
တွေ့ဆုံမေးမြန်း- ချစ်နှင်းသုန်(ပြန်/ဆက်)၊ ဓာတ်ပုံ- သန်းထွန်းအောင်(ပြန်/ဆက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံစီးပွားမြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တိုအတွင်း ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းနိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးနေသည့် ဒေါ်လာ နှမ်းယို၊ မြေပဲယို၊ မရွေး၊ မြွေနဂါးကြံမွနှင့် ကြံသကာအမျိုးမျိုး ထုတ်လုပ်ဖြန့်ချိ ရေးလုပ်ငန်းပိုင်ရှင် ဦးအောင်နိုင်ဦးနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်။
မေး ။ ။ လုပ်ငန်းလိပ်စာနဲ့ ဘယ်လို စားကုန်တွေကို အဓိက ဖြန့်ချိ ထုတ်လုပ်နေသလဲဆိုတာ ဖြေကြားပေးပါ။
ဖြေ ။ ။ လုပ်ငန်းအမည်ကတော့ “ဒေါ်လာ” ဖြစ်ပါတယ်။ နေရာက တော့ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ဘန့်ပြင်ကျေးရွာမှာ တည်ရှိပါတယ်။ ဒေါ်လာ စားသုံးကုန်အမျိုးမျိုး ထုတ်လုပ်ရေးလုပ်ငန်းကနေ နှမ်း၊ မြေပဲယို၊ မရွေး၊ မြွေနဂါးကြံမွနဲ့ ကြံသကာအမျိုးမျိုး ထုတ်လုပ်ဖြန့်ချိပေးလျက်ရှိပါတယ်။
မေး ။ ။ လုပ်ငန်းကို ဘယ်လိုမျိုး စတင်တည်ထောင်ခဲ့ပါသလဲ။
ဖြေ ။ ။ ကျွန်တော်က ၂၀၁၂ ခုနှစ်မှာ ကြံလုပ်ငန်းကို စတင် လုပ်ဆောင်ခဲ့ပြီး ကြံဖိုတွေမှာလည်း ဝင်ရောက်လုပ်ဆောင် ခဲ့ပါတယ်။ ဒီ ဒေါ်လာလုပ်ငန်း စက်ရုံကိုတော့ ၂၀၁၅ ခုနှစ်မှာ ဦးစီးပြီး လူသုံးဦးနဲ့စတင်ပြီး ကြံဖိုတစ်ဖို တည်ထောင်ခဲ့တယ်။ အဲဒီနောက်မှာ တဖြည်းဖြည်းနဲ့ လုပ်ငန်းချဲ့ထွင် လုပ်ကိုင်လာရာမှာ အခု ကြံဖို ၁၆ဖိုအထိ ဖြစ်လာပါပြီ။
မေး ။ ။ အခုလက်ရှိ လုပ်ငန်းလည်ပတ်နေပုံနဲ့ ဝန်ထမ်းဦးရေလေး ကို သိပါရစေ။
ဖြေ ။ ။ အခုလက်ရှိ ရောင်းအားအကောင်းဆုံးကတော့ နှမ်းယို၊ မြေပဲယိုနဲ့ ကြံသကာတွေဖြစ်ပြီး တစ်နေ့ကို ပုံး ၆၀၀
ကျော်လောက် ရောင်းချရပါတယ်။ ဝန်ထမ်းဦးရေက ၁၀၆ ဦးအထိ ရှိပါတယ်။
မေး ။ ။ ဒေါ်လာ စားသုံးကုန်ဖြန့်ချိရေးကနေ စားသောက်ကုန် ဘယ်နှမျိုးလောက်အထိ ထုတ်လုပ်ရောင်းချနေပြီး ဘယ်
ထုတ်ကုန်အမျိုးအစားတွေက ရောင်းအားအကောင်းဆုံးလဲ။
ဖြေ ။ ။ ကျွန်တော် “ဒေါ်လာ” လုပ်ငန်းကနေပြီးတော့ နှမ်းယို၊ မြေပဲယို၊ မရွေး၊ မြွေနဂါးကြံမွနှင့် ကြံသကာအမျိုးမျိုး
ထုတ်လုပ် ဖြန့်ချိရောင်းချနေပါတယ်။ နှမ်းယို၊ မြေပဲယို၊ ကြံသကာက တစ်နေ့ကို ၁၀ ပိဿာကနေ ၁၁ ပိဿာအထိ ရောင်းချရပြီး ပုံးအရေ အတွက်နဲ့ဆိုရင် ပုံး ၆၀၀ ကျော်မှ ၇၀၀ အထိ ရောင်းချပေးရပါတယ်။
အခုနှစ်မှာ သကြား ကြံသကာကို နှမ်း၊ မြေပဲ၊ ကြံသကာနဲ့ အလားတူ ရောင်းချရပါတယ်။ ဒုတိယ ရောင်းအားအကောင်းဆုံးကတော့ မရွေး ဖြစ်ပြီး မြွေနဂါးကြံမွဟာလည်း ရောင်းအားအကောင်းဆုံး စာရင်းထဲ မှာ ပါရှိပါတယ်။
မေး ။ ။ ဒေါ်လာစားသုံးကုန်တွေကို သန့်ရှင်းလတ်ဆက်စွာ စားသောက်နိုင်အောင် ဘယ်လိုစီမံဆောင်ရွက်ပါသလဲ။
ဖြေ ။ ။ ဒေါ်လာ စားသုံးကုန်တွေကို စားသုံးသူမိဘပြည်သူများ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးနိုင်ဖို့အတွက် ဓာတု ဆိုးဆေးတွေနဲ့ ကြာရှည်ခံဆေးတွေ သုံးစွဲထားမှုမရှိပါဘူး။ ထုတ်ကုန် တွေကိုလည်း ထုပ်ပိုးမှုစနစ်ခိုင်မာစွာ ထုတ်လုပ်ရောင်းချပေးပါတယ်။
စက်ရုံအတွင်းမှာဆိုရင်လည်း ဆေးလိပ်၊ အရက်သေစာ သောက်သုံးမှု မရှိအောင်၊ ပြင်ပလူမဝင်ရောက်အောင် ဆောင်ရွက်ထားပြီး အဝင် ပေါက်တိုင်းမှာ လက်ဆေးကန်တွေ ထားရှိပေးပါတယ်။
မေး ။ ။ ဒေါ်လာ စားသုံးကုန်တွေကို မြန်မာနိုင်ငံအတွင်း ဘယ်မြို့ ဒေသတွေကို ဖြန့်ချိပေးနေပါသလဲ။
ဖြေ ။ ။ ကျွန်တော့်စက်ရုံက ထုတ်ကုန်တွေဟာဆိုရင် တိုင်းဒေသကြီး နဲ့ ပြည်နယ် ၁၄ ခုအနက် ၁၂ ခုလောက်အထိ ပျံ့နှံ့ပြီး မြို့ပေါင်း ၃၃ မြို့လောက်အထိ တင်ပို့ရောင်းချနေပါတယ်။ အခု လက်ရှိ ဖြန့်ဖြူးနိုင်ခြင်းမရှိသေးတာဆိုရင် ရခိုင်ပြည်နယ်နဲ့ ကယား ပြည်နယ်တို့ပဲရှိမယ်။ ချင်းပြည်နယ် မတူပီနဲ့ မင်းတပ်မြို့နယ်တွေကို ပခုက္ကူဘက်ကနေပြီးတော့ ဖြန့်ချိပေးနေပါတယ်။ အဓိကပို့တာကတော့ ရန်ကုန်၊ ပုသိမ်၊ ဟင်္သာတ၊ မော်လမြိုင်၊ နေပြည်တော်၊ တပ်ကုန်း၊ မန္တလေးတို့ကို ပို့ပါတယ်။
မေး ။ ။ နိုင်ငံတော်က အခုဆို MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ပေးနေတဲ့အတွက် ဒေါ်လာလုပ်ငန်း အနေနဲ့ သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းစပ်ဆောင်ရွက်နေမှုကိုလည်း သိပါရစေ။
ဖြေ ။ ။ ကျွန်တော်တို့ အသေးစား အငယ်စား အလတ်စားလုပ်ငန်းရှင် တွေကို နိုင်ငံတော်က MSME ချေးငွေထုတ်ချေးပေးတဲ့ အတွက် လုပ်ငန်းသုံးစက်ပစ္စည်းတွေ ဝယ်ယူနိုင်ခဲ့ပြီး လုပ်ငန်းတွေ လည်း တိုးချဲ့ လုပ်ကိုင်နိုင်ခဲ့ပါတယ်။ ဒေါ်လာစားသုံးကုန်တွေကိုလည်း တိုင်းဒေသကြီးအဆင့် ကုန်စည်ပြပွဲတွေမှာ ဌာနဆိုင်ရာတွေနဲ့ပူးပေါင်း ပြီး ခင်းကျင်းပြသပေးနိုင်ခဲ့ပါတယ်။
မေး ။ ။ စီးပွားရေးလုပ်ငန်းတွေ စတင်တည်ထောင်မယ့် လူငယ် တွေကို အကြံပြုတဲ့အနေနဲ့ ပြောကြားပေးပါ။
ဖြေ ။ ။ အဓိကကတော့ ဆန္ဒပေါ့။ ဖြစ်ချင်စိတ်ရှိဖို့လိုတယ်။ အခု အလုပ်သမားအဖြစ် လုပ်နေရပေမယ့်တစ်ချိန်မှာ လုပ်ငန်း ရှင် သူဌေးဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ ရိုးသားရမယ်၊ ကြိုးစားအားထုတ် ရမယ်။ လုံ့လနဲ့ ဝီရိယရယ်၊ ရိုးသားမှုရယ် ရှိမယ်ဆိုရင် လုပ်ငန်းရှင် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လူငယ်တွေ ကြိုးစားကြပါ။ အားစိုက် ကြပါလို့ အကြံပေးပြောကြား တိုက်တွန်းလိုပါတယ်ခင်ဗျာ။ ။