အမျိုးသားစာပေဆုရှင်၊ လွတ်လပ်ရေးမော်ကွန်းဝင်(ဒုတိယဆင့်)နှင့် နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) ရရှိသူ စာရေးဆရာကြီး တင့်ဆွေ(ဖျာပုံ) ကွယ်လွန်ပြီ

 

ရန်ကုန်    ဇန်နဝါရီ    ၅


အမျိုးသားစာပေဆုရှင်၊ လွတ်လပ်ရေးမော်ကွန်းဝင်   (ဒုတိယဆင့်)နှင့် နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်)  ရရှိသူ စာရေးဆရာ တင့်ဆွေ(ဖျာပုံ) သည် ရန်ကုန်မြို့ အမှတ်(၂)တပ်မတော်ဆေးရုံ    ခုတင်(၅၀၀)၌ ဇန်နဝါရီ ၅ ရက်တွင် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၇ နှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ 

 


ဆရာကြီးကို  ၁၉၂၅  ခုနှစ်   ဖေဖော်ဝါရီ  ၁  ရက်တွင် အဖ ဦးဘသောင်နှင့် အမိ ဒေါ်သင်တို့က ဖျာပုံမြို့၌  မွေးဖွားခဲ့ပြီး မွေးချင်း နှစ်ဦးအနက် အငယ်ဖြစ်ကာ    ဖျာပုံမြို့အထက်တန်းကျောင်းတွင်    ဒသမတန်းအထိ ကျောင်းပညာများကို သင်ယူဆည်းပူးခဲ့သည်။ 

 


 ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်ခြင်းခံရ


ဆရာကြီးသည် ၁၉၃၀ ပြည့်နှစ်တွင် ဗိုလ်အောင်ကျော်  အရေး အခင်းဖြစ်ပွားခဲ့ရာ ဖျာပုံမြို့ ကျောင်းသားသပိတ်၌ ပါဝင်ခဲ့ရာမှ  အစ ပြု၍ နိုင်ငံရေးကို စိတ်ပါဝင်စားခဲ့သူဖြစ်သည်။  ၁၉၄၃ ခုနှစ် ဂျပန် ခေတ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော် BDA တွင် တပ်မတော်သား ဘဝသို့ စတင်ဝင်ရောက်ခဲ့သည်။   ၁၉၄၄   ခုနှစ်တွင်    မင်္ဂလာဒုံ ဗိုလ်သင်တန်းအပတ်စဉ် (၂)ကို တက်ရောက်အောင်မြင်ပြီး ဂျပန်နိုင်ငံ ဘုရင့်စစ်တက္ကသိုလ် ဗိုလ်သင်တန်းအပတ်စဉ် (၅၈) သို့ ထပ်မံရွေးချယ် စေလွှတ်ခြင်းခံရကာ ဒုတိယကမ္ဘာစစ်ပြီးဆုံးသော  ၁၉၄၅   ခုနှစ်တွင်   မြန်မာနိုင်ငံသို့   ပြန်လည်ရောက်ရှိလာခဲ့သည်။   ၁၉၄၆  ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ သနက(၄)(ပြည်)တွင် ရဲဘော်အဖြစ် ပြန်လည် စစ်မှုထမ်းခဲ့ရာမှ ၁၉၄၈ ခုနှစ်တွင် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ် ခြင်းခံရသည်။ 


မှတ်တမ်းကောင်း ရာဇဝင်

 


ယင်း ၁၉၄၈ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်မှာပင် တစ်ရပ်တည်းနေ ဖျာပုံသူ   ဒေါ်ခင်စန်းနှင့်   ရေစက်ပါခဲ့ပြီး လက်ထပ်ခဲ့သည်။ နိုင်ငံ အကျိုးနှင့်အတူ အိမ်ထောင်မှုတစ်ခုကိုလည်း  အေးချမ်းစွာ တည် ဆောက်ရင်း ဗိုလ်မှူးချုပ်အဆင့်ဖြင့် ၁၉၈၀ ပြည့်နှစ်တွင် အငြိမ်းစားယူ ခဲ့သည်။ တပ်မတော်တွင် တပ်ရင်းမှူး/ တပ်မမှူး / တိုင်းမှူး စသည့် တာဝန်အဆင့်ဆင့်တို့ကို ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး သော ခြေမြန်တပ်မဖြစ်သည့် အမှတ်(၇၇) တပ်မကို ဦးဆောင်ဖွင့်လှစ် တည်ထောင်ခဲ့သူလည်းဖြစ်သည်။ ယင်းနှင့်တစ်ပြိုင်နက် ပဲခူးရိုးမမှ ဗကပ ဗဟိုဌာနချုပ်အား ဖြိုခွင်းနိုင်ခဲ့သော မှတ်တမ်းကောင်း ရာဇဝင် ကို  တွင်ကျန်ရစ်အောင် မော်ကွန်းထိုးနိုင်ခဲ့သူလည်းဖြစ်သည်။ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီတွင် ပါတီဝင်တစ်ဦးဖြစ်ပြီး ဗဟိုကော်မတီ ဝင်နှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ 
ဆရာကြီးသည် တပ်မတော်မှ အနားယူပြီး    အမှတ်(၁)စက်မှု ဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်း နိုင်ငံနှင့်လူမျိုးအတွက်  ဆက်လက် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ 

 


လူမှုရေးလုပ်ငန်းများ


ယင်းနောက် အသက်အရွယ်ရလာသည်နှင့်အမျှ လူမှုရေးလုပ်ငန်း များတွင်လည်း စိတ်ပါဝင်စားသူဖြစ်ပြီး မြန်မာနိုင်ငံ ဂျပန်ကျောင်းသား ဟောင်းများအသင်း (MAJA)တွင် နာယကအဖြစ် လည်းကောင်း၊ ဇီဝိတ ဒါနသံဃာ့ဆေးရုံတွင် နာယကအဖြစ် လည်းကောင်း၊ ဖျာပုံမြို့နယ် အသင်းတွင်  နာယကအဖြစ် လည်းကောင်း၊ မိတ္ထီလာဘိုးဘွားရိပ်သာ တွင်လည်း နာယကအဖြစ် လည်းကောင်း အားမာန်အပြည့်ဖြင့် ပါဝင် အကျိုးပြုဆောင်ရွက်ခဲ့သည်။

 


ဆရာကြီးသည် နိုင်ငံတော်တာဝန်များထမ်းဆောင်စဉ် လွတ်လပ် ရေးမော်ကွန်းဝင် (ဒုတိယဆင့်) နှင့်   နိုင်ငံ့ဂုဏ်ရည်  (ပထမဆင့်) ဘွဲ့တံဆိပ်များကို နိုင်ငံတော်မှချီးမြှင့်ခြင်းခံခဲ့ရသည့်အပြင် မုဒုံမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်နှင့် မှော်ဘီမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်တို့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။  

 

 
ထင်ဟပ်ကျန်ရစ်နေမည်


ဆရာကြီးသည်  ဇနီးသည်   ဒေါ်ခင်စန်းနှင့် ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ် (၆)ရပ်ကွက်  အနောက်မေခလမ်းသွယ်(၂) ခြံအမှတ်(၄)တွင်  အေးချမ်းစွာနေထိုင်ခဲ့ပြီး ၂၀၀၉ ခုနှစ်  ဇူလိုင်လ ၅ ရက်တွင် ဇနီးသည်  ကွယ်လွန်ခဲ့သည်မှအစပြု၍    စာပေလောက သို့    ဝင်ရောက်လာခြင်း ဖြစ်သည်။   ယင်းသို့  စာပေနယ်ပယ်သို့     ဝင်ရောက်လာချိန်တွင်  ကျောပိုးအိတ်လေးကို ချီကာလွယ် (၂၀၁၀ ပြည့်နှစ် အမျိုးသားစာပေဆု၊ စာပဒေသာ)၊ မထိကန်သာ  ရေကြည်ရှာခဲ့၊ ပြည်တွင်းသောင်းကျန်း မှုနှင့်သာ  ရုန်းကန်လာရသော လွတ်လပ်ရေးစာအုပ်များနှင့်    ခေတ် အဆက်ဆက် တိုးတက်ကြံဆစက်မှုကဏ္ဍစာအုပ်တို့ကို ရေးသားခဲ့ပြီး မျိုးဆက်သစ်လူငယ်များကို ကြယ်တံခွန်ဆောင်ကာ    မီးမောင်းထိုး အလင်းပြခဲ့သည့် ဆရာကြီး၏ စိတ်စေတနာမှာ ယနေ့တိုင်သာမက နောင်နှစ်ပေါင်းများစွာတိုင် ထင်ဟပ်ကျန်ရစ်နေမည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။  

 

 မြင့်မိုရ်၊ ဓာတ်ပုံ- မင်းထက်