အမေရိကန်၌ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ၈၃ ဦးထက်မနည်း သေဆုံးပြီး အများအပြား ပျောက်ဆုံး

မေဖီးလ်ဒ်(အမေရိကန်ပြည်ထောင်စု)   ဒီဇင်ဘာ   ၁၂


အမေရိကန်ပြည်ထောင်စု၌ ပြည်နယ်ခြောက်ခုတွင်  ယမန်နေ့က  လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက်  ၈၃  ဦးထက်မနည်းသေဆုံးပြီး  လူအများအပြား ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။


သမ္မတဂျိုးဘိုင်ဒင်သည်  အဆိုပါလေဆင်နှာမောင်းအား  အမေရိကန်သမိုင်း တစ်လျှောက်  ဖြစ်ပွားသမျှမုန်တိုင်းများအနက်  အကြီးမားဆုံးသဘာဝဘေးတစ်ခု အဖြစ် သတ်မှတ်ထားပြီး လေဘေးသင့်ပြည်နယ်များကို အကူအညီပံ့ပိုးပေးမည်”ဟု ကတိကဝတ်ပြုလိုက်သည်။ 
လေဆင်နှာမောင်းကြောင့် သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုပမာဏကို တိတိကျကျ မသိရသေးကြောင်း ၎င်းက ထပ်မံပြောကြားသည်။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် လေဆင်နှာမောင်းဒဏ်သင့်  ပြည်နယ်တစ်ဝန်းရှိ   နေအိမ်နှင့်  စက်ရုံ၊  အလုပ်ရုံ အပျက်အစီးများကြားတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တစ်ညလုံးလုပ်ဆောင် ခဲ့ကြောင်း သိရသည်။


ကန်တက်ကီပြည်နယ်တစ်ခုတည်းတွင် လေဆင်နှာမောင်းဒဏ်ကြောင့် လူ ၇၀ ကျော်သေဆုံးမည်ဟု ခန့်မှန်းထားပြီး သေဆုံးသူအများစုမှာ ဖယောင်းတိုင်စက်ရုံ တစ်ခုတွင်  အလုပ်လုပ်ကိုင်လျက်ရှိသည့်  အလုပ်သမားများဖြစ်သည်။  ထို့အပြင် လူခြောက်ဦးသည် အီလီနွိုက်စ်ပြည်နယ်ရှိ အမေဇုန်ကုမ္ပဏီ၏ ကုန်လှောင်ရုံတစ်ခုတွင် သေဆုံးခဲ့ကြောင်း သိရသည်။ 
ယခုဖြစ်ပွားသည့်သဘာဝဘေးသည် ကန်တက်ကီပြည်နယ်၏ သမိုင်းတစ်လျှောက် အဆိုးဆုံးနှင့် သေဆုံးမှု အများဆုံး ဘေးဒဏ်ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ လူအများ အပြား ပျောက်ဆုံးနေဆဲဖြစ်သည့်အတွက် သေဆုံးသူဦးရေ ၁၀၀ ကျော်သွားမည်ကို စိုးရိမ်မိကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒီဘီရှီယာက ပြောကြားသည်။ 


အဆိုပါလေဆင်နှာမောင်းသည် ကန်တက်ကီပြည်နယ်အတွင်း ဝင်ရောက်တိုက် ခတ်စဉ် မြေပြင်တစ်လျှောက် မိုင် ၂၀၀ ကျော်အထိ ရွေ့လျားခဲ့ရာ မြေပြင်တစ်လျှောက် ရွေ့လျားမှုအရှည်လျားဆုံး လေဆင်နှာမောင်းတစ်ခုအဖြစ် စံချိန်တင်ခဲ့သည်။


ထို့အပြင် ၁၉၂၅ ခုနှစ်က  အမေရိကန်ပြည်ထောင်စု  မစ်ဆူရီပြည်နယ်တွင် အလားတူလေဆင်နှာမောင်း တိုက်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၆၉၅ ဦး အသက်ဆုံးရှုံးခဲ့ ကြောင်း သိရသည်။


ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ