
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေနှင့် ထွက်ငွေ မျှတရေးကိုလည်း ကြိုးပမ်းလုပ်ဆောင်
မည်သည့်စီမံကိန်းကိုမဆို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထိရောက်သည့် ငွေကြေးသုံးစွဲမှု
ဖြစ်စေရေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်ပြည့်ဝစေရေး မှန်မှန်ကန်ကန် သုံးသပ်ဆောင်ရွက်ရမည်
နေပြည်တော် မတ် ၂၁
အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၃) အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြား သည်။
အစည်းအဝေးသို့ အမျိုးသားစီမံကိန်းကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမျိုးသားစီမံကိန်းကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက ်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/ တိုင်းဦးစီးအဖွဲ့ဥက္ကဋ္ဌ များက Video Conferencing ဖြင့် တက်ရောက် ကြသည်။
ဦးစွာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ တာဝန်ယူပြီးသည့်နောက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ဘဏ္ဍာရေးနှစ်ကာလ ပြောင်းလဲခဲ့ပြီး ကြားကာလ ၆ လ စီမံကိန်းနှင့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းတို့ကို ရေးဆွဲအကောင်အထည်ဖော်ခဲ့ပါကြောင်း၊ ယခု လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းတွင် ဘဏ္ဍာရေးနှစ်တစ်နှစ်အပြည့်ဖြင့် အကောင်အထည် ဖော်သည့် စီမံကိန်းဖြစ်ပါကြောင်း။
၃ ဒသမ ၄ ရာခိုင်နှုန်း ပြန်လည်တိုးတက်ရရှိလာသည်ကို တွေ့ရ
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် စီးပွားရေးတိုးတက်မှုနှုန်း အနုတ် ၅ ဒသမ ၉ ရာခိုင် နှုန်း ကျဆင်းခဲ့ရာမှ ကြားကာလ ၆ လ စီမံကိန်း အကောင်အထည်ဖော်မှုတွင် ၂ ဒသမ ၄ ရာခိုင်နှုန်း နှင့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် စီမံကိန်းပထမ ၆ လ အကောင်အထည်ဖော်မှုတွင် ၃ ဒသမ ၄ ရာခိုင်နှုန်း ပြန်လည်တိုးတက်ရရှိလာသည်ကို တွေ့ရ ပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်ကုန်တွင် ယာယီ ခန့်မှန်းခြေစာရင်းအရ တစ်နှစ်လုံးအတွက် တိုးတက် မှုနှုန်း ၃ ဒသမ ၄ ရာခိုင်နှုန်း ရရှိလာနိုင်သည်ဟု သက်ဆိုင်ရာဌာနများက ခန့်မှန်းထားပါကြောင်း။
စွမ်းအားပြည့်လည်ပတ်နိုင်ရေးသည် အရေးကြီး
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းများ စွမ်းအား ပြည့်လည်ပတ်နိုင်ရေးသည် အရေးကြီးပါကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုတိုးတက်မှ စားရေရိက္ခာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ပြည်တွင်းစားသုံးမှုဖူလုံစေမည်ဖြစ်ပါကြောင်း၊ ထို့ပြင် သွင်းကုန်လျှော့ချနိုင်ပြီး ပို့ကုန်တင်ပို့မှုလည်း တိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း၊ ထုတ်လုပ်မှု လုပ်ငန်းများ အားကောင်းလာပါက အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်သည့် အတွက် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် တိုးတက်ရေးကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ကျေးလက်အခြေခံစီးပွားရေးဖြစ်သည့် စိုက်ပျိုး ရေး၊ မွေးမြူရေးလုပ်ငန်းများတွင် သမားရိုးကျ ဆောင်ရွက်နေသည့်ပုံစံမှ ခေတ်မီနည်းစနစ်များဖြင့် သွင်းအားစုများကို ထိရောက်စွာ အသုံးပြုပြီး အထွက်တိုးအောင်ကြိုးစားကြရန်နှင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေတိုးတက်ရေးကိုလည်း ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ဒေသအလိုက် အလားအလာကောင်းသည့် သီးနှံများစိုက်ပျိုးနိုင်ရေး၊ တန်ဖိုးမြင့်ထွက်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး၊မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းပြည့်မီရေးနှင့် အရည်အသွေး ကောင်းမွန်ရေးတို့ကို ဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း။
တစ်ပြေးညီဖွံ့ဖြိုးတိုးတက်မှုများ ရရှိခံစားနိုင်မည်
မိမိတို့နိုင်ငံ၌ မြို့ပြနေလူဦးရေ ၃၀ ရာခိုင်နှုန်းနှင့် ကျေးလက်နေလူဦးရေ ၇၀ ရာခိုင်နှုန်းရှိပါကြောင်း၊ လူအများစုနေထိုင်ကြသည့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာပြီး မြို့ပြနှင့် ကျေးလက်ကွာဟချက်များ လျော့ကျလာနိုင်မည် ဖြစ်သည့်အပြင် တစ်ပြေးညီဖွံ့ဖြိုးတိုးတက်မှုများ ရရှိခံစားနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် နေရာဒေသမရွေး တစ်ဦးတစ်ယောက်မှ နောက်ကျ မကျန်စေရေးအတွက် ပြည်သူဗဟိုပြုဖွံ့ဖြိုးမှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း။
ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် အဓိက အထောက်အကူဖြစ်စေသည့် နေကြာစိုက်ပျိုးမှုကို ရည်မှန်းချက်အတိုင်း အောင်မြင်စေရေးကို ဆက်လက်ကြိုးပမ်းရမည်ဖြစ်ပါကြောင်း၊ မိုးနှင့် ဆောင်းနေကြာစိုက်ပျိုးမှုများမှ အခက်အခဲနှင့် အတွေ့အကြုံများကို သင်ခန်းစာရယူပြီး ပန်းတိုင် ရည်မှန်းချက်များပြည့်မီရေးကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
ပြည်တွင်းစားသုံးမှုဖူလုံရေးကို
တိုးမြှင့်ဆောင်ရွက်
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမြှုပ်နှံ ရန် ခွင့်ပြုထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ တိုးတက်ရေးကို ဆတက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်ပြီး ပြည်တွင်းစားသုံးမှုဖူလုံရေး ကို တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် သတ်မှတ်ချိန်အတိုင်း ပြီးပြတ်အောင် ဆောင်ရွက်နိုင် ရေးသည် အရေးကြီးပါကြောင်း၊ ဆောင်ရွက်ဆဲ လုပ်ငန်းများပြီးပြတ်စေရေးကို အားလုံးက အထူး အလေးထားပြီး ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေး ကြန့်ကြာနေသည့် ဆောင်ရွက်ဆဲရေအားလျှပ်စစ် စီမံကိန်းများ အမြန်ဆုံးပြီးစီးမှသာ လျှပ်စစ်လိုအပ် ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါ ကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်မှု များကိုလည်း သတ်မှတ်ချိန်အတိုင်း ပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။
ပြည်ပမှ မှာယူတင်သွင်းနေရသည့် သံ၊ သံမဏိ၊ ဓာတ်မြေဩဇာ စသည့်ကုန်စည်များကို ပြည်တွင်း၌ ရှိသည့်စက်ရုံများက ရည်မှန်းချက်အတိုင်း ပြည့်မီ ကျော်လွန်သည်အထိ ထုတ်လုပ်နိုင်ရေး ကြီးကြပ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ စက်ရုံ၊ အလုပ်ရုံများက ပြည်တွင်းဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် ဝန်ဆောင်မှုအရည်အသွေး ပြည့်မီစေရေးကိုလည်း အကောင်အထည်ဖော် ပေးရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အရေးကြီးသည့် အတွက် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများ တိုးတက်ရေးအတွက် အားပေးကူညီရမည်ဖြစ်ပါကြောင်း။
ပြည်တွင်းနှင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းများကို နည်းလမ်းမျိုးစုံနှင့်ဖိတ်ခေါ်
နိုင်ငံတော်အတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှု များ ပိုမိုစီးဝင်လာစေရန်အတွက် ပြည်တွင်းနှင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို နည်းလမ်း မျိုးစုံနှင့် ဖိတ်ခေါ်ပြီး ဝင်ရောက်လာသည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ အချိန်မီအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများက ထိထိရောက်ရောက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးရမည်ဖြစ်ပါကြောင်း။
ကောင်းမွန်သည့် အခြေခံအဆောက်အအုံများ ရှိမှသာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ ဖြစ်စေမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဒေသတစ်ခုနှင့် တစ်ခုကြား ဆက်သွယ်မှု လွယ်ကူမြန်ဆန်ပြီး ဒေသ တွင်းနှင့် ဒေသများကြား ကွာဟချက်များကို လျှော့ချ နိုင်မည်ဖြစ်သည့်အတွက် စီးပွားရေးအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ပြီး ကြိုးပမ်းအကောင်အထည်ဖော်ပေးကြရန် လိုအပ် ပါကြောင်း။
လူမှုအဖွဲ့အစည်းကို တည်ဆောက်နိုင်မည်
အခြေခံကျန်းမာရေး စောင့်ရှောက်မှုများကို လူတိုင်းလက်လှမ်းမီရေး၊ မျှော်မှန်းသက်တမ်းမြင့်မား ရေး၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် များ သေဆုံးနှုန်း ကျဆင်းရေး၊ ကူးစက်ရောဂါနှင့် ကူးစက်နိုင်ခြင်းမရှိသည့် ရောဂါများကြောင့် သေဆုံး မှုများ လျှော့ချနိုင်ရေးကို ကြိုးပမ်းရမည်ဖြစ်ပါ ကြောင်း၊ လူတိုင်းကျန်းမာရေးအသိ တိုးမြင့်လာပြီး ကျန်းမာသည့် လူနေမှုစနစ်နှင့်အညီ နေထိုင်နိုင်မှသာ ကျန်းမာသန်စွမ်းသည့် လူမှုအဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လူတိုင်းကိုယ်စီအသိနှင့် ဆောင်ရွက်သွားရန် လိုမည် ဖြစ်သကဲ့သို့ ကျန်းမာရေးအသိပညာပေးမှုများလည်း ဆက်လက်တွန်းအားပေး ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း။
ကျန်းမာရေးအသုံးစရိတ်ကိုလည်း တိုးမြှင့်ခွင့်ပြုပေးထား
ကျန်းမာရေးကဏ္ဍတွင် တာဝန်ထမ်းဆောင် နေသည့် ဆရာဝန်၊ ဆရာမများ၏ နေထိုင်မှုအဆင်ပြေ ချောမွေ့စေရေးအတွက် ဝန်ထမ်းအိမ်ရာ တည်ဆောက်မှုများ၊ ကျန်းမာရေး အခြေခံအဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်စေရေးအတွက် စီမံကိန်းလုပ်ငန်းများကို တိုးမြှင့်အကောင်အထည် ဖော်နိုင်ရန် ဆောင်ရွက်ပေးထားပြီး ကျန်းမာရေး အသုံးစရိတ်ကိုလည်း တိုးမြှင့်ခွင့်ပြုပေးထားပါ ကြောင်း။
ကျန်းမာသန်စွမ်းသည့် လူမှုအဖွဲ့အစည်း ဖြစ်စေရေးနှင့် နိုင်ငံတော်၏ဂုဏ်ကိုဆောင်သည့် အားကစားကဏ္ဍ မြှင့်တင်ရေးတို့အတွက် နှစ်စဉ် ဘဏ္ဍာငွေ တိုးမြှင့်သုံးစွဲပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အဆင့်မီ ဘောလုံးအားကစားကွင်းများ၊ မိုးလုံလေလုံ အားကစားကွင်းများ၊ ပြေးလမ်းများ၊ ရေကူးကန်များ တည်ဆောက်ပေးလျက်ရှိပါကြောင်း။
ပညာရေးအသုံးစရိတ်များကိုလည်း တိုးမြှင့်ခွင့်ပြုပေးထား
ပညာရေးကဏ္ဍနှင့်စပ်လျဉ်းပြီး ပညာရည်အဆင့် နိမ့်ကျမှုမရှိစေရေးနှင့် လူတိုင်းသင်ယူနိုင်မှု အခွင့် အလမ်းများရရှိစေရေးကိုလည်း ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ တာဝန်ယူသည့်အချိန်မှစပြီး KG + 9 အထိ မသင်မနေရပညာရေးစနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပညာရေး အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် KG + 9 နှင့် KG + 12 ကျောင်းဆောင်အသစ် များ တည်ဆောက်ခြင်း၊ ဥပဓိရုပ်မကောင်းသည့် ကျောင်းဆောင်များ ပြန်လည်ဆောက်လုပ်ခြင်း၊ စာသင်ခန်းများ လုံလောက်စေရန် တိုးချဲ့ဆောက်လုပ် ခြင်း စသည့်တည်ဆောက်ရေးလုပ်ငန်းများကို ပိုမို ဆောင်ရွက်နိုင်ရန်အတွက် ပညာရေးအသုံးစရိတ်များ ကိုလည်း တိုးမြှင့်ခွင့်ပြုပေးထားပါကြောင်း။
ပညာသင်ထောက်ပံ့ကြေးများကိုလည်း ခွင့်ပြုပေးထား
ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် လိုအပ်သည့်ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေး နိုင်ရန် ယခုအခါ ခရိုင် ၅၀ တွင် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်း ၅၁ ကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့် စာသင်ဆောင် နှင့် လက်တွေ့သင်ကြားရေးဆောင်များကိုလည်း တည်ဆောက်ရန် ခွင့်ပြုထားပါကြောင်း၊ လုပ်ငန်းခွင် နှင့်ချိတ်ဆက်သည့် အလုပ်အာမခံချက်ရရှိရေးနှင့် ထူးချွန်ထက်မြက်သူများကို သက်ဆိုင်ရာ ဘာသာရပ် အလိုက် အဆင့်မြင့်ပညာ ဆက်လက်သင်ယူနိုင် ရေးတို့ကို စီစဉ်ပေးထားသည့်အပြင် ပညာသင် ထောက်ပံ့ကြေးများကိုလည်း ခွင့်ပြုပေးထားပါ ကြောင်း။
ပညာတက်ရောက်သင်ယူမှုနှင့် ပတ်သက်ပြီး ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်းအရ အသက်အုပ်စုအလိုက် ကျောင်းတက်ရောက်မှုမှာ တဖြည်းဖြည်း လျော့ကျလာသည်ကို တွေ့ရ ပါကြောင်း၊ အဆိုပါသန်းခေါင်စာရင်းအရ အသက် အုပ်စုအလိုက် ကျောင်းတက်ရောက်မှုမှာ ၁၄ နှစ် နှင့် ၁၅ နှစ်ကြားအုပ်စုတွင် ၇၆ ရာခိုင်နှုန်း၊ ၁၅ နှစ် နှင့် ၂၄ နှစ်ကြားအုပ်စုတွင် ၃၁ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၂၅ နှစ်နှင့်အထက် အုပ်စုတွင် သုည ဒသမ ၃ ရာခိုင် နှုန်းရှိသည်ကို တွေ့ရပါကြောင်း၊ အဆိုပါအချက်မှာ အနာဂတ်တွင် နိုင်ငံအတွက် ကောင်းမွန်သည့် အလားအလာမဟုတ်သည့်အတွက် ကျောင်းနေ အရွယ် ကလေးများအားလုံး ကျောင်းနေနှုန်းတိုးမြှင့် စေရေးနှင့် ကျောင်းထွက်နှုန်းကျဆင်းရေးတို့ကို ဝိုင်းဝန်းကြိုးပမ်းရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် အနာဂတ်တွင် အသိပညာ၊ အတတ်ပညာများ ပြည့်ဝ စေရေးအတွက် ဘဝတစ်သက်တာ ပညာသင်ယူနိုင်မှု အခွင့်အလမ်းကို လူတိုင်းလက်လှမ်းမီ ရရှိခံစားနိုင် ရေး၊ အရေအတွက်သာမက အရည်အချင်းနှင့် ပြည့်ဝ သည့် ပညာရေးစနစ်ဖြစ်စေရေးနှင့် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ် များ မွေးထုတ်နိုင်ရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ကျောင်းသားများကိုယ်တိုင်က လေ့လာ သင်ယူလိုစိတ် ပြင်းပြကြရမည်ဖြစ်ပြီး မိဘ၊ ဆရာ နှင့် လူမှုအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။
တစ်ကမ္ဘာလုံး၌ ကြုံတွေ့နေရသည့် ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ဆိုးရွားသည့် သဘာဝပတ်ဝန်း ကျင် ထိခိုက်မှုများရှိလာပြီး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေသည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်မှုများကို အထူးဂရုပြု ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သစ်တောနှင့် သစ်ပင်များ အမြဲရှင်သန်စေရေးနှင့် သစ်တောဖုံးလွှမ်း မှုဧရိယာများ တိုးတက်လာစေရေးကို အစဉ်ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ပေးရမည်
ကမ္ဘာ့နိုင်ငံများအနေဖြင့် လာမည့်ကာလများတွင် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှု ကြောင့် စွန့်စားရမှု (Risk) ဖြစ်နိုင်ခြေများပြားနိုင်သည် ကို ဖော်ထုတ်ထားခြင်းကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှုနှင့် အဆောက်အအုံ များ ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးအတွက် ကြိုတင်အစီအမံများကို စနစ်တကျ ရေးဆွဲထားရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးချက်များကို ကျေးလက်ဒေသရှိ ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိစေရေး နှင့် ထိခိုက်လွယ်သည့် အုပ်စုများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များ တိုးမြှင့် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း။
ကမ္ဘာ့ပထဝီနိုင်ငံရေးနှင့် လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် တစ်ကမ္ဘာလုံးတွင် လောင်စာဆီ ဈေးနှုန်းမြင့်တက်မှု၊ အဆိုပါအချက်နှင့် ဆက်စပ်ပြီး ဖြစ်နေသည့် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အတိုးနှုန်း ပြောင်းလဲမှုနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း အခြေအနေ များကြောင့် ကြွေးမြီမြင့်တက်လာပြီး ပြည်တွင်းသုံး ငွေကြေးတန်ဖိုး ကျဆင်းမှုများ ဖြစ်ပေါ်လျက်ရှိပါ ကြောင်း၊ အကျိုးဆက်များအနေဖြင့် ကမ္ဘာ့နိုင်ငံအချို့ တွင် စားနပ်ရိက္ခာမဖူလုံမှု၊ လောင်စာဆီပြတ်လပ်မှု စသည့်အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရပါကြောင်း။
ကာဗွန်ကင်းစင်သည့် ပတ်ဝန်းကျင် ရောက်ရှိရေးကို အထောက်အကူပြုနိုင်မည်
ထို့ကြောင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို နိုင်ငံတော်၏ အမျိုးသားရေး ရည်မှန်းချက်ပန်းတိုင်အဖြစ် ထားရှိဆောင်ရွက်နေ ခြင်း ဖြစ်ပါကြောင်း၊ လောင်စာဆီသုံးစွဲမှုလျှော့ချ နိုင်ရေးနှင့် ထိရောက်သည့် စွမ်းအင်သုံးစွဲမှုစနစ် ဖြစ်စေရေးကိုလည်း လမ်းညွှန်ထားပြီးဖြစ်ပါကြောင်း၊ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် နှင့် ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ လျှပ်စစ်မော်တော်ယာဉ်တင်သွင်းမှုနှင့် သုံးစွဲမှုများကို ရှေ့ပြေးစီမံချက်အနေဖြင့် စတင် အကောင်အထည်ဖော်လျက်ရှိရာ စီမံချက်ရေရှည် တည်တံ့ရေးနှင့် တိုးတက်မှုရရှိစေရေးကို ဝိုင်းဝန်း ကြိုးပမ်းရမည်ဖြစ်ပါကြောင်း၊ သို့မှသာ လောင်စာဆီ သုံးစွဲမှုကို ထိရောက်စွာ လျှော့ချနိုင်ပြီး ကာဗွန်ကင်းစင် သည့် ပတ်ဝန်းကျင်ရောက်ရှိရေးကို အထောက်အကူ ပြုနိုင်မည်ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား အပြည့်အဝထုတ်လုပ်နိုင်ရေး၊ တည်ဆောက်ဆဲ လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းများ အဖြစ်နိုင် ဆုံး အမြန်ပြီးစီးရေး၊ ဒေသအလိုက် အသေးစား ရေအားလျှပ်စစ်စီမံကိန်းများ ကျယ်ပြန့်စွာဆောင်ရွက် မှုတို့နှင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို လျှော့ချ ရန် ကြိုးစားရမည်ဖြစ်သကဲ့သို့ နေရောင်ခြည်စွမ်းအား၊ လေစွမ်းအားသုံးလျှပ်စစ်စီမံကိန်းများ၊ နည်းပညာ မြင့်မားသည့် ကျောက်မီးသွေးသုံး ဓာတ်အားပေး လုပ်ငန်းများ၊ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများကိုလည်း စီမံ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
ဘဏ္ဍာငွေသုံးစွဲမှုတို့ကို စနစ်တကျဆောင်ရွက်ရမည်
အဆိုပါ လုပ်ငန်းစီမံကိန်းများကို ရေးဆွဲအကောင် အထည်ဖော်ရာတွင် အမြဲစောင့်ကြည့်သုံးသပ်ပြီး စီမံကိန်းရည်မှန်းထားသည့်အတိုင်း ပြီးစီးမှု၊ ဘဏ္ဍာငွေသုံးစွဲမှုတို့ကို စနစ်တကျဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ စီမံကိန်းကြောင့်ရရှိသည့် အကျိုး ရလဒ်များကို ပြည်သူများ အမြန်ဆုံးရရှိခံစားနိုင်စေ ရေးကို အလေးထားဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း။
အခုထက် ပိုမိုကြိုးပမ်း
နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင် ပေးနေသည့် မိမိတို့အစိုးရအနေဖြင့် တာဝန်ယူ ဆောင်ရွက်သည့်လုပ်ငန်းများကို အောင်မြင်အောင် လက်တွေ့အလုပ်နှင့် သက်သေပြနိုင်ရေးကို အခုထက် ပိုမိုကြိုးပမ်းရမည်ဖြစ်သည့်အပြင် လုပ်ဆောင်ချက်များအားလုံး ရေရှည်တည်တံ့စေရေး အတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လုပ်ဆောင်မှုအားလုံးကို လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုပါကြောင်း၊ ဆောင်ရွက်မှုအားလုံး ကိုလည်း စနစ်တကျမှတ်တမ်းများထားရှိရမည် ဖြစ်ပါကြောင်း။
ယနေ့တင်ပြမည့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းတွင် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၁၂ ရပ်တို့နှင့် ချိတ်ဆက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဆိုသည် ကိုလည်း တွေ့ရပါကြောင်း၊ စီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင်လည်း အချိန်နှင့် တစ်ပြေးညီ ပုံမှန်သုံးသပ်ပြီး ရလဒ်များပြည့်မီရေးကို ကြိုးပမ်းရမည်ဖြစ်ပါကြောင်း၊ ပြုပြင်ရန်လိုအပ်သည့် ကိစ္စရပ်များကိုလည်း အချိန်မီပြုပြင်ဆောင်ရွက်သွား ရမည်ဖြစ်သည့်အတွက် အစီရင်ခံမှုအားကောင်းစေရေးကိုလည်း ယခုထက် ပိုမိုအလေးထားဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။
ချမှတ်ထားသည့်စီမံကိန်းများ အကောင်အထည် ဖော် ဆောင်ရွက်မှုများကို အမြဲသုံးသပ်စိစစ်ပြီး လိုအပ်ချက်များကို ပြင်ဆင်ဆောင်ရွက်ခြင်း (Plan, Do, Check, Act- PDCA)ဆိုတဲ့အတိုင်း အကောင် အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို တက်ညီလက်ညီစိစစ်ပြီး ကြိုးပမ်းအကောင်အထည် ဖော်ခြင်းဖြင့် မိမိတို့အနေဖြင့် နိုင်ငံ၏စီးပွားရေး တိုးတက်မှုကို ကိုဗစ်-၁၉ မတိုင်မီ အခြေအနေထက် ကျော်လွန်ရရှိနိုင်မည်ဖြစ်ပါကြောင်း။
ချမှတ်ထားသည့် မူဝါဒများ၊ လမ်းညွှန်ချက် များနှင့်အညီ အားလုံးက ဝိုင်းဝန်းကြိုးပမ်း
ထို့ကြောင့် မိမိတို့မျှော်မှန်းထားသည့် ပန်းတိုင်ကို လျှောက်လှမ်းနိုင်ရန် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ အားလုံးက ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်းမှာကြားသည်။
အမှာစကားပြောကြား
ထို့နောက် အမျိုးသားစီမံကိန်းကော်မရှင်ဒုတိယ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာတွင် ယနေ့ ကျင်းပသည့် အမျိုးသားစီမံကိန်းကော်မရှင် အစည်း အဝေးတွင် အတည်ပြုချက်ရယူရမည့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းကို တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ အတွက် ဦးတည်ပြီး ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူကိုဗဟိုပြုပြီး အားလုံးပါဝင် နိုင်သည့် ရေရှည်ဖွံ့ဖြိုးမှုရရှိစေရန် ရည်ရွယ်ရေးဆွဲ ထားသည်ကို တွေ့ရှိရပါကြောင်း။
စီမံကိန်းလျာထားချက်များကို အကောင်အထည် ဖော်ရာတွင် လုပ်ငန်းများအချိန်မီပြီးစီးရေး၊ လုပ်ငန်း ပြီးစီးမှုပမာဏနှင့်ညီမျှသည့် ငွေကြေးသုံးစွဲမှုများ ဖြစ်စေရေး၊ ဆောင်ရွက်ဆဲလုပ်ငန်းများ ပြီးပြတ်စေ ရေးတို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အကန့်အသတ်ဖြစ်နေသည့် နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေမှ ခွဲဝေသုံးစွဲခြင်းဖြစ်သည့်အတွက် ထိထိရောက်ရောက် အကျိုးရှိစွာအသုံးပြုနိုင်ရေး ဆောင်ရွက်သည့်လုပ်ငန်းများ အရည်အသွေးပြည့်မီ စေရေးနှင့် စီမံကိန်းမှရလဒ်ကောင်းများရရှိရေးတို့ ကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း။
နိုင်ငံတော်မှပံ့ပိုးထားသည့် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေများ၊ စီမံကိန်းများအတွက် ခွင့်ပြုထား သည့် ဘဏ္ဍာငွေအရင်းအမြစ်များဖြင့် ထုတ်လုပ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်စေရေးနှင့် ပုဂ္ဂလိက ကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်စေရေးတို့ အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် အမျိုးသားစီမံကိန်းကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေ အနေကို သုံးသပ်ဆွေးနွေးပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ် အမျိုးသားစီမံကိန်း (မူကြမ်း) ရေးဆွဲထားမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အမျိုးသားစီမံကိန်းကော်မရှင် အတွင်းရေးမှူး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေ(မူကြမ်း)ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး က ယခင်ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် မှတ်တမ်းများအပေါ် သုံးသပ်အကြံပြုချက်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စစ်ဆေးဆောင်ရွက်သွား မည့်အချက်များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ အမျိုးသား စီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က
၂၀၂၂-၂၀၂၃ အမျိုးသားစီမံကိန်းကို ပြန်ကြည့်ပါက လျာထားချက်များမပြည့်မီသည်ကို တွေ့ရကြောင်း၊ မိမိအနေဖြင့် နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေ အဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသများသို့ ဘဏ္ဍာငွေကျပ် ဘီလီယံ ၄၀၀ ပေးအပ်ခဲ့ပါကြောင်း၊ အဓိကအားဖြင့် ဒေသခံပြည်သူလူထုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး နှင့် ကာလတိုအတွင်း ငွေပြန်ပေါ်နိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သော နေကြာ၊ ပဲတီစိမ်းနှင့် နွေစပါး စိုက်ပျိုးရေးလုပ်ငန်းများအတွက် မတည် ပေးခြင်းဖြစ်ကြောင်း၊ တစ်နေရာနှင့်တစ်နေရာ အခြေအနေချင်း မတူညီသော်လည်း နည်းလမ်းများ ရှာကြံ၍ လျာထားချက်ပြည့်မီအောင် ကြိုးစား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စီမံကိန်းရည်မှန်း ချက်များကို လက်တွေ့အောင်မြင်အောင် ဆောင် ရွက်ရန်နှင့် အမှန်တကယ်တိုးတက်အောင် စီမံ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြား သည်။
သေသေချာချာ စိစစ်သုံးသပ်ဆောင်ရွက်ရမည်
ယင်းနောက် အမျိုးသားစီမံကိန်းကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းအကောင်အထည်ဖော်မှု အခြေအနေကို သုံးသပ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ် အမျိုးသားစီမံကိန်းကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ကြိုတင်ပြင်ဆင်ရမည့် ကိစ္စရပ်များကို သေသေချာချာ စိစစ်သုံးသပ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ပြည်သူများအတွက် အကျိုးရှိစေရေးတို့ကို ဦးတည်ဆောင်ရွက်သွားရမည်
ယခုနှစ်တွင် လုပ်ငန်းအကောင်အထည်ဖော် မှုကို ပြီးပြတ်အောင် ဆောင်ရွက်ကြရန်လိုအပ်ပြီး အကြောင်းအမျိုးမျိုးကြောင့် မပြီးပြတ်ခဲ့ပါက ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်တွင် ဘဏ္ဍာငွေကို စနစ်တကျ ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း၊ လာမည့်နှစ်တွင်လည်း အမှန်ဆောင်ရွက်နိုင်မည့် ပမာဏကိုချိန်ညှိကာ စီမံကိန်းတွင်ရေးဆွဲပြီး ဘဏ္ဍာငွေတောင်းခံရမည်ဖြစ်ကြောင်း၊ လုပ်ငန်းစီမံ ကိန်းများကို ဆောင်ရွက်ရာတွင်လည်း ဖြစ်မြောက် နိုင်စွမ်းကိုလေ့လာပြီး စီးပွားရေးအရတွက်ခြေကိုက်မှု ရှိစေရေးနှင့် ပြည်သူများအတွက် အကျိုးရှိစေရေး တို့ကို ဦးတည်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဥပဒေကိုမပြဋ္ဌာန်းမီ ဆောင်ရွက်ရမည့်လုပ်ငန်းများ ပြည့်စုံစေရေးကို ဆောင်ရွက်ရမည်ဖြစ်သည့်အပြင် အကောင်အထည်ဖော်ဆောင်ရွက်နေစဉ် ကာလ အတွင်းတွင်လည်း စောင့်ကြပ်ကြည့်ရှုသည့် လုပ်ငန်းစဉ်များ အားကောင်းရေးကို ဆောင်ရွက် ရမည်ဖြစ်ကြောင်း။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရန် ဒေသအလိုက် အဓိကအားသာချက်ရှိသည့် သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကို တွန်းအားပေးရာတွင် ပန်းတိုင်အထွက်နှုန်း ရည်မှန်းချက်ပြည့်မီစေရေးကို အလေးထားဆောင်ရွက်ရေးနှင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးကိုလည်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း။
ပြည်ပသို့ တရားမဝင်နည်းလမ်းများဖြင့် ထွက်ခွာမှုများ လျော့နည်းလာမည်
အသေချာဆုံးသော စီးပွားရေးမြှင့်တင်မှုသည် အခြေခံခိုင်မာပြီးဖြစ်သည့် စိုက်ပျိုးရေးကုန် ထုတ်လုပ်မှုနှင့် မွေးမြူရေးကုန်ထုတ်လုပ်မှုတို့ ဖြစ်ကြောင်း၊ ဒေသများကရရှိနိုင်သည့် ကုန်ကြမ်း များကို အပြည့်အဝအသုံးချပြီး ကုန်ချောထုတ်လုပ် နိုင်ရန် နည်းပညာပံ့ပိုးမည့်ဌာနများနှင့် သုတေသန ဌာနများ အချိတ်အဆက်မိမိ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးမှု ကွာဟချက် နည်းပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ဖန်တီးနိုင်မည်ဆိုပါက ကျေးလက်မှ မြို့ပြသို့ ပြောင်းရွှေ့အလုပ်လုပ်ကိုင်ကြခြင်းနှင့် ပြည်ပသို့ တရားမဝင်နည်းလမ်းများဖြင့် ထွက်ခွာမှုများ လျော့နည်းလာမည်ဖြစ်ကြောင်း။
တိုင်းပြည်သာယာဝပြောရေးကို ဆောင်ရွက်ရမည်
ပြည်သူများ အဓိကလိုအပ်သည့် လမ်းပန်း ဆက်သွယ်ရေး၊ ရေရရှိရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများနှင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးစားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေနှင့် ထွက်ငွေ မျှတရေးကိုလည်း ကြိုးပမ်းလုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ မည်သည့်စီမံကိန်းကိုမဆို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ထိရောက်သည့် ငွေကြေးသုံးစွဲမှုဖြစ်စေရေးနှင့် လုပ်ငန်းစွမ်းဆောင် ရည်ပြည့်ဝစေရေး မှန်မှန်ကန်ကန် သုံးသပ်ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူဗဟိုပြုလုပ်ငန်း များနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ပြီး တိုင်းပြည်သာယာဝပြောရေးကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း။
ယခုအတည်ပြုမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ လုပ်ငန်းများကို ဥပဒေအဖြစ် ပြဋ္ဌာန်းပြီးပါက သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လက်ရှိ ဘဏ္ဍာရေးနှစ်၏ အမျိုးသားစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်မှု အားနည်းချက်၊ အားသာ ချက်များကိုဖော်ထုတ်ပြီး တိုင်းပြည်စီးပွားဖွံ့ဖြိုး တိုးတက်အောင် ပိုမိုကြိုးပမ်းအားထုတ်လုပ်ဆောင် သွားကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်