
ဝါရှင်တန် ဇန်နဝါရီ ၂၁
အမေရိကန်တွင် နောက်ထပ် ကိုဗစ် -၁၉ ကူးစက်မှုများ၏ တစ်ဝက်မှာ အိုမီခရွန်မျိုးကွဲ XBB.1.5 ကြောင့် ဖြစ်သည်ဟု အမေရိကန် ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာ (စီဒီစီ)၏ နောက်ဆုံးထုတ်ပြန် ထားသည့် အချက်အလက်များ အရ သိရသည်။
ပြီးခဲ့သည့် သီတင်းပတ် အတွင်း နောက်ထပ်ကူးစက်မှု များ၏ ၄၉ ဒသမ ၁ ရာခိုင်နှုန်း မှာ ကူးစက်မှုမြန်ဆန်သည့် မျိုးကွဲကြောင့်ဖြစ်ကြောင်း စီဒီစီ က ပြောသည်။ ဇန်နဝါရီ ၁၇ ရက်အထိ ကိုဗစ်-၁၉ ကြောင့် နေ့စဉ်ဆေးရုံတက်ရသူဦးရေမှာ လည်း ၄၈၀၀ ခန့်ရှိပြီး ပြီးခဲ့ သည့် သီတင်းပတ်နှင့် နှိုင်းယှဉ်လျှင် ၂၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခြင်းဖြစ်သည်။
ကိုဗစ်-၁၉နှင့် ဆက်စပ်၍ သေဆုံးသူ ဦးရေမှာလည်း ဇန်နဝါရီ ၁၈ ရက်တွင် ၅၇၀ ဝန်းကျင်ရှိပြီး ၅၀၀ ကျော် လာသည်မှာ နှစ်ပတ်ဆက်တိုက်ရှိ လာပြီဖြစ်သည်။ XBB.1.5မှာ အခြားသော အိုမီခရွန်မျိုးကွဲများ ထက်ပို၍ ခုခံအားကို ရှောင်လွှဲ နိုင်ပြီး ယင်းအချက်ကြောင့်ပင် တစ်ကမ္ဘာလုံးအနှံ့ကူးစက်မှုများပို၍ များပြားလာနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောသည်။
သို့သော်လည်း XBB.1.5မှာ ပို၍ ပြင်းထန်သော ရောဂါ လက္ခဏာများ ဖြစ်စေနိုင်သလား ဆိုသည်ကို ဆုံးဖြတ်ရန်မူ လုံလောက်သည့် အချက်အလက် မရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောသည်။
အင်န်အိတ်ချ်ကေ