
နယူးယောက် စက်တင်ဘာ ၁၆
အမေရိကန်တွင် မော်တော်ကားသမဂ္ဂမှ ထောင်နှင့် ချီသည့်မော်တော်ကားလုပ်သားများ သပိတ်မှောက် ကြသည်ဟု သိရသည်။
ကားကုမ္ပဏီကြီးသုံးခု ဖြစ်သည့် Ford၊ General Motors နှင့် Stellantis တို့မှ လုပ်သားများသည် ပထမဆုံးအကြိမ်အဖြစ် လုပ်ငန်းခွင်မဝင်ဘဲ ရှိနေ ကြသည်။ လက်ရှိစာချုပ်သက်တမ်း ကျော်လွန်သွား သည့် စက်တင်ဘာ ၁၄ ရက် ည ၁၁ နာရီ ၅၉ မိနစ် တွင် သပိတ်မှောက်မှုစတင်ခဲ့ခြင်းဖြစ်သည်။ မော်တော်ကားသမဂ္ဂဥက္ကဋ္ဌဖြစ်သူ ရှောင်ဖိန်းက ယခုအခြေအနေမှာ ရှက်ဖွယ်ကောင်းသည့် အခြေ အနေဟု ပြောသည်။
အဆိုပါ ကားကုမ္ပဏီကြီးများမှာ ၎င်းတို့၏ လုပ်သားများကို မိသားစုဟုရည်ညွှန်းသော်လည်း မိသားစုကဲ့သို့ဂရုမစိုက်ဟု ၎င်းက ပြောဆိုခဲ့သည်။ လာမည့်လေးနှစ်အတွက် လုပ်အားခကို ၃၆ ရာခိုင် နှုန်းတိုးပေးရန် သမဂ္ဂခေါင်းဆောင်များက တောင်းဆို ကြသည်။ စံချိန်တင်အောင် အကျိုးအမြတ်များ ပြုလုပ်ပေးထားသည့်အတွက် ၎င်းတို့တောင်းဆိုသည့်လုပ်အားခကို မော်တော်ကားကုမ္ပဏီကြီး များက ပေးနိုင်သည်ဟုလည်း ၎င်းတို့ကပြောသည်။
ကားကုမ္ပဏီကြီးများသည် လစာအနည်းငယ် သာတိုးပေးပြီး ကမ်းလှမ်းမှုပြုလုပ်ထားသည်။ အဆိုပါ ကားကုမ္ပဏီကြီးသုံးခုတွင် အလုပ်လုပ်ကိုင် နေသည့် လုပ်သားပေါင်း ၁၄၀၀၀၀ ကျော်ရှိသည်။ ၎င်းတို့ထဲမှ အားလုံးသပိတ်တွင်ပါဝင်ကြခြင်း မဟုတ်ပေ။ အကယ်၍ ၎င်းတို့ အားလုံး အလုပ် ပျက်ကွက်လျှင် ၁၀ ရက်အတွင်း အမေရိကန် ဒေါ်လာ ငါးဘီလီယံကျော် စီးပွားရေးအရ ဆုံးရှုံး နစ်နာမှုဖြစ်ပေါ်နိုင်သည်ဟု လေ့လာသူများက ပြောသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကမူ နှစ်ဖက်စလုံးနှင့် အဆက်အသွယ်ရှိကြောင်း အလုပ် သမားများသည်လည်း မျှတသည့်လုပ်အားခရသင့် ကြောင်း ပြောသည်။
အင်န်အိတ်ချ်ကေ