အများပြည်သူအကျိုးစီးပွားအတွက် အတ္တများကို လျှော့ပေးကြပါ

Type

 

ကိုရေချမ်း

ပြီးခဲ့တဲ့အပတ်က  နံနက်စာစားဖို့ ရပ်ကွက်ထဲက         လူကြိုက်များတဲ့   လက်ဖက်ရည်ဆိုင်မှာ   ထိုင်ဖြစ်ပါတယ်။  ဆိုင်အနီးမှာ   ထူးထူးခြားခြား    လူတစ်ယောက်ကိုတွေ့လို့ နံနက်စာစားရင်း ငေးမောကြည့်နေမိတယ်။   ထိုလူက ကန်စွန်းရွက်တစ်စည်းကို   သူ့ကားထဲက ထုတ်ပြီး လူစည်ကားနေတဲ့ လက်ဖက်ရည်ဆိုင်ဘက်ကို   ထောင်ပြတယ်။ “တစ်စည်းတစ်ရာ”၊   ကန်စွန်းရွက်အစည်းက  ခပ်ကြီးကြီးပါပဲ။    ပြီးတော့ကား နောက်ဖုံးထဲကို ထည့်လိုက်တယ်။
 

တစ်ဆက်တည်းမှာပဲ   မီးဖိုချောင်သုံး သီးနှံတွေကို သူ့ကားထဲကနေ တစ်ခုပြီး တစ်ခု ထုတ်ပြလိုက်၊ ဈေးနှုန်းပြောလိုက် လုပ်နေပါတယ်။ “ချဉ်ပေါင်ရွက်တစ်စည်း တစ်ရာ”၊ “ပုံလုံသီးတစ်စည်း ခြောက်ရာ”၊ “ရွှေဖရုံသီးတစ်လုံး ငါးရာ”၊ “ကြက်ဟင်း ခါးသီးသုံးလုံး တစ်ရာ” စတဲ့စတဲ့ အသီး အနှံမျိုးစုံကို တစ်မျိုးတစ်ရာမှ ခြောက်ရာ အတွင်းပဲ ရှိတယ်ဆိုပြီး ရှင်းပြပါတယ်။ မီးဖိုချောင်သုံး           အသီးအနှံတွေဟာ လတ်လတ်ဆတ်ဆတ်   စိမ်းစိမ်းစိုစို၊ ကြီးကြီးထွားထွား    စိတ်ဝင်စားစရာ ကောင်းပါတယ်။  
ဆိုင်ထဲက   စားသောက်နေကြတဲ့ လူတွေအားလုံး     သူ့ကိုငေးမောကြည့် နေကြပါတယ်။ ခဏကြာတော့ ဆိုင်ထဲ ကို ဝင်လာပြီး    သူ့မိတ်ဆွေလို့ထင်တဲ့ လူတစ်ယောက်ကို ချဉ်ပေါင်ရွက်တစ်စည်း လက်ဆောင်ပေးပါတယ်။ တစ်ဖက်စားပွဲ မှာထိုင်နေတဲ့      ကျွန်တော်တို့လည်း သိလိုစိတ်နဲ့စပ်စုကြည့်မိတယ်။ “ဆရာ ကြီး   အဲဒီအသီးအနှံတွေ  ဘယ်က ဝယ်လာတာလဲ။” “၁၀ ရပ်ကွက်ဈေးက” ၁၀ ရပ်ကွက်ဈေးက ဘယ်မြို့နယ်လဲလို့ ထပ် မေးမလို့လုပ်တော့ ဘေးကကျွန်တော့် ဇနီးက အဲဒါသာကေတ ၁၀ ရပ်ကွက် ဈေးကို ပြောတာလို့ စကားထောက်ပါ တယ်။  “အဲဒီဈေးက  အသီးအနှံတွေ သိပ်ပေါတယ်”။
တိုက်ရိုက်လာရောင်းလို့ အသီးအနှံတွေ လတ်လတ်ဆတ်ဆတ်ဝယ်ယူနိုင် 
တစ်ဖက်စားပွဲဝိုင်းက   အိမ်ရှင်မ တစ်ယောက်က  “အဲဒီအသီးအနှံတွေကို ရပ်ကွက်ဈေးထဲမှာ ပြန်ရောင်းတဲ့အခါ ဈေးသည်တွေက  အစည်းတွေ၊ အသီး တွေ ထပ်ခွဲပြီး အမြတ်တင်ရောင်းကြ တယ်” လို့ ပြောပြပါတယ်။ ၁၀ ရပ်ကွက် ဈေးဆိုတာ သီးနှံတွေ လက်လီလက်ကား ရောင်းတဲ့          ဈေးတစ်ခုဖြစ်တယ်။ ရန်ကုန်မြို့  ပတ်ဝန်းကျင်က    စိုက်ကြ  ပျိုးကြတဲ့သူတွေ တိုက်ရိုက်လာရောင်း ကြလို့   အသီးအနှံတွေကို လတ်လတ် ဆတ်ဆတ် ဈေးနှုန်းချိုချို ဝယ်ယူနိုင်ကြ ပါတယ်။ အဲဒီကနေတစ်ဆင့်    ရပ်ကွက် အသီးသီးက ဈေးတွေကိုရောက်တဲ့အခါ တစ်ဆင့်        ပြန်ရောင်းချတဲ့သူတွေက ထပ်အမြတ်တင်တော့   တွက်ခြေကိုက် ပေမယ့်         စားသုံးသူတွေလက်ဝယ် ဈေးများလာပါတယ်။
မြန်မာနိုင်ငံမှာ  ကုန်ဈေးနှုန်းတွေ တစ်နေ့တခြား       မြင့်တက်လာတာနဲ့ ပတ်သက်လို့  လေ့လာကြည့်မယ်ဆိုရင် ပြောနေကျ ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီ ဈေးတွေနဲ့ တိုက်ရိုက်သက်ဆိုင်မှု ရှိ၊ မရှိ သုံးသပ်ကြည့်နိုင်ပါတယ်။   ကုန်စည် ဈေးနှုန်းမြင့်တက်လာတာဟာ နိုင်ငံခြား ငွေ၊  စက်သုံးဆီနဲ့  သက်ဆိုင်မှုရှိပေမယ့် လည်း    သူ့ချည်းပဲတော့  မဟုတ်ပါဘူး။ လူတွေရဲ့ လောဘကြောင့်လည်း ပါမယ် ဆိုရင်        လက်တွေ့သိရှိချက်တွေအရ အငြင်းပွားစရာ ရှိမယ်မထင်ပါဘူး။ ပုံမှန် အားဖြင့် စက်သုံးဆီဈေးတက်လို့ဆိုတာ လဲ   အမြဲတက်နေတာမဟုတ်ပါဘူး။ တက်လိုက်ကျလိုက်ပါပဲ။ ကနေ့ ရောင်းရေး ဝယ်တာကိစ္စတွေမှာ    ဖြစ်နေတာက “အများနည်းတူ   ဈေးနှုန်းတက်သည်” ဆိုတဲ့ သီအိုရီ လက်ကိုင်ထားကြတာလို့ ပြောရမလို ဖြစ်နေပါတယ်။
အခြေခံစားကုန်တွေ ဈေးတက်တာ 
အချိုးကျနေတာ တွေ့ရ
ကုန်စည်ဈေးနှုန်း      တက်တာနဲ့ ပတ်သက်လို့ အဓိကကျတဲ့လက်သည်ကို ရှာကြည့်တဲ့အခါ    နိုင်ငံခြားငွေဈေး မြင့်တက်တဲ့အပေါ်မှာ အားလုံးက စံနှုန်း ယူကြတာ တွေ့ရပါတယ်။ နိုင်ငံခြားငွေ ဈေးက  နေ့တိုင်းတက်နေသလို  ကုန် ပစ္စည်းတွေကိုလည်း    နေ့စဉ်ဈေးနှုန်း ပြောင်းလဲရောင်းကြပါတယ်။ “မနက်ဖြန် ဒီဈေးနဲ့ မရတော့ဘူးနော်၊ မြန်မြန်ဝယ် ထား၊ စေတနာနဲ့ပြောတာ”      ဆိုတဲ့ အခြေခံစားကုန်နဲ့ ဆေးမျိုးစုံရောင်းသူ တွေရဲ့   နေ့တိုင်းပြောနေကျ   လက်သုံး စကားဟာ စားသုံးသူတွေအဖို့ နေ့စဉ် နားဝမှာမသက်သာ စိတ်နှလုံးဆင်းရဲရပါ တယ်။ နိုင်ငံခြားငွေကြေး ဈေးကွက်ဟာ အခြေခံစားကုန်တွေနဲ့ တိုက်ရိုက်အချိုး မကျပေမယ့် စက်သုံးဆီဈေးတက်တာနဲ့ အခြေခံစားကုန်တွေ ဈေးတက်တာ အချိုး ကျနေတာ တွေ့ရပါတယ်။
 ရန်ကုန်မြို့တွင်း YBS စီးနင်းလိုက်ပါ လာတဲ့ လက်လုပ်လက်စားဖြစ်ဟန်တူတဲ့ အိမ်ရှင်မတစ်ဦးက    သူ့ရဲ့အဖော်ကို “အရင်က ငွေငါးထောင်နဲ့ ဈေးသွားလို့ ရသေးတယ်၊    အခု   ငွေတစ်သောင်း ထည့်လာရင် ဘာဝယ်ရမှန်း မသိတော့တဲ့ ဒုက္ခကြုံနေရတယ်”ဆိုတဲ့  ညည်းတွား သံမျိုးတွေကို ကုန်သည်ပွဲစား၊ ဈေးရောင်း ကြသူတွေက  စာနာစိတ်ကလေးတွေ ထားကြည့်ကြမယ်ဆိုရင်     ရောင်းသူတွေ အနေနဲ့ “ငါတို့တွေ မရှုံးရင်     ဈေးနှုန်း ဖြည်းဖြည်း တက်ကြရအောင်”ကုန်သည် တွေအနေနဲ့ “ငါတို့အစောပိုင်းက ဝယ် လှောင်ထားတဲ့ ကုန်တွေကို   အရင်ဝယ်ဈေး နဲ့ပဲ   ရောင်းလိုက်ကြစို့”၊   “သင့်တင့် လျောက်ပတ်တဲ့  အမြတ်အစွန်းရရင် တော်ပါပြီ” ဆိုတဲ့ စိတ်ကူးလေးတွေရှိမယ် ဆိုရင် ကုန်ဈေးနှုန်းဟာ  ဖြည်းဖြည်းချင်း  တက်လိုက် ကျလိုက်ဖြစ်မှာမို့ ပြည်သူတွေ အသက်ရှူချောင်မယ်လို့ ထင်မိပါတယ်။
မိုခါမုန်တိုင်း   တိုက်ခတ်အပြီးမှာ ကုန်စည်ဈေးနှုန်းတွေ အတက်ဘက်ကို တရိပ်ရိပ် ရောက်လာတာဟာ အခုဆို အခြေခံလူတန်းစား အများစုမှီခိုအားထား နေရတဲ့   ဆန်၊  ဆီ၊  ငရုတ်၊  ကြက်သွန်၊ ဟင်းသီးဟင်းရွက်  ဈေးနှုန်းတွေအထိ လိုက်တက်လာတာကို   တွေ့ရပါတယ်။ ယခုနှစ်စက   ဆန်ဈေးက ၂၄ ပြည်ပါ တစ်တင်းခွဲတစ်အိတ်ကို ဆန်ချောဆိုရင် ကျပ် ၇၅၀၀၀၊ ဆန်ကြမ်းဆိုရင်  ကျပ် ၅၅၀၀၀ ရှိခဲ့ရာမှ သင်္ကြန်နောက်ပိုင်းမှာ ပေါ်ဆန်းမွှေးဆိုရင်    အရည်အသွေး အလိုက် ရှစ်သောင်းကျော်ကနေ တစ်သိန်း ကျော်ကြား၊ မဂျမ်းတော ရှစ်သောင်း ကျော်နဲ့   ဆင်းသွယ်   ခုနစ်သောင်း ဝန်းကျင်၊    အနိမ့်ဆုံး   ဇီယာဆိုရင် ခြောက်သောင်းနီးပါး ဈေးတက်လာခဲ့ပါ တယ်။ အခုဆိုရင် အခြေခံလူတန်းစား တွေ စားသုံးတဲ့ အနိမ့်ဆုံး၊ အညံ့ဆုံးဆန် တစ်ပြည်ကို သုံးထောင်ကျော်၊ ဆန်ကောင်း တစ်ပြည်ကို လေးထောင်ကျော်ဖြစ်နေ တော့  ရတဲ့ဝင်ငွေဟာ အခြေခံစားကုန် အနိမ့်ဆုံးအဆင့်ကို မကျော်နိုင်တော့တဲ့ အခြေအနေဖြစ်နေပါတယ်။
ဒါ့အပြင် ဟင်းသီးဟင်းရွက်နဲ့ အခြား စားသောက်ကုန်တွေလည်း နှစ်စကနဲ့ မတူ ခြောက်လအတွင်း သိသိသာသာ ဈေးတက်လာပါတယ်။     ခြောက်လ အတွင်း ဂေါ်ဖီတစ်စိတ်ကို တစ်ထောင် ကျပ်၊ ကန်စွန်း၊ ချဉ်ပေါင်ရွက်  တစ်စည်း နှစ်ရာ    သုံးရာကျပ်၊     ကြက်ဥတစ်လုံး တစ်ရာကျော်ကနေ သုံးရာ့ငါးဆယ်ကျပ်၊ ငရုတ်သီးစိမ်းဆိုရင် အနည်းဆုံး ကျပ် ၂၀၀ ဖိုး ဝယ်လို့မရတော့ဘဲ ကျပ် ၆၀၀၊ သားငါး တွေဆိုရင်လည်း တစ်ဆယ်သားကို ငါးရာ ကနေ တစ်ထောင်ကျော် ဈေးတက်လာ တယ်လို့   အိမ်ရှင်မတွေက   ပြောကြပါ တယ်။ ဒါတောင်အခု ဒီဈေးနဲ့မရတော့ ပါဘူး။   အခြေခံကုန်စည်ဈေးနှုန်းတွေ တက်လာတာဟာ အခြေခံပြည်သူတွေ အတွက် အခက်တွေ့စေပါတယ်။ ဈေးနှုန်း တွေ တက်လာတာဟာ  တိုက်ရိုက်အကျိုး သက်ရောက်မှုကြောင့် ဖြစ်သင့်ဖြစ်ထိုက် တဲ့ ဈေးနှုန်းတက်လိုက်ရတာကို မပြော လိုသော်လည်း အမြတ်အစွန်းရလိုရေး တစ်ခုတည်းကြည့်ပြီး  အများတက်လို့ ဈေးတက်ကြတာကတော့     မဖြစ်သင့် ပါဘူး။
ဥပမာအားဖြင့် အစီအရီထောင်ထား တဲ့ (ဖဲ)ကတ်တုံးလေးတွေရဲ့   ထိပ်ဆုံး ကတ်တုံးလေးကို  တွန်းလှဲလိုက်တာနဲ့ အားလုံး      ဆက်တိုက်လဲကျသွားတဲ့ အဆင့်ကဲဖြစ်စဉ် Jenga ဂိမ်းကစားနည်း တစ်မျိုးလို      ဦးဆုံးဖြစ်ရပ်ကြောင့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှု မီးခိုးကြွက်လျှောက်ဖြစ်ရတဲ့ စီးပွားရေး သီအိုရီကို ပြည်သူအားလုံး ကြုံတွေ့နေ ကြရပါတယ်။ ဒေါ်လာဈေး၊ ရွှေဈေးတက် ပြီဆိုတာနဲ့        နောက်တစ်နေ့မဆိုင်း နေ့ကူးတောင် မစောင့်နိုင်ဘဲ ကုန်ပစ္စည်း ဈေးနှုန်းတွေ အသီးသီးလိုက်တက်လာ ပါတယ်။ ဒေါ်လာပေါက်ဈေးပေါ် မူတည် ပြီး   လက်ဝယ်ရှိ   ကုန်ပစ္စည်းတွေကို ဈေးနှုန်းတင်လိုက်မယ်ဆိုရင်    ကိုယ့် အတွက်တော့ အကျိုးအမြတ်များပေမယ့် စားသုံးသူပြည်သူတွေ   ဘယ်လောက်  အထိ        အခက်အခဲဖြစ်မယ်ဆိုတာ ကိုယ်ချင်းစာကြည့်စေချင်ပါတယ်။
အဖြေရှာမရတဲ့ အကျိုးသက်ရောက် မှုတွေ ပြည်သူတွေခံစားနေ
“ပေါက်ပင်ဘာကြောင့် ကိုင်းတယ်၊ ဗျိုင်းနားလို့ကိုင်းတယ်”   ဆိုသလို ဒေါ်လာဈေးတက်လို့     စက်သုံးဆီဈေး တက်၊ စက်သုံးဆီဈေးတက်လို့ သယ်ယူ ပို့ဆောင်စရိတ်တက်၊ သယ်ယူပို့ဆောင် စရိတ်တက်လို့   ကုန်ပစ္စည်းဈေးတွေ တက် စတဲ့ မဆုံးနိုင်တဲ့၊ အဖြေရှာမရတဲ့ ဆက်တိုက်အကျိုးသက်ရောက်မှုတွေကို ပြည်သူတွေ ခံစားနေကြရပါတယ်။ ရှိပြီး သားကုန်တွေကို ဒေါ်လာဈေးတက်လို့ တက်လိုက်တာဟာ     ကုန်သည်ပွဲစား ရောင်းသူတွေအတွက် သည်းခြေကြိုက် ဖြစ်ပေမယ့်    စားသုံးသူပြည်သူတွေ အတွက် အထိနာလှပါတယ်။ အားလုံး ဟာ အသိတရားနဲ့ အများပြည်သူတွေကို စာနာထောက်ထားပြီး ဖြစ်သင့်ဖြစ်ထိုက် တဲ့ဈေးနှုန်းနဲ့ သမ္မာအာဇီဝရောင်းချကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
ဘောဂဗေဒ  သဘောတရားအရ ငွေကြေးဖောင်းပွတာဟာ အချိန်ကာလ တစ်ခုအတွင်း ကုန်စည်နဲ့ ဝန်ဆောင်မှု တို့ရဲ့ ယေဘုယျဈေးနှုန်း  မြင့်တက်လာ ခြင်းလို့ဆိုပါတယ်။ ယေဘုယျဈေးနှုန်း မြင့်တက်လာတဲ့အခါမှာ ငွေကြေးပမာဏ တစ်ခုဟာ  ပိုလို့နည်းတဲ့   ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုကို ဝယ်နိုင်ပါတော့တယ်။ ကုန်ဈေးနှုန်းတက်လို့   ငွေရဲ့ဝယ်အား လျော့ပါးသွားတဲ့အခါ ငွေတန်ဖိုးကျလာ ပါတယ်။
ငွေတန်ဖိုးဟာ   ကျစ်လျစ်သိပ်သည်းစွာ တန်ဖိုးမရှိတော့ဘဲ သူ့ချည်းသာ ဖောင်းပွ လျက်  တန်ဖိုး၌ကား  နည်းပါးနေတဲ့ သဘောကို ငွေကြေးဖောင်းပွတယ်လို့ ဆိုပါတယ်။  ကမ္ဘာပေါ်ရှိ  နိုင်ငံများစွာဟာ သယ်ယူပို့ဆောင်စရိတ်       တက်တာ၊ လုပ်ခနှုန်းတက်တာ၊ ကုန်ပစ္စည်းအထွက်   ဆုတ်ယုတ်တာတွေကြောင့်   ငွေကြေး ဖောင်းပွမှုဖြစ်ကြပြီး  ယင်းကို   နည်း အမျိုးမျိုးနဲ့   ဖြေရှင်းနေကြရပါတယ်။ ကုန်ဈေးနှုန်းတွေ မြင့်တက်စေဖို့ အချို့ ဝိသမလောဘသားတွေ ဈေးကစားနေမှု တွေရှိကြောင်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ တာဝန်ရှိသူတွေအနေနဲ့ ကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်    စီးပွားရေး ကော်မတီ   အစည်းအဝေး  အမှတ်စဉ် (၇/၂၀၂၃)မှာ နိုင်ငံတော်အကြီးအကဲက အသိပေးပြောကြားခဲ့ပါတယ်။ ငွေကြေး ဈေးကွက်ကို အဓိကကစားနေကြသူတွေ ဟာ ပြည်တွင်းကျပ်ငွေ၊ နိုင်ငံခြားငွေနဲ့ ရွှေကိုင်ထားကြသူတွေက   ဈေးကစား နေကြတာဖြစ်ပါတယ်။    နိုင်ငံခြားငွေ ကိုင်ထားသူတွေက ၎င်းတို့နိုင်ငံခြားငွေ တန်ဖိုးတက်ဖို့၊ မြန်မာကျပ်ငွေ ကိုင်ထား သူတွေက    ရွှေဝယ်ပြီး     ရွှေဈေးတက် အောင် ဆောင်ရွက်နေတာတွေ့ရပါတယ်။ အလားတူ မော်တော်ယာဉ်ဈေးနှုန်းတွေဆိုရင်လည်း ထိုက်သင့်တဲ့ ဈေးနှုန်းထက်     အဆမတန်     များပြားနေတာ    တွေ့ရပါ တယ်။
ငွေကိုင်ထားသူတွေအနေနဲ့ တိုင်းပြည် နဲ့ ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြု မယ့်   စိုက်ပျိုးမွေးမြူရေးနဲ့ ကုန်ထုတ် လုပ်ငန်းတွေမှာ  ရင်းနှီးမြှုပ်နှံတာထက် ငွေရလွယ်ပြီး  အမြတ်များများရနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ လုပ်ကိုင်နေကြ တာတွေ့ရပါတယ်။  တရားမဝင်ငွေလွှဲ လုပ်ငန်း(ဟွန်ဒီ)တွေနဲ့    ကုန်သွယ်မှု လုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်နေတာတွေကို အိမ်နီးချင်း နိုင်ငံအချို့မှာ စုံစမ်းဖော်ထုတ်အရေးယူ နေတယ်လို့ ကြားသိရပါတယ်။ ကုန်သွယ် မှုနဲ့ပတ်သက်လို့ ငွေရေးကြေးရေး ဆောင် ရွက်ရာမှာ ဘဏ်တွေနဲ့ ချိတ်ဆက်ဆောင် ရွက်ဖို့လိုပါတယ်။   တရားမဝင်   ငွေလွှဲ လုပ်ငန်းတွေ  ဆောင်ရွက်နေတာကြောင့် နိုင်ငံ့စီးပွားရေးကို ထိခိုက်နစ်နာစေတာ ဖြစ်ပြီး    ဖော်ထုတ်အရေးယူဖို့     လိုပါ တယ်။
စီးပွားရေးလုပ်ငန်းတွေကို ဆောင်ရွက် ရာမှာ   ကိုယ်ကျိုးသက်သက်ကိုသာ ဦးစားပေးတဲ့   ဝိသမလောဘသားတွေ ရှိသလို  နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုတဲ့၊ အများပြည်သူ အကျိုးစီးပွားကို အလေးထားတဲ့ စီးပွား ရေးလုပ်ငန်းရှင်တွေလည်း    ရှိပါတယ်။ ဝိသမလောဘသားတွေကို အရေးယူဖို့၊ နိုင်ငံ့စီးပွား       ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပေးတဲ့ လုပ်ငန်းရှင်တွေ ကို အားပေးချီးမြှင့်မှုတွေလုပ်ဆောင်ပေးဖို့ နိုင်ငံတော်အကြီးအကဲက အသိပေး ထားပါတယ်။ မြန်မာနိုင်ငံဟာ ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးနေတာဖြစ် ပါတယ်။  ဈေးကွက်စီးပွားရေးစနစ်မှာ အစိုးရအနေနဲ့ ဝင်ရောက်ကိုင်တွယ်တာ လျှော့နိုင်သမျှ   လျှော့ရမှာဖြစ်ပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့   စီးပွားရေးအရ တိုက်ခိုက်မှု၊ ပိတ်ဆို့မှုနဲ့ နိုင်ငံ့စီးပွားရေးပျက်ယွင်းအောင် လုပ်ဆောင်နေမှုတွေ ကြောင့်   ဝင်ရောက်ထိန်းညှိဆောင်ရွက် နေခြင်း ဖြစ်ပါတယ်။
စီးပွားရေးလုပ်တယ်ဆိုတာ အမြတ် ရလိုလို့ လုပ်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ရသင့်ရထိုက်တဲ့   အမြတ်ဖြစ်ဖို့လိုပါ တယ်။ လက်လီရောင်းချသူတွေအနေနဲ့ ပင်ရင်းဈေး ၁၀၀ တန်ဖိုးရှိတဲ့ ပစ္စည်း တစ်ခုကို အမြတ် ၁၀ ရာခိုင်နှုန်း ထားမှာ လား၊   ၂၀ ရာခိုင်နှုန်း ထားမှာလား၊ ၂၅ ရာခိုင်နှုန်း   ထားမှာလား   စတဲ့အားလုံး တစ်ပြေးညီဖြစ်စေမယ့် တိကျတဲ့သတ်မှတ် စံနှုန်းတစ်ခု ဖြစ်ဖို့လိုပါတယ်။ ၁၀၀ တန်ဖိုး ရှိတဲ့ပစ္စည်းတစ်ခုကို     ၂၀၀၊ ၃၀၀ နဲ့ ရောင်းချင်ရင်တော့ နှစ်ဆ၊ သုံးဆ အမြတ် လိုချင်တဲ့ မတော်လောဘလို့ သတ်မှတ် ရမှာဖြစ်ပြီး   ကိုယ်ကျိုးစီးပွားအတွက် အများပြည်သူကို  ထိခိုက်နစ်နာအောင် လုပ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ပြည်ပ သွင်းကုန်ပစ္စည်းတွေအနေနဲ့ ကမ္ဘာ့ဈေးနှုန်းပေါ်မှာမူတည်ပြီး အပြောင်း အလဲဖြစ်နေမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဈေးနှုန်း   တက်တဲ့အခါ တက်ဈေး၊ ဈေးနှုန်းကျတဲ့ အခါ    ကျဈေးဖြစ်ရမှာ    ဖြစ်ပါတယ်။ ဒါပေမယ့်  တစ်ခါတစ်ရံမှာ စက်သုံးဆီ ဈေးဖြစ်စေ၊  စားသုံးဆီဈေး   ဖြစ်စေ၊ ရွှေဈေးဖြစ်စေ   ကမ္ဘာ့ဈေးနှုန်း  ကျဆင်း ပေမယ့်လည်း မြန်မာနိုင်ငံမှာ မကျဘဲ  အရင်ဈေးအတိုင်း  ရောင်းချနေတာကို တွေ့ရပါတယ်။ လက်ရှိအခြေအနေမှာ  အပြောင်းအလဲ  ဘယ်လိုပင် ဖြစ်နေသော် လည်း  တက်ဈေးနဲ့  လက်ဝယ်ရှိရင် တက်ဈေးနဲ့ပဲ    ရောင်းသင့်ပါတယ်။ ကျဈေးဖြစ်ရင် ကျဈေးနဲ့ပဲ  ရောင်းသင့် ပါတယ်။   စားသုံးသူပြည်သူတွေဟာ လက်ခုပ်ထဲကရေပါပဲ။ ဘာမျှဆင်ခြေ ပေးရန်မရှိ၊ ပေါက်တဲ့ဈေး၊ ပြောတဲ့ဈေး အတိုင်း ဝယ်နေရပါတယ်။
မြန်မာနိုင်ငံမှာ        ကုန်ဈေးနှုန်း တက်တာဟာ    အစဉ်အလာလိုဖြစ်နေ ပေမယ့်လည်း   အဆမတန်၊  နေ့စဉ် ဈေးနှုန်း တက်နေမယ်ဆိုရင် ပြည်သူတွေ နေမြင့်လေ  အရူးရင့်လေ  သဘောမျိုး ဖြစ်မှာမို့လို ကိုယ်ချင်းစာနာသောအားဖြင့် အသိတရားနဲ့ စေတနာထား ဆောင်ရွက် ဖို့လိုပါတယ်။ မလှူတတ်ရင်     ဈေးရောင်း ဆိုသလို ဈေးရောင်းရင်းနဲ့   အလှူတစ်ခု ပြုနိုင်အောင်   အားထုတ်သင့်ပါတယ်။ ကုန်ဈေးနှုန်းတက်တာဟာ   ဓာတ်မြေ ဩဇာလို  ပြည်ပသွင်းကုန်  သွင်းအားစု ပစ္စည်းတွေ  ဈေးနှုန်းမြင့်မားလာတာ၊   သယ်ယူပို့ဆောင်စရိတ်တွေ    မြင့်မားလာ တာတွေကြောင့်     အတက်ဘက်ကို ရောက်လာတာဟာ ဖြစ်သင့်ပေမယ့်လည်း ထူးခြားမှု    အကြောင်းကိစ္စတစ်ခုကို   ခေါင်းစဉ်တပ်ပြီး ကုန်ပစ္စည်းဈေးနှုန်းကို ဆွဲတင်တာ၊      ကုန်ပစ္စည်းအရောင်းကို ရုတ်တရက် ရပ်ပစ်တာ၊ ဝယ်လိုအားများ အောင် ဖန်တီးတာ၊ ကုန်ပစ္စည်းတွေကို   လိုတာထက်   ပိုသိုလှောင်ထားတာတွေ ဟာ စီးပွားရေးအရ အမြတ်ထုတ်မှု၊  နိုင်ငံ အကျပ်အတည်းဖြစ်အောင်       ပြုလုပ်မှု ဖြစ်ပါတယ်။
ကုန်ဈေးနှုန်းတက်အောင်လုပ်တာ၊ တရားမဝင်ငွေကြေးကစားတာတွေဟာ အများပြည်သူတို့ အကျပ်အတည်းများဖြစ်စေနိုင်တာကြောင့်    အစိုးရအနေနဲ့ လက်ပိုက်ကြည့်နေမှာ   မဟုတ်ဘူး။ စီးပွားရေးလုပ်တဲ့နေရာမှာ   လူလူချင်း စာနာစိတ်မွေးပြီး   စီးပွားလည်းဖြစ် ကုသိုလ်လည်းဖြစ်အောင် မလုပ်ကိုင်ကြ သရွေ့ မြန်မာပြည်ကြီး သာယာဝပြောမှု တွေနဲ့   အလှမ်းဝေးပြီး ဆင်းရဲတွင်း သံသရာနက်နေဦးမှာ   ဖြစ်ပါတယ်။ အများပြည်သူလူထု အထူးသဖြင့် အခြေခံ လူတန်းစားများ အကျိုးစီးပွားအတွက် အတ္တများကို    လျှော့ပေးကြပါလို့သာ မေတ္တာရပ်ခံလိုက်ပါတယ်။    ။