
ရန်ကုန် ဒီဇင်ဘာ ၉
အမေရိကန်၊ ဂျပန်၊ ကိုရီးယားနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံသို့ မြန်မာ့အထည်အလိပ်ကို အဓိက တင်ပို့နေကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် အထည်ချုပ်ကဏ္ဍ မှ ပြည်ပတင်ပို့ရာတွင် CMP စနစ်ဖြင့် ဆောင် ရွက်သည့်လုပ်ငန်းဆောင်ရွက်မှုမှာ အများဆုံး ဖြစ်ပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အထည်ချုပ်လုပ်ငန်းမှ နိုင်ငံ ပေါင်း ၁၀၀ ကျော်ကို အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံကို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
“လက်ရှိ ဘဏ္ဍာနှစ်မှာလည်း နိုင်ငံပေါင်း ၈၀ ကျော်ကို အဓိကထားတင်ပို့လျက်ရှိပါတယ်။ ဂျပန်၊ ပိုလန်၊ စပိန်၊ ဂျာမနီ၊ ကိုရီးယား၊ UK ၊ နယ်သာလန်၊ အီတလီ၊ USA ၊ ပြင်သစ်၊ ဒိန်းမတ် နဲ့ ဘယ်လ်ဂျီယံတို့ဟာ အဓိကတင်ပို့တဲ့စျေးကွက်တွေဖြစ်ပါတယ်”ဟု ဦးမင်းမင်း က ပြောသည်။
CMP စက်ရုံများမှလိုအပ်နေသည့် အထည် အလိပ်ကုန်ကြမ်းများကိုလည်း လုပ်ငန်းအပ်နှံ သည့် နိုင်ငံများက တရုတ်နိုင်ငံစျေးကွက်မှ တစ်ဆင့် ကုန်အဓိကတင်သွင်းလျက်ရှိပြီး ယခု နှစ် အထည်အလိပ်ကုန်ကြမ်းတန်ဖိုး အမေ ရိကန်ဒေါ်လာ ၁ ဘီလီယံကျော် တင်သွင်းခဲ့ရာ တွင်လည်း တရုတ်နိုင်ငံမှ တင်သွင်းမှုရာခိုင်နှုန်း ၉၀ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း ဒုတိယဝန်ကြီး က ပြောသည်။
“မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ ကုန်သွယ်မှုလုပ်ငန်းတွေကို နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ကြတဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ် ပါတယ်။ နှစ်နိုင်ငံအနေနဲ့ ပင်လယ်ရေကြောင်း ကုန်သွယ်မှုရော၊ နယ်စပ်ကုန်သွယ်မှုပါ လက်တွဲညီညီ ဆောင်ရွက်ခဲ့ကြတဲ့အတွက် ကြောင့် ကုန်သွယ်မှုပမာဏဟာလည်း တစ်နှစ် ထက်တစ်နှစ် တိုးတက်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်”ဟု ဦးမင်းမင်းက ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် CMP လုပ်ငန်းများ၏ ကုန်ကြမ်းပစ္စည်း တင်သွင်းမှုနှင့် ကုန်ချော ပစ္စည်းတင်ပို့မှုကို အဆင်ပြေစေရေးအတွက် Myanmar Tradenet 2.0 online system ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။MT