အမျိုးသားအကျိုးစီးပွားနှင့် မြန်မာ - ရုရှားဆက်ဆံရေး

Type

 

ဇင်ငြိမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စက်တင်ဘာလ ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ  ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည့်  ခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်နိုင်ခဲ့သလို မြန်မာနိုင်ငံအတွက် အကျိုးရှိစေမည့် သဘောတူညီမှုများကိုလည်း လက်မှတ်ရေးထိုးခဲ့သည်ကို တွေ့ရသည်။  

 

မြန်မာ့ပထဝီနိုင်ငံရေး


မြန်မာနိုင်ငံ၏  ပထဝီနိုင်ငံရေးမှာ   အနောက် အုပ်စု အထူးသဖြင့် အမေရိကန်နိုင်ငံအတွက် အထူး စိတ်ဝင်စားစရာ  ဖြစ်ပါသည်။   မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊  အိန္ဒိယနိုင်ငံတို့နှင့်   နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါသည်။ တရုတ်နိုင်ငံသည် စီးပွားရေး တွင်  အမေရိကန်နိုင်ငံနှင့်   ပခုံးချင်းယှဉ်လျက်ရှိပြီး စစ်ရေးစွမ်းအားမှာ  ကမ္ဘာ၌ တတိယအဆင့်တွင် ရှိနေပါသည်။ ထို့အတူ အိန္ဒိယနိုင်ငံသည် စီးပွားရေး မှာ ကမ္ဘာ၌  ပဉ္စမအကြီးဆုံးဖြစ်ပြီး  စစ်ရေးစွမ်းအား တွင် စတုတ္ထအဆင့် ရှိနေပါသည်။ 
အမေရိကန်အနေဖြင့် ထိုကဲ့သို့ ကမ္ဘာ့ထိပ်တန်း စီးပွားရေးနှင့် စစ်ရေးပိုင်ဆိုင်နေသည့် တရုတ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့အား ထိန်းချုပ်ရန်ဆိုပါက မြန်မာ နိုင်ငံသည် အချက်အချာနေရာတွင် ရှိနေပါသည်။ သို့ဖြစ်ရာ အမေရိကန်အတွက်  မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေးအရ အရေးပါနေသဖြင့် မြန်မာနိုင်ငံ အပေါ်လွှမ်းမိုးရန် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိပါ သည်။ အလားတူ မြန်မာနိုင်ငံသည်  တရုတ်နိုင်ငံ အတွက် စီးပွားရေး၊ စစ်ရေး မဟာဗျူဟာပထဝီအနေ အထားအရ အရေးပါလျက်ရှိနေပါသည်။
မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်လာသော ရုရှားနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ပြိုင်ဘက်ဟောင်း များဖြစ်ကြသကဲ့သို့ ယနေ့ထက်တိုင်လည်း အပြင်း အထန်ယှဉ်ပြိုင်နေကြဆဲ ဖြစ်ပါသည်။ အထူးသဖြင့် စစ်ရေးစွမ်းအားတွင် အမေရိကန်သည် နံပါတ်တစ် ဖြစ်ပြီး ရုရှားသည် နံပါတ်နှစ်အဆင့်ဖြစ်ပါသည်။ စီးပွားရေးအရ ရုရှားနိုင်ငံသည် ကမ္ဘာ့အဆင့် ၁၁ တွင် ရှိနေပါသည်။ အမေရိကန်အနေဖြင့် ရုရှားနိုင်ငံ အပေါ် ပိတ်ဆို့ထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိရာ ကမ္ဘာ့နိုင်ငံရေးတွင်   တင်းမာမှုများ   ဆက်တိုက် ဖြစ်ပေါ်နေပါသည်။ 

 


မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ပထဝီနိုင်ငံ ရေးအရ ဆက်စပ်မှုနည်းပါးသော်လည်း အမေရိကန် နိုင်ငံ၏ အာရှဗဟိုပြုမူဝါဒအရ အာရှနိုင်ငံများအပေါ် လွှမ်းမိုးရန်ကြိုးပမ်းနေခြင်း၊ တရုတ်နိုင်ငံနှင့် ရုရှား နိုင်ငံကို ထိန်းချုပ်ရန်ကြိုးပမ်းနေခြင်းကြောင့် ရုရှား နိုင်ငံအတွက် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးသည် အရေးပါသောဆက်ဆံရေးတစ်ရပ်ဟု ဆိုနိုင်ပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံသည် ကမ္ဘာ့အင်အားကြီးနိုင်ငံ များအကြား ဆက်ဆံရေးတွင် ပထဝီနိုင်ငံရေးအရ အရေးပါသောနေရာ၌ ရှိနေပါသည်။

 


မြန်မာနိုင်ငံအပေါ်တိုးမြင့်လာသော 
စွက်ဖက်မှုများနှင့်  ဖိအားများ


အမေရိကန်နှင့် အနောက်အုပ်စုသည်   မြန်မာ့ နိုင်ငံရေးအပါအဝင်      ပြည်တွင်းရေးများတွင် နည်းလမ်းအမျိုးမျိုးဖြင့်   ဝင်ရောက်စွက်ဖက်၍ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးရန် ကြိုးပမ်းလျက်ရှိကြ ပါသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း စီးပွားရေးပိတ်ဆို့မှု များနှင့် ဖိအားပေးမှုများလုပ်ဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီမိုကရေစီအသွင်ကူးပြောင်းမှု   နောက်ပိုင်းတွင် ဖြေလျှော့မှုများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက်တွင် အသွင်ကူးပြောင်းရေး   ပထမအစိုးရသက်တမ်း ငါးနှစ်အတွင်း  အမေရိကန်အပါအဝင်   အနောက် အုပ်စုနှင့်သာမက အခြားနိုင်ငံများနှင့်ဆက်ဆံရေး တိုးမြင့်လာခဲ့ပြီး   ဆက်ဆံရေးများကို    ပြန်လည် တည်ဆောက်နိုင်ခဲ့သည်ကို တွေ့ရပါသည်။ 

 


သို့သော်လည်း အမေရိကန်နှင့် အနောက်အုပ်စု သည်   မြန်မာ့နိုင်ငံရေးအသွင်ကူးပြောင်းမှုအပေါ် စိတ်ဝင်စားသည်ထက် မြန်မာနိုင်ငံအပေါ် ၎င်းတို့ လွှမ်းမိုးနိုင်ရေးကိုသာ အဓိကရည်ရွယ်ခဲ့သည်ကို ၂၀၁၅  ရွေးကောက်ပွဲနှင့်   နောက်ပိုင်းတွင်   ပိုမို တွေ့မြင်လာခဲ့ရသည်။   ဘင်္ဂါလီများအရေးတွင် ကြိုးကိုင်ဖိအားပေးခြင်း၊ နိုင်ငံရေးတွင် ဝင်ရောက် စွက်ဖက်ခြင်း၊ ရွေးကောက်ပွဲတွင်  နောက်ကွယ်မှ ပံ့ပိုးကူညီခြင်းကဲ့သို့သော လုပ်ဆောင်မှုများသည် မြန်မာနိုင်ငံတွင် ၎င်းတို့အလိုကျ   အစိုးရတစ်ရပ် ဖြစ်ပေါ်လာရေး ရည်မှန်းချက်ဖြစ်ပါသည်။ ယင်းသို့ သော စွက်ဖက်မှုများကြောင့် အောင်အောင်မြင်မြင် စတင်ခြေလှမ်းနေသည့် မြန်မာနိုင်ငံ၏   အသွင် ကူးပြောင်းရေးကို   အထောက်အကူမပြုစေဘဲ လမ်းကြောင်းလွဲစေခဲ့သည့် အကြောင်းရင်းတစ်ချက် ဟု ဆိုနိုင်ပါသည်။

 


၂၀၂၁ ခုနှစ်နောက်ပိုင်းတွင်   အမေရိကန်နှင့် အနောက်အုပ်စုသည်     နိုင်ငံအလိုက်သာမကဘဲ ကုလသမဂ္ဂ၊ အာဆီယံ၊ လူ့အခွင့်အရေး၊ ICJ ကဲ့သို့ သောအဖွဲ့အစည်းများမှတစ်ဆင့် ဖိအားအမျိုးမျိုး ပေး၍  မြန်မာနိုင်ငံအပေါ်   လွှမ်းမိုးရန်ကြိုးပမ်း နေကြပါသည်။  ယင်းသို့သော   ဖိအားများသည် တစ်ဖက်တွင် မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံ ရေးကို   တစ်မျိုးတစ်ဖုံ   အကျိုးသက်ရောက်စေခဲ့ ပါသည်။

 


မြန်မာ - ရုရှားဆက်ဆံရေး


၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ  ၁၈  ရက်နေ့က စတင်ထူထောင်ခဲ့သော မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ ဆက်ဆံရေးသည် ယခုအခါ နှစ်ပေါင်း ၇၄ နှစ်ကျော် ရှိပြီဖြစ်သည်။ နှစ်ကာလကြာရှည်၍ ခိုင်မာသော ဆက်ဆံရေးဟုလည်း ဆိုနိုင်ပါသည်။ မြန်မာနိုင်ငံ နှင့် ရုရှားနိုင်ငံသည် နယ်မြေဒေသအားဖြင့် နီးစပ် သည့်နိုင်ငံများ  မဟုတ်ကြချေ။   နှစ်နိုင်ငံသည်  အဖြောင့်အတိုင်းအကွာအဝေးအားဖြင့် မိုင်ပေါင်း လေးထောင်ကျော် ကွာဝေးပါသည်။ ဆက်သွယ်ရေး စနစ်နှင့် သယ်ယူပို့ဆောင်ရေးစနစ်များ   တိုးတက် မြင့်မားနေသော  ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင်   ထိုအကွာအဝေးသည်  အလှမ်းကွာဝေးသည်ဟု မဆိုနိုင်ချေ။ နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ယနေ့ထက်တိုင် ခိုင်မြဲလျက်ရှိပါသည်။ မြန်မာနိုင်ငံ နှင့် ရုရှားနိုင်ငံအကြား  ဆက်ဆံရေးသည်  ယခင်က   စစ်ဘက်ရေးရာ    ဆက်ဆံမှုနည်းခဲ့သော်လည်း နောက်ပိုင်းတွင်     ကဏ္ဍအားလုံးဆက်ဆံရေး အသွင်ဖြင့်       တိုးမြင့်လာသည်ကို တွေ့ရပါ သည်။

 


၁၉၅၀ ပြည့်နှစ်လွန်ကာလများအတွင်း နှစ်နိုင်ငံ ခေါင်းဆောင်များ   အပြန်အလှန်လည်ပတ်သည့် ခရီးစဉ်များရှိခဲ့ပြီး ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ကူညီ ခဲ့သည့်သာဓကများလည်း  ရှိခဲ့ပါသည်။   စစ်အေး ခေတ်လွန်ကာလများတွင် မြန်မာနိုင်ငံနှင့်  ရုရှား နိုင်ငံအကြား  ဆက်ဆံရေးအေးခဲခဲ့သော်လည်း နောက်ပိုင်းတွင် ဆက်ဆံရေးများ ယခင်ကထက် တိုးမြင့်လာခဲ့သည်ကို  တွေ့ရသည်။   အထူးသဖြင့် အမေရိကန်နှင့် အနောက်အုပ်စုက  မြန်မာနိုင်ငံ အရေး ဝင်ရောက်စွက်ဖက်လာပြီး စီးပွားရေးအပါအဝင် ပိတ်ဆို့မှုများ ချမှတ်ကျင့်သုံးလာချိန်တွင် မြန်မာ-ရုရှားဆက်ဆံရေး ပိုမိုတိုးမြင့်လာခဲ့သည်။ ထို့ပြင် စက်တင်ဘာလ ၄ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်တွင်  နှစ်နိုင်ငံအကြားဆက်ဆံရေးကို   ပိုမို မြှင့်တင်နိုင်ခဲ့သည်ကို တွေ့ရပါသည်။ 

 


ရန်သူမရှိ မိတ်ဆွေမရှိ


နိုင်ငံတကာဆက်ဆံရေးတွင် ရန်သူမရှိ မိတ်ဆွေ မရှိဆိုသည့်စကားသည် လက်တွေ့ကျသည့် ကျင့်စဉ် တစ်ရပ်ဖြစ်သည်။   တစ်ချိန်က  အမေရိကန်နှင့် ပြင်းပြင်းထန်ထန်  တိုက်ခိုက်ခဲ့ကြသော    ဂျပန်၊ ကမ္ဘောဒီးယားကဲ့သို့သော နိုင်ငံများသည် ယနေ့အခါ အမေရိကန်နိုင်ငံ၏ မိတ်ဆွေရင်းခြာ နိုင်ငံများဖြစ်နေ ကြပါသည်။ အမျိုးသားအကျိုးစီးပွားအတွက်၊ ကိုယ့် နိုင်ငံအတွက်   အကျိုးဖြစ်ထွန်းစေမည့်    နိုင်ငံနှင့် ဆက်ဆံခြင်းသည်  ကမ္ဘာ့နိုင်ငံရေးတွင်   ထူးဆန်း သည့်ဖြစ်စဉ်မဟုတ်ပါ။  မြန်မာ့နိုင်ငံခြားရေးမူဝါဒ သည်   ပထဝီနိုင်ငံရေးအခြေအနေအရ    ကြားနေ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည်ဆိုသော်လည်း လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့နိုင်ငံရေးပြိုင်ဆိုင်မှုတွင်  ကိုယ့်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေးအတွက်မူ လိုက်လျောညီ ထွေဆက်ဆံကြရမည် ဖြစ်သည်။

 


ကမ္ဘာတစ်ဝန်း   အမျိုးသားအကျိုးစီးပွားကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အကောင်အထည်ဖော်နေ ကြချိန်တွင် မြန်မာနိုင်ငံအနေဖြင့်လည်း ကိုယ့်နိုင်ငံ အကျိုးစီးပွားကာကွယ်ရေးနှင့်    မြှင့်တင်ရေးကို လုပ်ဆောင်ရမည်ဖြစ်ပါသည်။ ကမ္ဘာ့အင်အားကြီး နိုင်ငံများက အင်အားနည်းနိုင်ငံများကို   အသုံးချ၍ ကိုယ်ကျိုးစီးပွားရှာနေကြချိန်တွင်   နိုင်ငံငယ်များ အတွက် နိုင်ငံအကျိုးစီးပွားကာကွယ်ရေးမှာ ပိုမို အရေးကြီးသည့်အချိန် ဖြစ်လာနေသည်ကို တွေ့ရ ပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း  နိုင်ငံအကျိုး စီးပွားကာကွယ်ရေးနှင့် မြှင့်တင်ရေးအတွက် ရန်သူ မရှိ   မိတ်ဆွေမရှိဘဲ    နိုင်ငံတကာဆက်ဆံရေးကို အကောင်အထည်ဖော်ရမည်သာ ဖြစ်သည်။ သို့ဖြစ်၍ လည်း သူအကျိုးရှိ၊ ကိုယ်အကျိုးရှိစေမည့် မြန်မာ- ရုရှားဆက်ဆံရေးကို ယခင်ကထက် ပိုမိုမြှင့်တင်လာ ခြင်းဟု ယူဆရပါသည်။

 


မြန်မာ - ရုရှားဆက်ဆံရေးသည်   ယနေ့မှ ဖြစ်လာသည့်   နှစ်နိုင်ငံဆက်ဆံရေး   မဟုတ်ဘဲ နှစ်ကာလကြာရှည်စွာခိုင်မြဲနေသည့် ဆက်ဆံရေး ဖြစ်ပါသည်။  ထို့ပြင်    မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဖိအားများနှင့်   အကျပ်အတည်းများ ရင်ဆိုင်ရသည့် အချိန်တိုင်းတွင် ရုရှားနိုင်ငံက မြန်မာ နိုင်ငံဘက်မှ   ရပ်တည်ပေးခဲ့ပါသည်။   ယင်းသို့ ရပ်တည်ပေးမှုသည် နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးပြုမှုဟု ဆိုရပါမည်။ အထူးသဖြင့်   မြန်မာ နိုင်ငံ၌  ပြင်ပ၏ဖိအားများ ရင်ဆိုင်နေရချိန်တွင် ရုရှားနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်လိုက်ခြင်းကြောင့် သူ့အကျိုး၊   ကိုယ့်အကျိုးဖြစ်စေမည့်   ပူးပေါင်း ဆောင်ရွက်မှု ဖြစ်ပါသည်။

 


အမျိုးသားအကျိုးစီးပွားကာကွယ်ရေးနှင့် 
မြှင့်တင်ရေး


အမျိုးသားအကျိုးစီးပွားသည် နိုင်ငံတစ်နိုင်ငံ အတွက် အဓိကဦးတည်ချက်ဖြစ်ရာ သက်ဆိုင်ရာ နိုင်ငံအတွက် အခြေခံအကျဆုံးလုပ်ငန်းစဉ်တစ်ရပ် လည်း  ဖြစ်ပါသည်။  သို့ဖြစ်၍    ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံတွင်  နိုင်ငံတိုင်းသည်  အမျိုးသားအကျိုး စီးပွားကာကွယ်ရေး၊    အမျိုးသားအကျိုးစီးပွား ဖော်ဆောင်ရေးအတွက် ဦးတည်လုပ်ဆောင်နေကြ သည်ကို တွေ့ရပါသည်။ 
အမျိုးသားအကျိုးစီးပွားသည်   သက်ဆိုင်ရာ နိုင်ငံ၏   နိုင်ငံသားတစ်ဦးချင်း    အရေးကိစ္စမှ တစ်မျိုးသားလုံး၏ အရေးကိစ္စအထိ  ကျယ်ပြန့်စွာ ပါဝင်ပါသည်။   နိုင်ငံသားများ    ကောင်းကျိုး၊ တစ်မျိုးသားလုံးကောင်းကျိုးကို ထိန်းသိမ်းကာကွယ် ခြင်း၊ အကောင်အထည်ဖော်ခြင်း၊ မြှင့်တင်ခြင်းဖြင့် အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ကြသည် ကို တွေ့ရပါသည်။   ကမ္ဘာတွင်   နိုင်ငံများအလိုက် အမျိုးသားအကျိုးစီးပွား    ဖော်ဆောင်ကြရင်း ထိပ်တိုက်ရင်ဆိုင်မှုများ၊   ပဋိပက္ခများ၊   တင်းမာမှု များနှင့်     တိုက်ခိုက်မှုများ     ဖြစ်ပွားနေကြပါ သည်။ 

 


စစ်အေးခေတ်လွန် ပြိုင်ဘက်ကင်းဖြစ်လာသည့် အမေရိကန်နိုင်ငံသည် ကမ္ဘာ့ အင်အားအကြီးမားဆုံး ဖြစ်လာပြီးနောက်ပိုင်း  ၎င်း၏  အကျိုးစီးပွားများ ကာကွယ်ရေးနှင့် အကောင်အထည်ဖော်ရေးအတွက် အင်အားကြီးလာသည့်   တရုတ်၊   ရုရှားတို့နှင့် ထိပ်တိုက်ရင်ဆိုင်မှုများ     ဖြစ်ပွားနေပါသည်။ အမေရိကန်သမ္မတဟောင်း  ထရမ့်လက်ထက်က အမေရိကန်၏  အကျိုးစီးပွားသည်သာ  ပထမဟု ကြွေးကြော်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် အမေရိကန် ၏ ရည်ရွယ်ချက်များကို သိသာနိုင်ပါသည်။
အလားတူ အခြားနိုင်ငံများသည်လည်း ကိုယ့် နိုင်ငံ၏   အမျိုးသားအကျိုးစီးပွားကို   ထိပ်တန်း တင်ကြမည်ဖြစ်ရာ    မြန်မာနိုင်ငံအနေဖြင့်လည်း ပြောင်းလဲနေသည့် ကမ္ဘာနိုင်ငံရေးအခြေအနေနှင့် အညီ အမျိုးသားအကျိုးစီးပွားအတွက် လိုက်လျော ညီထွေ ပြောင်းလဲကျင့်သုံးရမည်သာ ဖြစ်ပေသည်။ 

 


ထိရောက်စွာအသုံးချ    


မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် တရုတ်၊ အိန္ဒိယ၊  အမေရိကန်နှင့်   ရုရှား အင်အားကြီးနိုင်ငံ လေးနိုင်ငံ၏    နိုင်ငံတကာဆက်ဆံရေးအကြားတွင် ရောက်ရှိနေပါသည်။ အထူးသဖြင့်  တရုတ်၊ ရုရှား၊ အမေရိကန်ဆက်ဆံရေးအကြားတွင်   အမျိုးသား အကျိုးစီးပွားအတွက် ကျွမ်းကျင်စွာအသုံးချမှသာ အကျိုးရရှိမည်ဖြစ်သည်။ 

 


လက်ရှိကာလတွင်   အမေရိကန်နိုင်ငံသည် တရုတ်၊ ရုရှားတို့နှင့် တင်းမာမှုများရှိနေသောအချိန် ဖြစ်ပါသည်။  မြန်မာနိုင်ငံအပေါ်   အမေရိကန်၏ အမျိုးမျိုးဖိအားပေးမှုများလည်း ရှိနေချိန်ဖြစ်ပါ သည်။   ထိုသို့သောအခြေအနေတွင်    မြန်မာနိုင်ငံ အနေဖြင့် အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးကို ဟန်ချက် ညီထိရောက်စွာအသုံးချခြင်းဖြင့် နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို   ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။        ။