
နေပြည်တော် ဇူလိုင် ၁၁
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ်အဖွဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေး ဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး ဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၁) စဝ်စိုင်းငင်း၊ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်နှင့် ဗဟိုဦးစီးကော်မတီ ဝင် စဝ်စိုင်းဟန်တို့ တက်ရောက်ကြသည်။
ဆွေးနွေးပွဲဆက်လက်ကျင်းပသွားမည်
တွေ့ဆုံဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှ ပြင်ဆင်လိုသော အချက်များ၊ ယခင်ဆွေးနွေးပွဲများ၌ သဘောတူထား သည့် အချက်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စ၊ ငြိမ်းချမ်းရေး ညီလာခံကျင်းပရေးကိစ္စ၊ ဒေသတည်ငြိမ်အေးချမ်းရေး ကိစ္စ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စ၊ ဖွံ့ဖြိုးရေးကိစ္စနှင့် လူသားချင်း စာနာမှုဆိုင်ရာအကူအညီ ပံ့ပိုးရေးကိစ္စတို့ကို အပြန်အလှန် ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့သည်။ ဆွေးနွေး ပွဲကို ဇူလိုင် ၁၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်