
ထွန်းသစ်စ
ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ရန် ပြဋ္ဌာန်းမှုများကို တချို့ကျောင်းများက လိုက်နာဆောင်ရွက်နေသလို ကိုရိုနာဗိုင်းရပ်စ်ထိတွေ့မှုရှိတဲ့ ဒေသတွေမှာလည်း ပုံမှန်စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်နေသည့်တိုင် အမေရိကန်ပြည်ထောင်စုမှာ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျောင်းများပြန်လည်ဖွင့်လှစ်လာချိန်မှာတော့ ကလေးများ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အနည်းငယ်တိုးလာတာကို တွေ့မြင်ရပါတယ်။
ပိုများတဲ့ပမာဏဖြစ်
အပတ်စဉ်ကလေးများကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုဟာ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှစကာ ပထမဆုံးအကြိမ်အဖြစ် ၂၅၀၀၀၀ ကျော် ရောက်ရှိလာပါတယ်လို့ ကလေးဆေးပညာဆိုင်ရာ အမေရိကန် အကယ်ဒမီက နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အချက်အလက်မှာ ဖော်ပြထားပါတယ်။
အဲဒီအချက်အလက်အရ အပတ်စဉ်ဖော်ပြနေတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်စဉ် လေးပုံတစ်ပုံကျော်လောက် ဟာ ကလေးတွေဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။ ကလေးတွေ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအများစုဟာ စိုးရိမ်စရာမရှိသော်လည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကြောင့် ဆေးရုံတက်ရောက်ရတဲ့ ကလေး အရေအတွက်ဟာ တစ်နိုင်ငံလုံးအနေနဲ့ ရက်သတ္တတစ်ပတ်အတွင်း မှာ ၂၄၀၀ လောက်ရှိလာပါတယ်။ ဒါဟာ အခါတိုင်းထက်တော့ ပိုများ တဲ့ပမာဏဖြစ်ပါတယ်။
အကောင်းဆုံးနည်းလမ်းတွေကို ချိန်ညှိလုပ်ဆောင်ရမယ်
ကလေးများ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနှုန်းဟာ နွေရာသီအစပိုင်း မှာ ကျဆင်းလာသော်လည်း နောက်တစ်ကြိမ်ပြန်လည်မြင့်တက်လာခဲ့ပါပြီ။ ကလေးတွေကြားမှာ ဒယ်လ်တာ ကိုဗစ်-၁၉ သန္ဓေပြောင်း မျိုးစိတ်သစ်ကူးစက်ဖြစ်ပွားမှုစိမ့်ဝင်ပျံ့နှံ့မှုကြောင့် အခုလို ကူးစက်မှု တွေ ပြန်လည်မြင့်လာတယ်လို့ ပြောရမှာဖြစ်သလို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေကို အသက် ၁၂ အောက် ကလေးငယ်တွေ ထိုးပေး လို့ မရတာကြောင့်လည်း ဖြစ်ပါတယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာက စက်တင်ဘာ ၈ ရက်က ဖော်ပြလိုက်ပါတယ်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများဟာ သုံးကြိမ်မြောက်စာသင်နှစ် ထဲ ဝင်ရောက်လာပြန်ပါပြီ။ အုပ်ချုပ်သူတွေ၊ ဥပဒေပြုသူတွေနဲ့ ကျန်းမာရေးအာဏာပိုင်တွေဟာ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး အန္တရာယ်နဲ့ သင်ကြားမှုတွေကြား အကောင်းဆုံးနည်းလမ်းတွေကို ပြန်လည်ချိန်ညှိလုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။
အဆမတန်ကူးစက်ဖြစ်ပွားလာမှာကို စိုးရိမ်ပူပန်
ဘေးအန္တရာယ်ကင်းစေတဲ့လုပ်ငန်းစဉ်တွေဟာ ပြည်နယ်တစ်ခုနဲ့ တစ်ခု၊ ကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်းကြား ကွဲပြားခြားနားမှု တွေ ရှိပါတယ်။
ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူတွေကတော့ ဒယ်လ်တာ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးစိတ်သစ်က ကျောင်းတွေကြားမှာ အဆ မတန်ကူးစက်ဖြစ်ပွားလာမယ့်အရေးကို စိုးရိမ်ပူပန်နေကြပါတယ်။
အစီအစဉ်သစ်တွေကို အကောင်အထည်ဖော်ဖို့ကြိုးစား
အမေရိကန်ပြည်ထောင်စု တစ်ဝန်းလုံးမှာရှိတဲ့ ကျောင်းသူ ကျောင်းသားဝန်ထမ်းရာကျော်လည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား နေကြောင်း စမ်းသပ်တွေ့ရှိခဲ့သောကြောင့် ထောင်ပေါင်းများစွာကို လည်း သီးသန့်ကန့်သတ်စောင့်ကြည့်မှုတွေ လုပ်ခိုင်းထားကာ ကျောင်းတွေကိုလည်း ခေတ္တခဏပိတ်ခိုင်းတာမျိုး သို့မဟုတ် အွန်လိုင်းသင်ကြားသင်ယူမှုတွေကို ပြောင်းခိုင်းတာမျိုးတွေဖြစ်စေခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ တချို့ကျောင်းတွေဟာ ကျောင်းသားတွေကို စာသင်ခန်းထဲမှာ ဘေးအန္တရာယ်ကင်းကင်းနဲ့ လုံခြုံစိတ်ချစွာ စာသင် လို့ရအောင် အစီအစဉ်သစ်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစား နေကြပါတယ်။
ကျောင်းသားအများအပြားကို စမ်းသပ်စစ်ဆေး
ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့သူနဲ့တွေ့ထိခဲ့ပြီး ကန့်သတ်စောင့်ကြည့်မှု ခံယူသူကိုသာ စမ်းသပ်စစ်ဆေးမယ့်အစား ကျောင်းသူ ကျောင်းသား အများအပြားကို စမ်းသပ်စစ်ဆေးဖို့ ကလေးဆေးပညာဆိုင်ရာ အမေရိကန်အကယ်ဒမီရဲ့ ဖော်ပြချက်မှာ ဖော်ပြထားပါတယ်။
ကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့ အတန်းဖော် သို့မဟုတ် ဆရာ ဆရာမနဲ့ ထိတွေ့ပြီးနောက် နောက်တစ်နေ့မှာ ထိတွေ့သူဟာ ကိုဗစ်-၁၉ ကူးစက်ခံရခြင်းမရှိဘူးဆိုရင် သူ့ကိုကျောင်းဆက်တက်စေတဲ့ နည်း စနစ်က ထိတွေ့တဲ့သူကို အိမ်မှာပဲ သီးသန့်ခွဲခြားထားတာထက်စာရင် ပိုပြီး ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့နိုင်ခြေ ပိုများတယ်လို့ ပညာရှင်များက သုံးသပ်ဖော်ပြထားပါတယ်။
လမ်းညွှန်ချက်မလိုက်နာတဲ့ကျောင်းတွေမှာ ကူးစက်မှုပိုဖြစ်
အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (စီဒီစီ) ရဲ့ ညွှန်ကြားရေးမှူး ရိုရှယ်လီ ဝယ်လန်စကီက အဓိကအားဖြင့် ကာကွယ်ဆေးထိုးနိုင်တဲ့သူတွေကာကွယ်ဆေးထိုးဖို့၊ ပါးစပ်၊ နှာခေါင်း စည်းတပ်ဆင်ဖို့၊ ခပ်ခွာခွာနေဖို့၊ အလုံပိတ်အခန်းတွေမှာ မနေဖို့၊ စမ်းသပ်စစ်ဆေးဖို့ စတဲ့အချက်တွေပါဝင်တဲ့ စီဒီစီရဲ့ လမ်းညွှန်ချက် တွေကို မလိုက်နာတဲ့ကျောင်းတွေမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အများဆုံးနဲ့ သီးသန့်စောင့်ကြည့်သူအများဆုံးဖြစ်ပွားတယ်လို့ ပြောပါ တယ်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို လျော့ပါးစေနိုင်တဲ့ အဲဒီလိုဆောင်ရွက် ချက်တွေ မလိုက်နာဘူးဆိုရင် ကျောင်းသူ ကျောင်းသားတွေနဲ့ ပညာရေးဝန်ထမ်းတွေ ဒီထက်ပိုပြီး ကျောင်းပြင်ထွက်နေရမယ်လို့ ကလေးအထူးကုဆရာဝန်နဲ့ ကူးစက်ရောဂါဆိုင်ရာကျွမ်းကျင်သူ ဂျေဆန် နယူးလန်းဒ်က ပြောပါတယ်။ နောက်ဆုံးမှာတော့ ကလေးတွေကို ပိုပြီးထိခိုက်စေနိုင်လိမ့်မယ်လို့ သူကပြောပါတယ်။
ကလေးတွေကို ကျောင်းပြန်တက်စေဖို့ စိတ်အားထက်သန်
အမေရိကန်မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို ကျောင်း ပြန်တက်စေဖို့ စိတ်အားထက်သန်နေပါတယ်။ သို့သော်လည်း မိဘ တွေဟာ သူတို့ရဲ့ကလေးတွေ ကိုဗစ်-၁၉ ကူးစက်ခံရပြီး ဖျားနာမှာကို လည်း စိုးရိမ်ပူပန်နေကြပါတယ်။
ကလေးတွေကြား ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ မြင့်လာ ချိန်မှာ အများစုကတော့ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ကြဖို့နဲ့ ဆရာ၊ ဆရာမတွေအနေနဲ့လည်း ကာကွယ်ဆေးတွေ ထိုးကြဖို့ USA Today မှာဖော်ပြထားပါတယ်။
အမေရိကန်မိဘအများစုကတော့ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ဖို့ လိုအပ်တယ်လို့ USA Today/Ipsos စစ်တမ်းမှာ ဖော်ပြထားပါတယ်။ သုတေသနပြုလုပ်ချက်တွေအရလည်း ကျောင်းတွေမှာ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ခြင်းက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို ကန့်သတ်လျှော့ချနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ကိုးကား - ဆင်ဟွာ