အမေရိကန်နှင့် မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများအကြား ဒေသတွင်းနှင့်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေမည့် အခွင့်အလမ်းများ ဆွေးနွေး

အမေရိကန်နှင့် မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများအကြား ဒေသတွင်းနှင့်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေမည့် အခွင့်အလမ်းများ ဆွေးနွေး

========================================================

 

နေပြည်တော် ဇန်နဝါရီ ၁၄

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းသည် အာရှ-ပစိဖိတ် လုံခြုံရေးဆိုင်ရာ လေ့လာမှုစင်တာ (APCSS) က ယနေ့ ကျင်းပသည့် “ကိုဗစ်-၁၉ နှင့် အလွန်ကာလ ကြံ့ကြံ့ခံနိုင်မှု မြင့်မားရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု” အလုပ်ရုံဆွေးနွေးပွဲသို့ virtual conference ဖြင့် တက်ရောက်၍ အဓိကဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင် ဆွေးနွေးသည်။

 

အကြံပြုဆွေးနွေး

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ APCSS မှ ပါမောက္ခ Dr. Miemie Winn Byrd က အစီအစဉ်မှူးအဖြစ် ပါဝင်ဆောင်ရွက်ပြီး တက်ရောက်လာသူများက ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုအပေါ် ဒေသတွင်းအဆင့် လက်ရှိတုံ့ပြန် ဆောင်ရွက်နေမှုများ၊ အမေရိကန်နှင့် မိတ်ဖက်နိုင်ငံများ၏ ကူညီပံ့ပိုးပေးမှုများ တိုးမြှင့်ရရှိနိုင်ရေးအတွက် လိုအပ်ချက်များကို အကြံပြုဆွေးနွေးခဲ့ကြသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်နေမှုများ၊ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် နိုင်ငံအချင်းချင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် လက်ရှိဒေသတွင်းနှင့် ကမ္ဘာ့အခြေအနေ ဖြစ်ပေါ်မှုများ၊ ကာကွယ်ဆေးဖြန့်ဝေမှုအခြေအနေများနှင့် လတ်တလော နိုင်ငံ အချင်းချင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ၏ အလားအလာများကို တက်ရောက်လာကြသူများနှင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက မကြာမီကာလများအတွင်း ရောဂါကူးစက်မှု နှုန်းထက် ကာကွယ်ဆေးထိုးနှံနိုင်မှုနှုန်းက ပိုမိုလာမည်ဖြစ်၍ တစ်ကမ္ဘာလုံး လူသားများရင်ဆိုင်နေရသည့် ကပ်ရောဂါအမှောင်ထုမှ လွန်မြောက်မည့် အလင်း ရောင်ကို စတင်မြင်ရတော့မည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုက ရာသီဥတု ပြောင်းလဲမှု၊ အခွင့်အလမ်းများ တန်းတူမညီမျှမှုနှင့် ပထဝီဝင်နိုင်ငံရေး ပြန်လည်ချိန်သားကိုက်မှုဆိုသည့် စိန်ခေါ်မှုသုံးရပ်ကို ရင်ဆိုင်ဖြေရှင်း ဆောင်ရွက် နိုင်မည့် အင်အားများရရှိရန် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကြောင့် ပိုမိုသိသာလာသည့် ကမ္ဘာ့ပထဝီဝင်နိုင်ငံရေးအရွေ့ကို ကိုင်တွယ်ဖြေရှင်းရာတွင် ဂလိုဘယ်လိုက်ဇေးရှင်း ၏ အကျိုးရလဒ်အလားအလာများကို ကမ္ဘာ့လူ့အသိုင်းအဝိုင်းတစ်ရပ်လုံး ညီတူညီမျှ ခံစားနိုင်ရေးအတွက် နိုင်ငံအားလုံးက ယဉ်ကျေးမှုအရသော်လည်းကောင်း၊ အတွေး အခေါ်အယူဝါဒအရသော်လည်းကောင်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အနေဖြင့် မြန်မာ-အမေရိကန် ဆက်ဆံ ရေးပိုမိုခိုင်မာစေရေး၊ နိုင်ငံစုံမိတ်ဖက်များနှင့် ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက် နိုင်ရေးတို့အတွက် အထောက်အကူပြုစေမည့် အကြံပြုချက်သုံးချက်အား ဆွေးနွေးပြောကြားခဲ့ရာတွင် ပထမအချက်အနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သို့ အမြန်ဆုံးပြောင်းလဲအသုံးချနိုင်ရေးအတွက် လိုအပ်မှုကိုအလေးပေး ထောက်ပြခဲ့ပြီး အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အမေရိကန်နိုင်ငံ၏ အရွေးချယ်ခံ သမ္မတ ဘိုင်ဒင်က ပဲရစ်သဘောတူညီချက်တွင် ပြန်လည်ပါဝင်ရန် ကတိကဝတ် ပြုမှုကို ကြိုဆိုပါကြောင်း၊ သစ်တောကဏ္ဍမှ အသားတင်ကာဗွန်ထုတ်လုပ်မှု လျှော့ချရေး၊ နိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ပါဝင်မှု တိုးမြှင့်ရေးနှင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုလျှော့ချရေးတို့ကို ဆောင် ရွက်မည့် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေမှုရှိစေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (Nationally Determined Contributions) ကိုလည်း ရှင်းလင်းဆွေးနွေးခဲ့သည်။

အထောက်အကူဖြစ်စေမည်

 

ဒုတိယအချက်အနေဖြင့် ဒေသတွင်း ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးအတွက် လိုအပ်သော အကူအညီများ ထပ်မံရရှိရေး တောင်းဆိုခဲ့ပြီး မြန်မာနိုင်ငံ ကဲ့သို့သော နိုင်ငံများအနေဖြင့် အီလက်ထရွန်နစ် အစိုးရ၊ အီလက်ထရွန်နစ် ပေးချေမှု၊ အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်မှုနှင့် အွန်လိုင်းမှတစ်ဆင့် ဆေးကုသမှုစသည်တို့ကို အားလုံး လက်လှမ်းမီနိုင်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှု များ လိုအပ်ပြီး ကမ္ဘာတစ်ဝန်း အဆိုပါနယ်ပယ်များ၏ နိုင်ငံတကာကျွမ်းကျင် လုပ်သားများ ရွှေ့ပြောင်းသွားလာမှုအတွက်လည်း အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက အာရှနှင့်ပစိဖိတ်ဒေသတွင်း မဟာဗျူဟာ မြောက်ပြိုင်ဆိုင်မှု အခြေအနေကို မဟာဗျူဟာမြောက် ပူးပေါင်းမှုအခြေအနေသို့ ဦးတည်ပြောင်းလဲအောင် နိုင်ငံများကဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်းခဲ့ပြီး တစ်နေ့တခြား တိုးတက်ထင်ပေါ်လာသည့် အာရှဒေသကို လုံခြုံရေးအရ စိန်ခေါ်မှုတစ်ခုအဖြစ်မမြင်ဘဲ စီးပွားရေးအရ အခွင့်အလမ်းကောင်းရှိသည့် ဒေသအဖြစ် ပြောင်းလဲရှုမြင်သင့်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ဆက်လက်၍ အမေရိကန်နိုင်ငံအနေဖြင့် ကမ္ဘာ့အအောင်မြင်ဆုံး ကုမ္ပဏီ များ၊ ကမ္ဘာ့အဆင့်မီနည်းပညာနှင့် ကမ္ဘာ့ကုန်ထုတ်လုပ်မှုကွင်းဆက်တွင် ပြိုင်စံ ကင်း ချိတ်ဆက်ထားနိုင်မှုများရှိသော်လည်း မြန်မာနိုင်ငံတွင် အခြားသော ဒေသတွင်းနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် နှိုင်းယှဉ်ပါက အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုမှာ အနည်းငယ်သာရှိနေသေးသဖြင့် ပိုမိုတိုးမြှင့် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံ၏ ကိုဗစ်-၁၉ တုံ့ပြန်မှုအတွက် USAID မှတစ်ဆင့် ကျန်းမာရေး အထောက် အကူပြု ကိရိယာများနှင့် တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံများ၊ အမျိုးသား ကျန်းမာရေးဓာတ်ခွဲခန်း အဆင့် မြှင့်တင်ခြင်းလုပ်ငန်းနှင့် နိုင်ငံစုံအလှူရှင်များမှ တစ်ဆင့် ကျန်းမာရေး ရန်ပုံငွေအတွက် ပံ့ပိုးကူညီခြင်းများကို ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားခဲ့သည်။

 

အမေရိကန်နိုင်ငံ ဟိုနိုလူလူအခြေစိုက် အာရှ-ပစိဖိတ် လုံခြုံရေးဆိုင်ရာ လေ့လာမှုစင်တာ(APCSS)သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ကိစ္စရပ်များ၊ အာရှနှင့်ပစိဖိတ်ဒေသတွင်းရှိ အမျိုးသားလုံခြုံရေးဆိုင်ရာ အဖွဲ့ အစည်းများနှင့် ကျွမ်းကျင်သူများအကြား ကွန်ရက်အသစ်များ ထူထောင်ခြင်းနှင့် ဆက်ဆံရေးကောင်းမွန်အောင် ပျိုးထောင်ပေးလျက်ရှိသည့် ထင်ပေါ်ကျော်ကြား သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

သတင်းစဉ်