အမေရိကန်နိုင်ငံက အာဖဂန်နစ္စတန်ဒုက္ခသည် ၉၅၀၀၀ ခန့် လက်ခံမည်

ဝါရှင်တန်   စက်တင်ဘာ   ၈ 


အမေရိကန်နိုင်ငံက    အာဖဂန်နစ္စတန်ဒုက္ခသည် ၉၅၀၀၀ ခန့် လက်ခံသွားရန်နှင့် ၎င်းတို့၏ နေထိုင်ရေး  အတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၄ ဘီလီယံ သုံးစွဲရန် စီစဉ်လျက်ရှိကြောင်း အမေရိကန်အစိုးရက  ယမန်နေ့တွင် ပြောသည်။ 


အာဖဂန်နစ္စတန်နိုင်ငံအား     တာလီဘန်တို့ သိမ်းပိုက်ခဲ့ပြီးနောက်  အာဖဂန်ပြည်သူ  ၁၂၀၀၀၀ ကျော်သည်   ကမ္ဘာ့နိုင်ငံအနှံ့အပြားသို့   ထွက်ပြေး တိမ်းရှောင်လျက်ရှိသည်။ ယင်းတို့အနက် ပြည်သူ ၂၄၀၀၀ ခန့်သည် အမေရိကန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။   ပြည်သူအများစုမှာ   အမေရိကန်စစ် အခြေစိုက်စခန်းများ၌ နေထိုင်လျက်ရှိပြီး ပြည်ဝင်ခွင့် ကို စောင့်ဆိုင်းလျက်ရှိသည်။ 


ယခုလကုန်ပိုင်းတွင် အာဖဂန်ပြည်သူ ၆၅၀၀၀ အတွက် နေထိုင်စရာနေရာများ စီစဉ်ပေးမည်ဖြစ် ကြောင်းနှင့် လာမည့်နှစ်အတွင်း ပြည်သူ ၃၀၀၀၀ အတွက်  စီစဉ်ပေးမည်ဖြစ်ကြောင်း  အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ယမန်နေ့တွင် ပြောကြားသည်။ 


အာဖဂန်နစ္စတန်ပြည်သူများအား ထောက်ပံ့ပေး ရန် ကျခံသုံးစွဲငွေအတွက် ကွန်ဂရက်၏ အတည်ပြု ချက်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း အစိုးရအဖွဲ့ တာဝန်ရှိသူများက ဆိုသည်။ အဆိုပါကျခံသုံးစွဲငွေကို အာဖဂန်ပြည်သူများ၏ နေထိုင်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့အပါအဝင် ဘဝအသစ်ထူထောင် ရေးအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။ 


ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်