
ဆာနား ဖေဖော်ဝါရီ ၂၇
အမေရိကန်-ဗြိတိန်မဟာမိတ်အဖွဲ့သည် ဖေဖော်ဝါရီ ၂၆ ရက်တွင် ယီမင်နိုင်ငံ၏ ဆိပ်ကမ်းမြို့ ဟိုဒေးဒါကို လေကြောင်းတိုက်ခိုက်မှု ငါးကြိမ် ပြုလုပ်ခဲ့ကြောင်း ဟူသီပိုင် အယ်-မာစီရာရုပ်သံလိုင်းက ဖော်ပြခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် မြို့တော်၏ အနောက်မြောက်ဘက် အယ်ဆာလစ်ဖ်ခရိုင်ရှိ ရက်စ်အစ်ဆာဒေသသို့ ဒုံးကျည်များ ကျရောက် ထိမှန်ခဲ့ကြောင်း၊ လက်ရှိအချိန်အထိ သေဆုံးမှုနှင့် ပတ်သက်ပြီး အစီရင်ခံဖော်ပြထားခြင်း မရှိကြောင်း သိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ဘက် အခြေစိုက်စခန်းတစ်ခုကို ထိမှန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ လက်နက်ကိုင်ဟူသီအဖွဲ့ သည် အစ္စရေး၏ ထိုးစစ်ဆင်တိုက်ခိုက်မှုခံနေရသော ဂါဇာကမ်းမြောင်ရှိ ပါလက်စတိုင်းများနှင့် စည်းလုံး ညီညွတ်ကြောင်းပြသကာ ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ပိုင်း ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့တို့ ကို ဖြတ်သန်းသွားလာနေသည့် ကုန်တင်သင်္ဘော များကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်လျက်ရှိသည်။
အမေရိကန်နှင့် ဗြိတိန်မဟာမိတ်အဖွဲ့ကလည်း နိုင်ငံတကာရေကြောင်းကုန်သွယ်မှု လွတ်လပ်စွာ သွားလာနိုင်ရေးအတွက် ဟူသီရွေ့လျားဒုံးပစ် လောင်ချာများနှင့် အသေခံဒရုန်းများကို ပစ်မှတ် ထားကာ လေကြောင်းတိုက်ခိုက်မှု ဒါဇင်ချီ ပြုလုပ် ခဲ့သည်။
လက်နက်ကိုင်ဟူသီအဖွဲ့သည် ၂၀၁၄ ခုနှစ် နှောင်းပိုင်း၌ ယီမင်ပြည်တွင်း စစ်ဖြစ်ပွားပြီးကတည်း က ယီမင်နိုင်ငံ မြောက်ပိုင်းဒေသအများအပြားကို ထိန်းချုပ်ထားကြောင်း သိရသည်။
ဆင်ဟွာ