အမေရိကန်သမ္မတ ဘိုင်ဒင် အစ္စရေးသို့ရောက်ရှိ၊ ဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံ

 

ဂျေရုဆလင် အောက်တိုဘာ ၁၈


အစ္စရေးနှင့်      ပါလက်စတိုင်းအစ္စလာမ္မစ်အုပ်စု ဟားမားစ်တို့အကြား   တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်တွင်    အမေရိကန်သမ္မတ    ဂျိုးဘိုင်ဒင်သည် အစ္စရေးနိုင်ငံကို    ထောက်ခံကြောင်းပြသသည့် အနေဖြင့် အောက်တိုဘာ ၁၈ ရက်တွင် အစ္စရေးနိုင်ငံ သို့ ရောက်ရှိလာကြောင်း နိုင်ငံတကာသတင်းတစ်ရပ် တွင် ဖော်ပြထားသည်။ 


၎င်းသည်  အဲဖို့စ်ဝမ်းလေယာဉ်ဖြင့်   ရောက်ရှိ လာခြင်းဖြစ်ပြီး     အစ္စရေးဝန်ကြီးချုပ်    ဘင်ဂျမင် နေတန်ယာဟုနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံဆွေးနွေးမှု အပြီးတွင် သမ္မတဘိုင်ဒင်အနေဖြင့် ဂါဇာကမ်းမြောင် တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအခြေ အနေယိုယွင်းနေမှုနှင့် ပတ်သက်ပြီး ဆွေးနွေးရန် အတွက် ပါလက်စတိုင်းသမ္မတ မာမွတ်အက်ဘာ့စ် နှင့်   အခြားသော    အာရတ်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ဂျော်ဒန်နိုင်ငံသို့ ထွက်ခွာရန်    စီစဉ်ထား ခဲ့ကြောင်း သိရသည်။ 


သို့သော်လည်း ဂါဇာကမ်းမြောင်ရှိ ဆေးရုံတစ်ရုံ ၌ အောက်တိုဘာ ၁၇ ရက်က ပေါက်ကွဲမှုဖြစ်ပွားပြီး နောက် မကြာမီတွင်  အဆိုပါခရီးစဉ်ကို  ဖျက်သိမ်း လိုက်သည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံစဉ်တွင်  ထိုပေါက်ကွဲမှုမှာ  ပါဝင်ပတ်သက် ခြင်းမရှိကြောင်း အစ္စရေးပြောကြားချက်ကို ဘိုင်ဒင် က ထောက်ခံခဲ့သည်။ 


တိုက်ခိုက်မှုအတွင်း လူပေါင်း ၅၀၀ ထက်မနည်း သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းနှင့်  ဒေသအနှံ့အပြား ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။   ၎င်းကို   တိုက်ပွဲ စတင်ဖြစ်ပွားချိန်နောက်ပိုင်း ဂါဇာကမ်းမြောင်တွင် လူအသေအပျောက်   အများဆုံးဖြစ်ရပ်များထဲမှ တစ်ခုဟု သတ်မှတ်ထားသည်။ ဘိုဒင်က ပေါက်ကွဲမှု နှင့် ဆိုးဆိုးရွားရွား  အသက်ဆုံးရှုံးမှုများ  ဖြစ်ပေါ် ခဲ့သည့်အတွက် လွန်စွာစိတ်မကောင်းဖြစ်မိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ 


ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဆိုပါဆေးရုံသည် အစ္စရေးတပ်မတော်ဘက်က     ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန် ညွှန်ကြားချက်နှင့် ရင်ဆိုင်နေရသည့် ဂါဇာကမ်းမြောင်မြောက်ပိုင်းရှိ ဆေးရုံ   ၂၀  ထဲမှ တစ်ခုဖြစ်ကြောင်း  ပြောသည်။   ထို့ပြင်   စိုးရိမ်ရ သောအခြေအနေတွင်ရှိသည့် လူနာအရေအတွက်မှာ များပြားလွန်းသောကြောင့် ထိုကဲ့သို့ ပြောင်းရွှေ့ရန် ညွှန်ကြားချက်ကို  လိုက်နာရန်  မဖြစ်နိုင်ကြောင်း လည်း အဆိုပါအဖွဲ့က ဆက်ပြောသည်။


အင်န်အိတ်ချ်ကေ