
ဝါရှင်တန် အောက်တိုဘာ ၂၇
အီရန်နှင့်ဆက်နွှယ်နေသည့်အုပ်စုများက အီရတ်နှင့်ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို တိုက်ခိုက် နေမှုအား ရပ်တန့်ရန် အီရန်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တိုက်ရိုက်သတင်း စကားပါးခဲ့ကြောင်း အိမ်ဖြူတော်က ပြောသည်။
အောက်တိုဘာ ၁၇ ရက်မှ ၂၆ ရက်အထိ အီရတ် နှင့်ဆီးရီးယားရှိ အမေရိကန်နှင့် မဟာမိတ်များမှာ ဒရုန်းများ၊ ဒုံးကျည်များဖြင့် ပစ်ခတ်မှုကို ၁၆ ကြိမ် ထက်မနည်း တွေ့ကြုံခံစားခဲ့ရသည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ ယင်းသို့တိုက်ခိုက်မှုများကြောင့် လူ ၂၀ ထက်မနည်း ဒဏ်ရာ ရရှိခဲ့ရသည်။
အမေရိကန် သမ္မတဂျိုးဘိုင်ဒင်ထံမှ တိုက်ရိုက် သတင်းစကားထွက်ပေါ်လာခဲ့သည်ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ညှိနှိုင်းရေးမှူး ဂျွန်ကာဘီက အောက်တိုဘာ ၂၇ ရက်တွင် သတင်း ထောက်များကို ပြောသည်။ အကယ်၍ အမေရိကန် တပ်ဖွဲ့များကို ဆက်လက်တိုက်ခိုက်နေပါက ပြန်လည် တုံ့ပြန်မည်ဖြစ်ပြီး ယင်းအတွက်လည်း ပြင်ဆင် ထားသင့်သည်ဟု အယာတိုလာ ကို သတိပေးကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ဘိုင်ဒင်၏ သတိပေးမှုမှာ အီရန်ခေါင်းဆောင် အယာတိုလာအလီခါမေနီ ကို ဦးတည်ခြင်းဖြစ် ကြောင်း အမေရိကန်မီဒီယာများတွင် ဖော်ပြသည်။ အမေရိကန်ဗဟိုစစ်ဌာနချုပ် စစ်ဆင်ရေးနယ်မြေ တွင် ခန့်မှန်းခြေအားဖြင့် အမေရိကန်တပ်ဖွဲ့ဝင် ၉၀၀ နီးပါး တပ်ဖြန့်ထားရန် စီစဉ်နေကြောင်း၊ အမေရိကန် လေကြောင်းကာကွယ်ရေးစနစ်များ ကို အရှေ့အလယ်ပိုင်းဒေသတွင် ပိုမိုထားရှိသွားမည် ဟု ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ပတ်ရွိင်ဒါက ပြောသည်။
အင်န်အိတ်ချ်ကေ