
မြင့်မောင်စိုး
တစ်နေ့ စျေးသွားရင်း စျေးကားပေါ်၌ ထိုင်နေစဉ် ပလတ်စတစ်အိတ်တစ်လုံး လမ်းမပေါ်တွင် လေနှင့်အတူ လွင့်ပျံနေသည်ကို တွေ့ရသည်။ ထိုပလတ်စတစ်အိတ်သည် သေးသေးမွှားမွှားမဟုတ်။ ခပ်ကြီးကြီး ခပ်လတ်လတ်အရွယ်မျှဖြစ်သည်။
လေထဲတွင် ဝဲပျံလာသော ပလတ်စတစ်အိတ်သည် တောင်ဘက်မှမောင်းနှင်လာသော ကုန်ကားကြီးတစ်စီးနောက်သို့ လေနှင့်အတူ နောက်မှအပြေးလိုက်သွားသည်။ ကုန်တင်ကားသည် ပလတ်စတစ်အိတ်ကိုအလိုက်မခံ။ ကန်ထုတ်ထားခဲ့သည်။ သို့သော် သူကလေထဲတွင် ဝဲပျံကခုန်နေဆဲ။ မြေပြင်သို့ ဆင်းသက်ဖို့ကြိုးစားနေစဉ် မြောက်ဘက်မှအရှိန်နှင့် မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးက တိုက်ချသွားပြန်သည်။ သို့သော်သူကမမှု။ လမ်းဆုံလမ်းခွသို့ရောက်လာသည်။ ထိုစဉ် စျေးဝယ်လာသော မိန်းမတစ်ဦးသည် သုတ်သီးသုတ်ပျာနှင့် ကားလမ်းမီးပွိုင့်ကို ဖြတ်ကူးရာ ပလတ် စတစ်အိတ်သည် ထိုမိန်းမ၏ ခြေထောက်တွင် စွပ်လျက်ပါသွားပြန်သည်။ ခြေထောက်မှ ကျွတ်ထွက်သွားပြီးနောက် လမ်းမလယ်သို့ လေပြေလေညင်းက တစ်ဖန်သယ်ခေါ်လာပြန်သည်။ လမ်းမလယ်တွင် အဖော်မဲ့နေစဉ် တောင်လေသည် အရှိန်ပြင်းစွာ ဝှေ့တိုက်လိုက်ရာ ထိုပလတ်စတစ်အိတ်သည် တစ်နာရီ မိုင် ၆၀ နှုန်းနှင့် ပြေး၍လိုက်သွားရတော့သည်။ မြောက်အရပ်သို့ လေကြမ်းနှင့်အတူ နိမ့်ချီတစ်ခါ မြင့်ချီ တစ်လှည့် လွင့်ပါသွားရာ တစ်ခဏအတွင်း မြင်ကွင်းမှ ပျောက်ကွယ်သွားရတော့သည်။
ပလတ်စတစ်အိတ်တစ်လုံး၏ နိဒါန်းကို တွေ့လိုက် ရပြီ။ နိဂုံးသည် မည်သို့အဆုံးသတ်မည်နည်း။ စဉ်းစားတွေးတောနေမိသည်။ လေနှင့်အတူ လွင့်ပါ သွားပြီးနောက် နေအိမ်ခြံစည်းရိုးတွင် သွား၍ ချိတ်နေ မည်လော၊ သို့တည်းမဟုတ် ရေမြောင်းဝတွင် ပိတ်ဆို့နေမည်လော၊ ဒါမှမဟုတ် စိုက်ခင်းများ အတွင်း ကျရောက်သွားမည်လော တပ်အပ် မပြောနိုင်ပေ။ နေအိမ်ခြံစည်းရိုးသို့သွား၍ ချိတ်မိ သော် မည်သို့မျှအမြင်မတင့်တယ်နိုင်။ ခြံစည်းရိုး သည် အရုပ်ဆိုးအကျည်းတန် နေပေလိမ့်မည်။ ရေမြောင်းဝတွင် သွား၍ပိတ်မိချေက ရေကြီးရေလျှံ မှု ဖြစ်ပေတော့မည်။ စိုက်ခင်းများအတွင်း ကျရောက်သွားလျှင်လည်း မြေဆီလွှာထိခိုက် ပျက်စီးတော့မည်။ မည်သို့မျှ ပလတ်စတစ်အမှိုက်၏ သွားရာလမ်းကြောင်းသည် ကောင်းနိုင်လိမ့်မည် မဟုတ်ပေ။
ပလတ်စတစ်အိတ်ပေါင်းများစွာ
ထိုနေ့က ကျွန်တော်ကိုယ်တိုင်သည်ပင် ပလတ် စတစ်အိတ်များနှင့် စျေးဝယ်ခဲ့၏။ ပထမဆုံး ဝယ်သောပစ္စည်းမှာ ကောက်ညှင်းမွှေးလက်ဖက် ခြောက်ဖြစ်၏။ ပလတ်စတစ်အိတ်နှင့် အလုံပိတ် ထား၏။ တစ်ထောင်တန်ဖြစ်၏။ ထိုတစ်ထောင် ကျပ်တန် လက်ဖက်ခြောက်ထုပ်ကိုပင် စျေးရောင်း သူ ကလေးမလေးက ပလတ်စတစ်အိတ်တစ်လုံး နှင့်ထပ်ထည့်ပေးလိုက်၏။ ထို့နောက် ငရုတ်သီးမှုန့် ဝယ်၏။ ပလတ်စတစ်အိတ်နှင့်။ ကြက်သွန်ဖြူ ဝယ်ပြန်၏။ ပလတ်စတစ်အိတ်နှင့်။ ပဲဖူးခြမ်း တစ်ထုပ်ဝယ်၏။ ပလတ်စတစ်အိတ်နှင့်။ပေါက်စီဝယ်စား၏။ ပလတ်စတစ်အိတ်နှင့်။ ငါးခြောက် ဝယ်၏။ ပလတ်စတစ်အိတ်နှင့်။ ရုံးပတီတစ်စည်း ဝယ်၏။ ပလတ်စတစ်အိတ်နှင့်။ ဖရဲသီးဝယ်စား၏။ ပလတ်စတစ်အိတ်နှင့်။ နောက်ဆုံးဝယ်လိုက်သည့် ပစ္စည်းအားလုံးသည် ပလတ်စတစ်အိတ်များနှင့်သာ ဖြစ်နေတော့သည်။ လက်ထဲတွင် ပလတ်စတစ်အိတ် များ တွဲလောင်းဆွဲလာရပေ၏။
ထိုသို့ ပလတ်စတစ်အိတ်တွဲများ ဆွဲလာသူသည် ကျွန်တော်တစ်ဦးတည်းကား မဟုတ်။ ကျွန်တော်နှင့် အတူ စျေးကားထဲ လိုက်လာကြသူများတွင်လည်း ပလတ်စတစ်အိတ်ပေါင်းများစွာနှင့် ဝယ်ခြမ်းလာ ကြ၏။ ကျွန်တော်တို့စျေးကားတွင်သာ ပလတ်စတစ် အိတ်များနှင့်ဝယ်ခြမ်းလာကြသည်မဟုတ်။ စျေးသို့ လာရောက်ကြကုန်သော မြို့ပေါ်ကျေးလက်နေရာ အနှံ့မှ လာကြသူအပေါင်းတို့သည်လည်း ပလတ် စတစ်အိတ် ကြီးငယ်၊အသွယ်သွယ်တို့ဖြင့်စျေးဝယ် နေကြ၏။ တစ်စျေးလုံး ပလတ်စတစ်အိတ်များ လွင့်မျောနေသကဲ့ဖြစ်ချေ၏။ အမှိုက်များ လွင့် နေသည်။ ပလတ်စတစ်အိတ်များ လွင့်မျောနေမှု သည် ကျွန်တော်မြင်တွေ့ခဲ့ရသော စျေး၌သာ လွင့်မျောနေခြင်းကားမဟုတ်။ အခြားသော မြို့ကြီး မြို့ငယ်အသွယ်သွယ်တို့ရှိ စျေးကြီး စျေးငယ်တို့၌ လည်း လွင့်မျောနေ၏။ လက်ဖက်ရည်ဆိုင်၊ ကွမ်းယာ ဆိုင်၊ အသုပ်ဆိုင်များမှအစ စူပါမားကတ်ကြီးများ အထိ ပလတ်စတစ်အိတ်များ လွင့်မျောနေ၏။ နောက်ဆုံး တစ်ကမ္ဘာလုံး ပလတ်စတစ်များလွင့်မျော နေ၏။
နှစ်စဉ်စွန့်ပစ်ပစ္စည်းထွက်ရှိမှု
ကုလသမဂ္ဂ ကမ္ဘာ့ပတ်ဝန်းကျင်အစီအစဉ်၏လေ့လာဆန်းစစ်တွေ့ရှိချက်များအရ ကမ္ဘာပေါ်တွင် နှစ်စဉ် စွန့်ပစ်ပစ္စည်းရှိမှု ပမာဏသည် တန်၁၁ ဒသမ ၂ ဘီလီယံရှိကြောင်း၊ ယင်းတို့တွင် ပလတ် စတစ်စွန့်ပစ်ပစ္စည်း ပမာဏမှာ တန်ချိန်ရှစ်သန်း ခန့်ရှိပြီး နှစ်စဉ်ပင်လယ်သမုဒ္ဒရာများအတွင်း စီးဝင်နေမှုကြောင့် ရေသတ္တဝါများ ဂေဟ စနစ်ထိခိုက်ပျက်စီးလျက်ရှိကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်၏ ၂၀၁၂ ခုနှစ် ခန့်မှန်းတွက်ချက် မှုအရ မြန်မာနိုင်ငံတွင် အစိုင်အခဲစွန့်ပစ်ပစ္စည်းများ တစ်ရက်လျှင် ၅၆၁၆ မက်ထရစ်တန် ထွက်ရှိနေပြီး နိုင်ငံသားတစ်ဦးချင်းအနေဖြင့် တစ်ရက်စွန့်ပစ် ပစ္စည်းပမာဏ ၀ ဒသမ၄၄ကီလိုဂရမ် စွန့်ပစ်လျက် ရှိကြောင်း၊ ၂၀၂၅ ခုနှစ်တွင်၂၁၀၁၂ တန်အထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။
ထို့အတူ ၂၀၁၇ ခုနှစ်က Netherland Enterpriser Agency ၏ အစီရင်ခံစာအရ မြန်မာ တစ်နိုင်ငံလုံးအနေဖြင့် စွန့်ပစ်ပစ္စည်းတစ်ရက်လျှင် မက်ထရစ်တန်ချိန် ၂၀၀၀၀ ခန့်ထွက်ရှိနေကြောင်း၊ မြန်မာနိုင်ငံမှထွက်ရှိသော စွန့်ပစ်ပစ္စည်း ၅၀ ရာခိုင်နှုန်းခန့်မှာ အဓိကမြို့ကြီးသုံးမြို့ဖြစ်သော ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့မှဖြစ်ကြောင်း၊ ရန်ကုန်မြို့မှ တစ်ရက်လျှင် တန်၂၀၀၀ ခန့်၊ မန္တလေး မြို့မှ တစ်ရက်လျှင် ၉၅၅ တန်ခန့်၊ နေပြည်တော်မှ တစ်ရက်လျှင် တန်၂၀၀ ခန့် ထွက်ရှိနေကြောင်း သိရပေသည်။
R သုံးလုံး
ထို့ကြောင့်လည်း ပညာရှင်များက ပလတ်စတစ် သုံးစွဲရေးနှင့်ပတ်သက်၍ အသိပညာပေးနေမှုများရှိ ပါသည်။ ပညာရှင်များ အသိပညာပေးဆောင်ရွက် နေသော အင်္ဂလိပ်အက္ခရာ R သုံးလုံး ရှိပါသည်။ ယင်းတို့သည်ကား Reuse ပြန်လည်အသုံးပြု ခြင်း၊ Reduce အသုံးပြုမှု လျှော့ချခြင်းနှင့် Recycle ပြန်လည်အသုံးချခြင်းတို့ဖြစ်ပါသည်။ ထို R သုံးလုံး အနက် အမှန်တကယ် လက်တွေ့နယ်ပယ်တွင် အသုံးဝင် အသက်ဝင်မှုရှိသော R သည် Recycle ဖြစ်ပါသည်။
အကြောင်းသည်ကား ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင် နေ့စဉ်အမှိုက်သိမ်းကားများနှင့် သန့်ရှင်းရေးဝန်ထမ်းများက လိုက်လံသိမ်းဆည်း လျက်ရှိပါသည်။ အချို့သော သန့်ရှင်း ရေးဝန်ထမ်း များသည် အမှိုက်များသိမ်းဆည်းရာတွင် အမှိုက် သိမ်းရင်းအမှိုက်များထဲမှ ပြန်လည်အသုံးပြု၍ရသော ကော်၊ ဒန်၊ သံ၊ ကြေး စသည်ဖြင့် ရွေးယူကြသည်ကို သတိပြုမိပါသည်။ ရွေးယူရသော ဒန်၊ သံ၊ ကြေး၊ ပုလင်း၊ ခွက်ယောက်များမကျန် ဆိုင်သို့ ပြန်သွင်း ကြပါသည်။ သန့်ရှင်းရေးလုပ်ရင်း ဝင်ငွေလည်းရ၊ တစ်ဖက်က Recycle လုပ်ငန်းကို လုပ်ကိုင်ပေးနေ ခြင်းပင် ဖြစ်ပါသည်။ အထူးသဖြင့် ပလတ်စတစ် အိတ်ကောက်သော ကလေးများကို ကျေးဇူးတင် ရမည်ဖြစ်ပါသည်။ သူတို့သည်လည်း တစ်ဖက်က စားဝတ်နေရေးအတွက် လုပ်ကိုင်နေကြခြင်း ဖြစ်သလို Recycle အလုပ်ကို အဓိကပါဝင်နေကြသူ များပင် ဖြစ်ပါသည်။ ကမ္ဘာ့သန့်ရှင်းရေးလုပ်သား များဟုပင် ဆိုထိုက်ပေသည်။ သူတို့သာ ပလတ် စတစ်အိတ် မကောက်ခဲ့ပါမူ ဤကမ္ဘာမြေကြီးသည် မည်၍မည်မျှ ညစ်နွမ်းနေမည်ဆိုတာ စဉ်းစားကြည့် ဖို့လိုပါသည်။ လွင့်ပျံနေသော ပလတ်စတစ်အိတ်များ၊ ဖော့ဘူးများ၊ စည်းကမ်းမဲ့ပစ်ထားသော ဘီယာဘူးခွံ၊ အချိုရည် ဘူးခွံများ၊ ပုလင်းတို ပုလင်းစများနှင့် အတော်လေး ညစ်ပတ်နေမည်မှာ အသေအချာပင် ဖြစ်ပါသည်။ ထို့ကြောင့် သန့်ရှင်းရေးလုပ်သားများ၊ ပလတ်စတစ်ကောက်သော ကလေးများသည် Recycle အလုပ်ကို အဓိကပါဝင်ဆောင်ရွက် နေကြသူများဖြစ်ကြသည့်အတွက် ကျေးဇူး တင်ထိုက်ပေသည်။
ပြည်သူတစ်ရပ်လုံးပါဝင်မှသာ
Reuse နှင့် Reduce ကတော့ ပြည်သူတစ်ရပ် လုံးပါဝင်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါသည်။ ပလတ်စတစ်အိတ် အသုံးပြုမှုကို လျှော့ချဖို့၊ သုံးပြီးသား ပလတ်စတစ်အိတ်ကို ပြန်လည်အသုံးပြုဖို့ဆိုတာပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်ပါသည်။ ပြည်သူ များက အသိစိတ်ဓာတ်အပြည့်အဖြင့် လိုက်ပါ ဆောင်ရွက်ခြင်းကသာ ပိုမိုထိရောက်မည်ဖြစ်ပါ သည်။
လူတိုင်းလူတိုင်းသည် သန့်ရှင်းမှုကို လိုလားကြ ပါသည်။ သန့်ရှင်းသော အစားအစာ၊ သန့်ရှင်းသော နေရာများကို နှစ်သက်ကြပေသည်။ သန့်ရှင်းမှုကို လိုလားလျှင်၊ သန့်ရှင်းမှုကိုလိုချင်လျှင် အားလုံး ပူးပေါင်းပါဝင်ရမည်ဖြစ်ပါသည်။ All Inclusive ဖြစ် ပါသည်။ အားလုံးပါဝင်ရမည်ဖြစ်ပါသည်။ တစ်ဦးချင်း တစ်ယောက်ချင်း ဆောင်ရွက်၍မရပါ။ ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်ကျောင်း၊ ကိုယ့်လမ်း ကိုယ် ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။
အနိမ့်ဆုံး သေးသေးမွှားမွှား အမှိုက်ကအစ စည်းကမ်းတကျ စွန့်ပစ်တတ်ရမည် ဖြစ်ပါသည်။ မိမိတို့ပတ်ဝန်းကျင် သန့်ရှင်းစွာ နေထိုင်တတ်ဖို့ အလေ့အကျင့်ကောင်းတစ်ခုကို မူလတန်းကလေး ဘဝကတည်းက သင်ကြားခဲ့ရပါသည်။
ယင်းသည်ကား-
တောင်လေတိုက်လာပြီ
အမှိုက်များလွင့်နေသည်
လိုက်၍သိမ်းဆည်းပါ
ငိုက်မနေပါနှင့် ဟူ၍ ဖြစ်ပါသည်။ ။
- Log in to post comments