပြည်သစ်ပါတီ (NMSP)မှ ဗဟိုကော်မတီဝင် နိုင်ဗညားမွန်၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မှ ဗဟိုဦးစီးကော်မတီဝင် နန်းမိုးမိုးစောနှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ခွန်တီး လားတို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင် မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တက်ရောက်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကိုယ်စား KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူးတို့က နှုတ်ခွန်းဆက် အမှာစကားပြောကြားကြ သည်။
ထို့နောက် နိုင်ငံတည်ငြိမ်အေးချမ်း ရေးအတွက် ပူးပေါင်းဆောင်ရွက်သင့် သည့် နည်းလမ်းများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စများ၊ ဒေသဖွံ့ဖြိုး ရေးကိစ္စများနှင့်ပတ်သက်ပြီး အဖွဲ့အစည်း များ၏ သဘောထားများ၊ အကြံပြုချက် များကို အမြင်ချင်းဖလှယ်၍ အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်း ကြသည်။
ယင်းနောက် တက်ရောက်လာကြ သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အဖွဲ့ဝင် ခွန်ဥက္ကာ နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က နိဂုံးချုပ်အမှာ စကားပြောကြားကြပြီး လက်ဆောင် ပစ္စည်းများ ပေးအပ်ကြသည်။
တွေ့ဆုံပွဲတွင် တိုင်းရင်းသားပြည်သူ လူထု၏အကျိုးကို ရှေးရှု၍ လက်ရှိဖြစ်ပေါ် နေသည့် လက်နက်ကိုင်ပဋိပက္ခများကို ငြိမ်းချမ်းရေးစားပွဲဝိုင်း၌ တွေ့ဆုံညှိနှိုင်း ဖြေရှင်းကြရန်၊ ပဋိပက္ခကြောင့် လူသားချင်း စာနာထောက်ထားမှု အကူ အညီလိုအပ်နေသည့် အရပ်သားပြည်သူ များကို အကာအကွယ်ပေးရေးနှင့် အကူ အညီအထောက်အပံ့များ အမြန်ဆုံးရရှိ ရေး ပဋိပက္ခတွင်းရှိ လက်နက်ကိုင်အဖွဲ့ အစည်းများသို့ တိုက်တွန်းကြောင်းကို တက်ရောက်လာကြသူများက တူညီသည့် သဘောထားကို ထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။
သတင်းစဉ်