
ထွန်းကျော်
အိုမီခရွန်မျိုးကွဲတစ်ခုဖြစ်တဲ့ BA.2 မျိုးကွဲဟာ အမေရိကန်ပြည်ထောင်စုမှာ ဆက်လက်လွှမ်းမိုး နေချိန်မှာ နောက်ထပ် ကိုဗစ်-၁၉ မျိုးကွဲအသစ် တစ်မျိုးဟာ နိုင်ငံအတွင်းမှာ အရှိန်အဟုန် ကောင်းကောင်းနဲ့ ခြေကုပ်ယူနေပြီလို့ အမေရိကန် ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာနရဲ့ နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အချက်အလက်များ အရ သိရပါတယ်။
ငါးခုမြောက် ကိုဗစ်-၁၉ မျိုးကွဲတစ်ခု
BA.2.12.1 လို့ခေါ်တဲ့ နောက်ထပ် ကိုဗစ်-၁၉ မျိုးကွဲအသစ်ဟာ နိုင်ငံအတွင်းမှာ ခြေရာခံတွေ့ရှိ ခဲ့တဲ့ ငါးခုမြောက် ကိုဗစ်-၁၉ မျိုးကွဲတစ်ခု ဖြစ်ပါတယ်။
အဲဒီမျိုးကွဲသစ် ကူးစက်ခံရသူအရေအတွက်ဟာ လွန်ခဲ့တဲ့ သီတင်းပတ်မတိုင်မီက ၁၁ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ အဲဒီသီတင်းပတ်မတိုင်မီ အရင်နှစ်ပတ်တုန်းက ၆ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ အမေရိကန်ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာနရဲ့ နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို မြင့်မားစေ
အမေရိကန်နိုင်ငံမှာ ဖြစ်ပွားတဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအများစု ပမာဏအားဖြင့် ၇၅ ရာခိုင်နှုန်းဟာ BA.2 မျိုးကွဲကြောင့်ဖြစ်ပါတယ်။ အဲဒီ ကိုဗစ်-၁၉ မျိုးကွဲဟာ အမေရိကန်နိုင်ငံတွင်းမှာ မတ်လနှောင်းပိုင်းကတည်းက လွှမ်းမိုးလာခဲ့တဲ့ ကိုဗစ်-၁၉ မျိုးကွဲတစ်ခုဖြစ်ပါတယ်။
သို့သော်လည်း BA.2 လို့ခေါ်တဲ့ အိုမီခရွန်မျိုးကွဲ တစ်ခုနဲ့အတူ အသစ်တွေ့ရှိခဲ့တဲ့ BA.2.12.1 မျိုးကွဲ ဟာ အမေရိကန်ပြည်ထောင်စု နယူးယောက် ပြည်နယ်ရဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို မြင့်မား စေခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
မျိုးကွဲနှစ်ခုစလုံးဟာ BA.2 ရဲ့ မျိုးရိုးဖြစ်
မျိုးကွဲနှစ်ခုစလုံးဟာ BA.2 ရဲ့ မျိုးရိုးဖြစ်ပါတယ်။ နယူးယောက်ပြည်နယ်ရဲ့ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှု ၈၀ ဒသမ ၆ ရာခိုင်နှုန်းဟာ အဲဒီမျိုးကွဲတွေ ရဲ့ ကူးစက်ဖြစ်ပွားမှုကြောင့် ဖြစ်ပါတယ်။
နယူးယောက်ပြည်နယ်မှာ နေ့စဉ်ပျမ်းမျှ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုဟာ ၃၅၀၀၀ လောက် ရှိပါတယ်။ ဒါဟာ လွန်ခဲ့တဲ့သီတင်းပတ်ထက် ၁၉ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး အဲဒီသီတင်းပတ် မတိုင်မီကထက် ၄၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ ပါတယ်လို့ အမေရိကန်ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာနရဲ့ စာရင်းဇယားတွေမှာ ဖော်ပြ ထားပါတယ်။
ထို့ပြင် အမေရိကန်နိုင်ငံတစ်ဝန်း နေ့စဉ် ကိုဗစ်-၁၉ သေဆုံးသူအရေအတွက်ဟာ ၃၇၀ လောက်ရှိပြီး ဆေးရုံတက်ရောက်ရတဲ့ အရေအတွက် ဟာ ၁၄၀၀ လောက်ရှိပါတယ်။
အိမ်မှာကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးမှု များပြား လာမှုနဲ့အတူ အသစ်ထပ်မံကူးစက်ဖြစ်ပွားတဲ့ ကိုဗစ်-၁၉ အရေအတွက်လည်း မြင့်တက်လာပါ တယ်။
ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ရမယ့်
စည်းမျဉ်းတွေကို လျှော့ချ
အမေရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ် ရေးဌာနက လေယာဉ်ပေါ်၊ ရထားပေါ်၊ ကားပေါ်နဲ့ တခြားအများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်း တွေမှာ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ဖို့ တိုက်တွန်း ပြောကြားပြီး တစ်ပတ်မပြည်မီမှာဘဲ ဖလော်ရီဒါရှိ ဗဟိုတရားရုံးက မဖြစ်မနေ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ဖို့ ပြဋ္ဌာန်းချက်ကို ကန့်ကွက်ခဲ့ပါတယ်။
လေကြောင်းလိုင်းအတော်များများ ပြည်တွင်း လေယာဉ်ခရီးစဉ်တွေမှာ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ရမယ့် စည်းမျဉ်းတွေကို လျှော့ချလိုက် ပါတယ်။
ကိုဗစ်-၁၉ ကန့်သက်ချက်တွေ ဖြေလျှော့လိုက်တာနဲ့ ကူးစက်မှုတွေ မြင့်တက်လာ
အခုလိုအခိုက်အတန့်မှာ ခရီးသွားလာရေးမှာ အရေးကြီးတဲ့ ပါးစပ်နှာခေါင်းစည်း တပ်ဆင်ခြင်းကို ဖြေလျှော့လိုက်တဲ့အတွက် ဒါဟာ အလွန့်အလွန် ကို စိုးရိမ်စရာကောင်းတယ်လို့ ဂျော့မာဆန် တက္ကသိုလ် လက်ထောက်ပါမောက္ခနဲ့ ကူးစက် ရောဂါ ပြန့်ပွားခြင်းနဲ့ ကာကွယ်ခြင်းဆိုင်ရာ ပညာရှင် ဆက်စ်ကီယာပေါ့စကူက နယူးယောက် တိုင်းမ်ကို ပြောကြားလိုက်ပါတယ်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ ပြန်လည် မြင့်တက်လာဦးမယ့် အရိပ်အခြည်တွေကို တွေ့နေ ရတယ်လို့ သူကပြောကြားလိုက်ပါတယ်။ အင်္ဂလန် မှာ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကို ဖြေလျှော့ လိုက်တာနဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ သိသိသာသာမြင့်တက်လာတာကို မိမိတို့တွေ့မြင် ခဲ့ကြရတယ်လို့ သူက ဆက်လက်ပြောကြားထား ပါတယ်။
ဆေးရုံတက်ရောက်ရတဲ့
ကလေးအရေအတွက် ပိုတိုးလာ
ကိုဗစ်-၁၉ စတင်ကူးစက်ဖြစ်ပွားချိန်မှစကာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ကလေးငယ် ၁၂ ဒသမ ၉ သန်းကျော်ဟာ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားလျက်ရှိပါတယ်။
အမေရိကန်ပြည်ထောင်စုတစ်ဝန်း အိုမီခရွန် မျိုးကွဲကူးစက်ဖြစ်ပွားမှုတွေ လွှမ်းမိုးလာတဲ့အတွက် ကိုဗစ်-၁၉ နဲ့ ဆေးရုံတက်ရောက်ရတဲ့ အသက် ၅ နှစ်က ၁၁ နှစ်ကြား ကာကွယ်ဆေး မထိုးထား တဲ့ ကလေးငယ်အရေအတွက်ဟာလည်း နှစ်ဆ နီးပါးလောက် မြင့်တက်လာခဲ့တယ်လို့ အမေ ရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ကာကွယ်ဆေးပိုမိုလွှမ်းခြုံထိုးပေးရမယ်
ဆီးချိုရောဂါနဲ့ အဝလွန်ရောဂါဖြစ်နေတဲ့ ကလေးငယ်တွေဟာ သာမန်ကလေးတွေထက် ပိုပြီး ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအန္တရာယ်ကို ရင်ဆိုင်ကြရပါတယ်။
အသက် ၅ နှစ်မှ ၁၁ နှစ်ကြား ကလေးငယ်တွေ ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ပိုမိုလွှမ်းခြုံ ထိုးပေးနိုင်မယ်ဆိုရင် ကလေးငယ်တွေ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု လျော့နည်းသွားမှာဖြစ်ပြီး ဆေးရုံ တက်ရောက်ရမယ့်အရေအတွက်လည်း လျော့နည်း လာမှာဖြစ်တယ်လို့ အမေရိကန်ရောဂါ ကာကွယ် ရေးနဲ့ ထိန်းချုပ်ရေးဌာနက အကြံပြုပြောကြား ထားပါတယ်။
ကိုးကား - ဆင်ဟွာ