
ဒေါက်တာ မြတ်မိုး
လူတို့၏ နေ့စဉ်နေထိုင်မှုပုံစံတွင် ပုံမှန်လမ်းလျှောက်ခြင်းကို အားပေးသင့်ကြသည်။ ပြုကျင့်ရမည့် နေ့စဉ်အလေ့အထတစ်ခုအဖြစ် ဝီရိယထား၊ အလေးထား ကြိုးစားသင့်ကြသည်။ လေ့ကျင့်ခန်းမျိုးစုံရှိသော်လည်း အသက်အရွယ်အရ နေ့စဉ်ပုံမှန်လမ်းလျှောက်ခြင်းကဲ့သို့ မိမိကျန်းမာရေးအတွက် လုံခြုံမှု၊ စောင့်ရှောက်မှု အပြည့်အဝပေးနိုင်သည့် လေ့ကျင့်ခန်းမျိုးမရှိဟု မြင်ပါသည်။ နံနက်စောစော နာရီဝက်ခန့် လမ်းလျှောက်ပြီးစီးသည်နှင့် ပြုလုပ်ရမည့် တစ်နေ့တာ နိစ္စဓူဝကိစ္စများ ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်စွမ်းပိုရှိလာသည်။
အလုပ်ကို တွန်းအားပေးသည့် ရုပ်ပိုင်း၊ စိတ်ပိုင်း စွမ်းအားများ မိမိထံ ကိန်းအောင်း လာသည်မှာလည်း လမ်းလျှောက်ခြင်း၏ အကျိုးရလဒ်တစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးအတွက် လမ်းလျှောက်ချင်စိတ်လေးတစ်ခုကို မိမိကိုယ်မိမိ ဦးစွာပျိုးထောင်ပေးစေလိုသည်။ ဘယ်လိုမှ မအား ဘူးဆိုလျှင်တောင် နံနက်စောစော မိနစ် ၃၀ ခန့် ကြိုတင်အိပ်ရာမှထပြီး လမ်းလျှောက်ရန် အချိန်လေး တစ်ခု၊ လမ်းလျှောက်ခြင်းဖြင့် တစ်နေ့တာဘဝ ခရီးစတင်ရန် အခွင့်အလမ်းတစ်ခုကိုတော့ ထားရှိ စေချင်ပါသည်။
တစ်ရက်လျှင် ခြေလှမ်းတစ်သောင်း လျှောက်ကြည့်ပါ
အခွင့်အရေးမသာသည့်ကြားမှ ဂရုစိုက်၍ နေ့စဉ် အကွာအဝေးအတိုများစွာကို Small walks အကြိမ်ပေါင်းများစွာ လျှောက်တတ်သည့် အလေ့အထသည်ပင် များစွာထိရောက်လှပါသည်။ သုတေသီတွေက ဆိုထားတာရှိသည်။ တစ်နေ့ တစ်နေ့ ခြေလှမ်း ၁၀၀၀၀ လှမ်းလျှောက်နိုင်အောင် ကြိုးစားလေ့ကျင့်ရန်နှင့် တစ်ရက်ကို ၁၀ မိနစ်ခန့်၊ တစ်ပတ်လျှင် မိနစ် ၁၅၀ ခန့် ခပ်ပြင်းပြင်းလေး brisk walks (တစ်နာရီလျှင် သုံးမိုင်နှုန်းခန့် လမ်းလျှောက်ပေးရုံဖြင့် မိမိတို့ကို အကြီးအကျယ် ခြိမ်းခြောက်အန္တရာယ်ပြုနေသည့် အသံတိတ် လူသတ်သမားများဖြစ်သော ဆီးချိုနှင့် သွေးတိုး ရောဂါအန္တရာယ်ကို သိသိသာသာ လျှော့ချပေးနိုင် သည်ဟု ဆိုပါသည်။ သို့သော် ထိုတွေ့ရှိချက် အချို့ သည် လမ်းလျှောက်ခြင်း၏အကျိုးကြောင့် ထိုရောဂါ များမှ ကင်းဝေးနေသူများအတွက်တော့ အထူးအဆန်း တွေ့ရှိချက်များ မဟုတ်တော့ပါ။
လမ်းလျှောက်ရန်အခွင့်အရေး ဘယ်လို ဘယ်အခြေအနေမှာ ရယူသင့်ပါသလဲ
လမ်းလျှောက်ရာတွင် အချိန်မပေးနိုင်သူ သို့မဟုတ် စိတ်မပါသူများအတွက်တော့ သူငယ်ချင်းအဖော်လိုကောင်း လိုပါလိမ့်မည်။ ထို့အတွက် လမ်းလျှောက်ရတာ ဝါသနာပါသည့် မိတ်ဆွေ သို့မဟုတ် လမ်းလျှောက်အုပ်စုများနှင့် ဆက်သွယ်မှုယူနိုင်ပါသည်။ တချို့ကလည်း အိမ်မွေး ခွေးကလေး အဖော်ပြု၍၊ တချို့ကလည်း နားကြပ်နှင့် ကိုယ်နှစ်သက်ရာ သီချင်းဂီတ ဘာသာစကားတစ်ခုခု စသည်ဖြင့် အကျိုးရှိစွာ တွဲဖက်လိုက်လျှင် လမ်းလျှောက်ရတာ စိတ်ဝင်စားစရာကောင်းလာပါလိမ့်မည်။ အချိန်ပေးနိုင်မည် ဆိုလျှင်... သွားစရာရှိသည့် ဈေးဝယ်သွားတာမျိုး မနီးမဝေးဈေးဆိုင်မျိုး၊ ဘတ်စ်ကားဂိတ်၊ ဘူတာရုံ မျိုးဆိုလျှင် လမ်းပဲလျှောက်ရန် အကြံပေးချင်သည်။
ရုံးဝန်ထမ်းများရော၊ အလုပ်သမားများအတွက် ပါ သိပ်မဝေးသည့် လုပ်ငန်းခွင်မျိုး သို့မဟုတ် ဝေးကွာ၍ ဖယ်ရီကြိုပို့ယာဉ်စီးရလျှင်လည်း မိမိအိမ် နှင့် လုပ်ငန်းခွင်ကြား ခရီးအကွာအဝေး တစ်စိတ် တစ်ဒေသကို အကျိုးရှိစွာ လမ်းလျှောက်လိုက်ခြင်း ဖြင့် အဆင်ပြေနိုင်ပါသည်၊၊ ဌာနတစ်ခုမှ တစ်ခုသို့ မေးလ်ပို့ရမည့်ကိစ္စမျိုးဆိုလျှင် မေးလ်ပို့မည့်အစား လူကိုယ်တိုင်လမ်းလျှောက် စာဖြင့်ပို့ လူချင်းတွေ့ နှုတ်ဖြင့် ပြောဆိုလိုက်ခြင်းဖြင့် လမ်းကြောင်းအတို လေးများတွင် (Mini walks) သဘော အလုပ်ဖြစ် သွားမည်ဖြစ်သည်။
တချို့ကိစ္စလေးများတွင် ကွန်ပျူတာရှေ့ ကြာရှည် စာရိုက်ရသည့်အလုပ်မျိုး မလှုပ်မရှား အထိုင်များခြင်း (Sedentary lifestyle) ထက် နှုတ်ဖြင့် တိုက်ရိုက် ပြောဆိုဆွေးနွေးဖို့ လမ်းလျှောက်လိုက်ရ သည့် လှုပ်ရှားမှုမျိုးက မိမိကျန်းမာရေးအတွက် ပို၍ အကျိုးရှိနိုင်ပါသည်။ အချိန်တော့ အနည်းငယ် ပေး ရကောင်းပေးရနိုင်သည်။ ပေးလိုက်ရသည့်အချိန် ကို မိမိရလိုက်သည့် ကျန်းမာရေးအကျိုးကျေးဇူးများ ဖြင့် ချိန်ဆကြည့်လျှင် တန်သည်ဟု ဆိုနိုင်ပါသည်။
တစ်ခါတစ်ရံ အချိန်ပေးနိုင်သည့် ကိစ္စရပ်များမှာ လမ်းကြောင်းခပ်ရှည်ရှည်ရွေးပြီး လမ်းလျှောက် သည့် အခွင့်အရေးကို အရယူခြင်းဖြင့်လည်း သီးသန့်အချိန်ပေး လမ်းလျှောက်ရမည့်အချိန်ကို လျှော့ချနိုင်ပါသည်။ ဥပမာ- Car Parking မှာ လမ်းလျှောက်ရန် အခွင့်အလမ်းသာမည့် အကွာ အဝေးမှာ မိမိကားကို ရပ်ထားခြင်းမျိုး။ ဓာတ်လှေ ကား သုံးမည့်အစား လှေကားမှတစ်ဆင့် အတက် အဆင်းလုပ်ခြင်းမျိုးဖြစ်သည်။ အချို့မှာ ခြေလှမ်း တိုင်းကိရိယာ/ နာရီ Health watch လေးတွေ ဝတ်ဆင်ပြီး မိမိ၏ခြေလှမ်း မည်ရွေ့မည်မျှတိုးတက်မှု ကို စောင့်ကြည့်စိစစ်ကြသည်လည်း ရှိသည်။ ပိုသေချာသည်မှာ လမ်းလျှောက်မည်ဆိုသည့် အလေ့အထတစ်ခုကို နေ့စဉ်မိမိ၏ အချိန်ဇယားတွင် မဖြစ်မနေလုပ်ရမည့် အရေးကြီးလုပ်ငန်းအစီအစဉ် တစ်ခုအဖြစ် ရေးဆွဲထားသည့် အလေ့အကျင့်မျိုး ထားရှိသင့်ပါသည်။
အချိန်ရှိတုန်း အခြေအနေပေးတုန်း ကြိုးစားပါ
အထက်ပါအလေ့အထများကား အချို့သူများ အတွက် အထူးအဆန်းဖြစ်ကောင်း ဖြစ်နိုင်သော် လည်း မိမိကျန်းမာရေးအတွက် အလေးထား စိုးရိမ် စိတ်ပူတတ်သည့် အချို့သူများအတွက်တော့ အချိန်မရသည့်ကြား၊ လမ်းလျှောက်ရန် အခွင့်အလမ်း မသာသည့် ကြား က အလေ့အထကောင်းတစ်ခုအဖြစ် ကြံဖန်စဉ်းစားဆောင်ရွက်တတ်ကြသည်ကို တွေ့ဖူး ကြပါလိမ့်မည်။ အဓိကက မိမိနှင့် မိမိပတ်ဝန်းကျင် ကျန်းမာရေးအတွက်သာ ဖြစ်သည်။ ကျန်းမာခြင်း သည် လာဘ်ကြီးတစ်ပါး၊ ကျန်းမာခြင်းထက် ပို၍ တန်ဖိုးထားအပ်သောအရာ ဘာမှမရှိဟု ဆိုကြ သည်။ ရောဂါဘယပေါင်းစုံခံစားရပြီး သက်တမ်း မစေ့မီ သေဆုံးသူအရေအတွက်က များလာနေသည်။ နှစ်စဉ် လူ ၄၁ သန်းခန့်သည် နှလုံးသွေးကြော၊ ဆီးချို၊ ကင်ဆာ၊ အဆုတ်ရောဂါများကြောင့် သေဆုံး နေကြရသည်။ ခြေထောက်တွေကောင်းတုန်း၊ ဒူးတွေကျန်းမာတုန်း၊ ကြွက်သားတွေသန်တုန်း မြန်တုန်း အချိန်ကောင်းတုန်းမှာ စရိုက်ကောင်း တစ်ခုကို ပိုင်ဆိုင်ထားမှသာ ယနေ့ခေတ်ရောဂါများ နှင့် ယှဉ်လျှင် တော်ကာကျပေမည်။ အဝလွန်၊ ဆီးချို၊ နှလုံး၊ သွေးတိုး၊ လေဖြတ်စသည့် ရောဂါဆိုးများ တစ်ခုခုကြုံရတော့မှ အရေးပေါ်ထပြီး လမ်းလျှောက် ရန် ကြိုးစားလျှင်ဖြင့် နောက်ကျသွားမည်ဖြစ်ကာ ပို၍ ခက်ခဲသော အခြေအနေများနှင့်သာ ရင်ဆိုင် ရတော့မည်ဖြစ်ပါသည်။
ဘာကြောင့်များ လေ့ကျင့်ခန်း အမျိုးမျိုး အပြားပြားအနက် ထိုလမ်းလျှောက်ခြင်းတစ်ခုကို ပို၍ညွှန်းဆိုနေရပါလိမ့်ဟု မေးစရာတော့ရှိမည်။ အလွန်တရာလွယ်ကူပြီး ကရိကထလည်းမများ အကူလေ့ကျင့်ခန်း ပစ္စည်းကိရိယာတန်ဆာပလာပင် ထူးထူးထွေထွေ မလိုသည့်အတွက် ဖြစ်သည်။ အရင်းအနှီး မများလှသည့် လမ်းလျှောက်ခြင်းကိုပင် မပြုနိုင်သူသည် အခြားအားကစားနည်းများကို လိုက်စားရန်မှာလည်း အခွင့်အရေး မရှိနိုင်ဟု မြင်မိ သည်။ လမ်းလျှောက်ခြင်းဆိုသည့် အလေ့အထ တစ်ခုတည်းဖြင့်ပင် အကျိုးကျေးဇူးကား အလွန် များလှသည်။
စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုနှင့် စိတ်ကျန်းမာရေး
သင့်ရဲ့တစ်နေ့တာခရီးကို ပျော်ပျော်ရွှင်ရွှင်နဲ့ စတင်လိုပါသလား။ နံနက်စောစောအချိန်တစ်ခုကို လမ်းလျှောက်ခြင်းဖြင့် စတင်လိုက်ပါလို့ အကြံပြုပါ ရစေ၊ တကယ်လည်း အခြားအချိန်များထက် မနက်ခင်းလမ်းလျှောက်ဖို့ကို ပညာရှင်များက အကြံပြုကြသည်။ လမ်းလျှောက်စဉ်မှာ ဦးနှောက်ရှိ အင်ဒိုဖင် (endorphins) ခေါ် အာရုံကြောဆိုင်ရာဓာတုဟော်မုန်းများထွက်ရှိမှုကို အားကောင်းလာစေ သည်။ ထိုဓာတုပစ္စည်းက လမ်းလျှောက်ထားသူ၏ တစ်နေ့တာ စိတ်ပိုင်းကြည်လင်ပြတ်သားမှုကို ရရှိစေသည်။ လုပ်ငန်းခွင်မှာ တက်တက်ကြွကြွဖြင့် အာရုံစူးစိုက်မှုကောင်းစေကာ ပျော်ရွှင်မှု၊ စိတ်ချမ်း သာမှု၊ ယုံကြည်မှုများ တိုးတက်လာမှုနှင့်အတူ တီထွင်ဖန်တီးနိုင်စွမ်းကိုလည်း ပေးပါသည်။ စိတ် ဖိစီး စိုးရိမ်သောကနှင့် စိတ်ဓာတ်ကျဆင်းနေမှုများကို လျှော့ချပေးသည့်အတွက် အယ်လ်ဇိုင်းမားအပါ အဝင် စိတ်ကျန်းမာရေးကို အထောက်အကူဖြစ် သလို ခန္ဓာကိုယ်နာကျင်မှု တစ်စုံတစ်ရာကိုလည်း သက်သာစေသည်ဟု ဆိုပါသည်။
ကိုယ်ခံစွမ်းအားကိုလည်း တိုးတက်မြင့်မားစေ
ထိုဓာတုပစ္စည်းများက သွေးတွင်းသွေးဖြူဥများ ၏ လှုပ်ရှားမှုကို အားကောင်းစေသည့်အခါ ခန္ဓာခုခံ စွမ်းအားလည်း မြင့်တက်လာပါသည်။ အင်ဒိုဖင် ဟော်မုန်း၏ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်စွမ်းသတ္တိ တစ်မျိုးက မိမိ၏ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေး သည်ဟု ဆိုထားသည့်အတွက် ယနေ့လိုကာလမျိုး ကိုဗစ်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်၊ ကိုယ်ခံစွမ်းအားမြင့်မားရန်လိုအပ်နေသည့်အခြေအနေမျိုးမှာဆိုလျှင် လမ်းလျှောက်ခြင်းကို ပို၍အာရုံစိုက်သင့် သည်ဟု ဆိုချင်သည်။
ယခုခေတ် ကိုဗစ်ဖြစ်ပြီးလူနာများ ခုခံစွမ်းအား မြင့်မားရန် လိုအပ်နေသည့် အခြေအနေမျိုးတွင် နေ့စဉ်လမ်းပုံမှန်လျှောက်ပေးခြင်းက ကိုဗစ်နောက် ဆက်တွဲဝေဒနာများကို ပို၍ သက်သာစေသည်ဟု သုတေသနပြုချက်များက တွေ့ရှိထားသည့်အတွက် ကိုဗစ်ဖြစ်ပြီး လူနာများကို လမ်းလျှောက်ကြရန် တိုက်တွန်းလိုပါသည်။ ထို့ပြင် လူကြီး လူငယ်မရွေး လူတိုင်းက အရေပြားကျန်းမာရေးကို ဂရုစိုက်ကြ သည်။ အရွယ်နှင့်ယှဉ်၍ နုနယ်ပျိုမျစ်ခြင်းကို လမ်းလျှောက်ခြင်းက အထောက်အကူပေးပါသည်။ အကြောင်းမှာ ကိုယ်လက်လှုပ်ရှားမှုကြောင့် ဖြစ်ပေါ် လာသည့် ခန္ဓာဆဲလ် အက်တမ်ဖြစ်စဉ်များမှတစ်ဆင့် အီလက်ထရွန်ဆုံးရှုံးမှုကို ကာကွယ်ပေးသည့် အင်တီ အောက်ဆီဒင့်များ တိုးပွားလာသည့်အတွက် ဖြစ် ပါသည်။
နှလုံးသွေးကြောရောဂါဖြစ်ပွားမှု လျော့ပါးနိုင်ခြေ
ထို့ပြင် နံနက်ပိုင်းမှာ လမ်းလျှောက်ခြင်းကြောင့် ခန္ဓာတွင်းကထုတ်လုပ်လိုက်သည့် ဒိုပါမင်း၊ နော် အပီနက်ဖရင်၊ ဆီရိုတိုနင်စသည့် ဓာတုဟော်မုန်းများ က အစာစားချင်စိတ် တောင့်တမှုကိုဖြစ်စေပြီး ညဘက်တွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှုကိုဖြစ် စေသည်။ အက်ဒရီနလင်ဟုခေါ်သည့် ဟော်မုန်း တစ်မျိုးလည်းရှိသေးသည်၊ သူကတော့ နှလုံး ညှစ်အားကို လှုံ့ဆော်မှုပေးပြီး သွေးကြောမျှင်များ ပွင့်၍ သွေးစီးဆင်းမှုကို အားကောင်းလာ စေသည်။ သွေးစီးသွေးလာကောင်းရုံမက အသက်ရှူခြင်းကို လည်းအားပေးသည်။ ပြင်ပလေကို ရှူရှိုက်ပြီး ခြေလှမ်းမြန်မြန်လျှောက်လေ အသက်ရှူပြင်းလေ၊ သွေးတွင်း အောက်ဆီဂျင်ကိုပိုရလေဖြစ်ပြီး နှလုံးကို ပို၍အားကောင်းစေသည့်အပြင် အဆုတ်ကိုလည်း ပို၍သန်မာစေပါသည်။ ဓာတုဟော်မုန်းအချို့ကြောင့် သွေးတွင်းအောက်ဆီဂျင် ပမာဏမြင့်တက်လာခြင်း သည် ခန္ဓာကိုယ်စွမ်းအင်ကိုလည်း တိုးတက်မြင့်မား လာစေပါသည်။ ခန္ဓာကိုယ်မှာရှိနေသော ချွေးဂလင်း သန်းပေါင်းများစွာက ထုတ်လိုက်သည့်ချွေးကြောင့် ကိုယ့်ခန္ဓာ၏ အပူချိန်အတက်အကျကို ထိန်းညှိပြီး ဖြစ်သည်ကိုလည်း သိရှိထားရန် လိုအပ်ပါသည်။
နှလုံးရောဂါနှင့် လေဖြတ်ရောဂါဖြစ်မှာကို လူတိုင်းကြောက်ရွံ့ကြသော်လည်း ပုံမှန် လမ်းလျှောက်ခြင်းက ယင်းရောဂါများဖြစ်နိုင်သည့် အန္တရာယ်ကို လျော့ပါးသွားစေသည်ကတော့ သေချာပါသည်။ လမ်းလျှောက်စဉ် သွေးလည်ပတ်မှု အားကောင်းနေပြီး နှလုံးခုန်နှုန်းမြန်ကာ သွေးဖိ အားကို လျော့ကျလာစေသည်။ နှလုံးကျန်းမာရေး တိုးတက်လာသလို သွေးတွင်းအဆီပမာဏကလည်း လျော့ကျသွားသည်။ အကျိုးပြု အဆီပမာဏကို ပိုများလာစေပြီး အကျိုးမပြုအဆီပမာဏကို ဖယ်ရှားပေးနိုင်ခြင်းသည် လမ်းလျှောက်ခြင်း၏ ရလဒ်တစ်ခုပင်ဖြစ်သည်။ သွေးလည်ပတ်မှု အားကောင်းပြီး ရှိသင့် ရှိထိုက်သော ခန္ဓာတွင်း အဆီ ပမာဏ ပုံမှန်ရှိနေခြင်းသည် နှလုံးသွေးကြော ကျဉ်း/ပိတ်ရောဂါနှင့် လေဖြတ်သည့် အန္တရာယ်ကို များစွာ လျော့ပါးသွားစေသည်ဟု ဆိုလိုခြင်းပင် ဖြစ်ပါသည်။
အရိုးအဆစ်ကြွက်သားများကိုလည်း သန်မာစေ
လမ်းလျှောက်ခြင်းက အရိုးအဆစ်များကို ပို၍ သန်မာစေပါသည်။ အစားထိုး ခန္ဓာတစ်သျူးများ ဖြစ်ထွန်းမှုနှင့်အတူ ကယ်လဆီယမ်လျော့နည်းလာမှု ကို တားဆီးပေးနိုင်ခြင်းက အရိုးကိုပို၍ သိပ်သည်း စေပြီး နောင်တွင် အရိုးပွရောဂါဖြစ်မည့်ဘေး၊ အရွယ် အို ပေါင်ရိုးကျိုးခြင်းဘေးများမှ ရှောင်ရှားနိုင်ပါသည်။ လမ်းလျှောက်ခြင်းက ခန္ဓာကိုယ်အောက်ပိုင်းကို ပို၍သန်မာစေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများ တစ်ခုနှင့်တစ်ခု ဟန်ချက်ညီနေရန် အကူအညီ ပေးနေသကဲ့သို့ လမ်းလျှောက်သည့်အခါ အရိုးအဆစ် တစ်ခုနှင့် တစ်ခုအကြား ချောဆီကို အားဖြည့်ပေး သလိုဖြစ်သည့်အတွက် အရိုးကျီးပေါင်းနှင့် အဆစ် များ ရောင်ရမ်းနာကျင်ခြင်းကိုလည်း များစွာ လျော့ပါးသက်သာစေသည်ဟု ဆိုပါသည်။ နာတာရှည်လူနာများ ပြန်လည်နာလန်ထရေး အစီအစဉ်မှာလည်း လမ်းလျှောက်လေ့ကျင့်ခန်းက မပါမဖြစ်ပါ။ အထူးသဖြင့် အဆစ်အစားထိုး ကုသခံ ထားရသူများ၊ လေဖြတ်ဝေဒနာရှင်များ၊ အချို့သော နှလုံးရောဂါသည်များ၊ သွေးပြန်ကြောထုံးလူနာများ အတွက် လမ်းလျှောက်ပေးခြင်းက လူနာကို ပို၍ တည်ငြိမ်မှုရှိစေပြီး ပိုပြီးလည်းနာလန်ထမြန်စေ သည်ကို တွေ့ရှိရပါသည်။
အဝလွန်ခြင်းနှင့် သွေးတွင်းအချိုဓာတ်ပမာဏကို ထိန်းညှိပေးနိုင်
မိမိကိုယ်ခန္ဓာအလေးချိန်ကို ထိန်းထားရန်၊ ကိုယ်အလေးချိန်တက်နေပြီး အဝလွန်၍ ကိုယ်အလေးချိန်ကို လျှော့ချရန် လိုအပ်ချက်နှင့် လမ်းလျှောက်ခြင်း ဆက်စပ်မှုရှိသည်ကို အတော် များများက သိရှိထားပြီးဖြစ်သည်။ လမ်းလျှောက် ခြင်းကြောင့် ခန္ဓာကိုယ်အလေးချိန် လျော့ကျပြီး အဆီထုထည်ကိုပါ လျော့ကျသွားစေခြင်းက အင်ဆူလင်၏တုံ့ပြန်မှုကို ထိန်းညှိနိုင်ပြီး ဆီးချို အမျိုးအစား ၂ မဖြစ်အောင် ကြိုတင်ကာကွယ်ကုသမှု ကို ထိရောက်စေပါသည်။
မိမိကိုယ်အလေးချိန်ကို မိမိကိုယ်တိုင် ထိန်းသိမ်းပြီး အစားအသောက်၊ လေ့ကျင့်ခန်းနှင့် နေ့စဉ်နေထိုင်မှုပုံစံကို စနစ်တကျ စီမံခန့်ခွဲနိုင်စွမ်း ရှိခြင်းသည် ကိုယ်အလေးချိန်တက်၍ သွေးတွင်း အချိုဓာတ်ပမာဏမြင့်မားခြင်းမှတစ်ဆင့် ဖြစ်ပေါ် လာသော ဆီးချိုရောဂါအပါအဝင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများစွာကို ကြိုတင်ကာကွယ် မှု ပြုနိုင်ပါသည်။ ကိုယ်အလေးချိန် ထိန်းသိမ်းရန် အတွက် ကယ်လိုရီများများ လောင်ကျွမ်းစေရန် ရည်ရွယ်ချက်ရှိသည်ဆိုလျှင် လမ်းလျှောက်သည့် အမြန်နှုန်း၊ အကွာအဝေး၊ မြေပြင်အနေအထား များအပေါ် တွက်ချက်လျှောက်လှမ်းသင့်သည့် လိုအပ်ချက်များလည်း ရှိလာနိုင်ပါသည်။
လမ်းလျှောက်ခြင်းအတွက် သုတေသနတွေ့ရှိ ချက်အမျိုးမျိုးလည်း ထွက်ပေါ်နေသည်။ မျိုးရိုးဗီဇ အဝလွန်သူများအတွက်မူ တစ်နေ့လျှင် တစ်နာရီခန့် ထိ ခပ်ပြင်းပြင်းလမ်းလျှောက်ရန်၊ လမ်းလျှောက် ခြင်းက သွားရောဂါမဖြစ်အောင် ကာကွယ်နိုင်ပုံ၊ ရင်သားကင်ဆာဖြစ်နိုင်ခြေ လျှော့ချနိုင်ပုံ၊ အစာကြေချက်ခြင်းကို ကူညီပုံ၊ တစ်ပတ်လျှင် ငါးမိုင် ခြောက်မိုင်ခန့် လမ်းလျှောက်ခြင်းဖြင့် အဆစ်ရောင်နာကျင်မှုကို လျှော့ချနိုင်ပုံ စသည် စသည် အသစ်တွေ့ရှိမှုများကိုလည်း ဖတ်ရှုလေ့လာ နိုင်ပါသည်။
ယခုဆောင်းပါးရေးနေစဉ် မကြာမီကာလမှာပင် ဒီဇင်ဘာလူထု လမ်းလျှောက်ပွဲများလည်း ပျော်ရွှင် စွာ ဆင်နွှဲကြတော့မည်ဟု ယူဆရပါသည်။ တစ်နှစ် မှာတစ်လ၊ တစ်လမှာ တစ်ပတ်တစ်ကြိမ် လူထုနှင့် အတူ ပါဝင်ဆင်နွှဲ၍ လမ်းလျှောက်ခြင်းဟူသည် လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးနှင့် အရသာကို အမြည်းသဘောပေးလိုက်ခြင်းသာ ဖြစ်သည်။ အလေ့အကျင့်ကောင်းတစ်ခုကို အစပျိုးပေးလိုက် ခြင်းလည်း ဖြစ်သည်။
အနှစ်သာရမှာ လမ်းလျှောက်ခြင်း၏ အကျိုး တရားများကို အပြည့်အဝသိရှိ နားလည်၍ မိမိ၏ ရုပ်ပိုင်းစိတ်ပိုင်း ကျန်းမာသန်စွမ်းမှုနှင့်အတူ နောင်မလွဲမသွေ ဖြစ်လာနိုင်ခြေများသည့် အနာ ရောဂါဘေးဘယာများ ကင်းဝေးသွားစေရန်သည် သာ အဓိက ဖြစ်ပါသည်။ လမ်းလျှောက်ခြင်းတစ်ခုဖြင့် ပင် သက်တမ်းမတိုင်မီ သေဆုံးနေရသည့် အဓိက တရားခံများကို ကောင်းစွာထိန်းချုပ်နိုင်သည်ဟူသော အသိတရားသည် အရေးကြီးပါသည်။ အသိနှင့် ယှဉ်သောအလုပ်မှန်သမျှ ကောင်းမွန်ပြီး အကျိုးရှိ မည်သာဖြစ်သည်။ လူထုနှင့်အတူ ပါဝင် လမ်းလျှောက်ဖြစ်လျှင်လည်း တာဝန်အရ သဘော မထားဘဲ မိမိကျန်းမာရေးအတွက် အဖြေသည် မိမိမှာသာရှိသည်ဆိုသော အသိနှင့်ယှဉ်သည့် အလေ့အထဖြစ်လာအောင် နေ့စဉ်ပုံမှန်ပြုသည့် လေ့ကျင့်မှုမျိုး ဖြစ်လာစေရန် ကြိုးစားသင့် ပါသည်။ အလေ့အကျင့်တစ်ခုက ဝါသနာကိုဖြစ်စေ ပါသည်။
လမ်းလျှောက်ခြင်းကို ဝါသနာပါလာလျှင် မိမိ နှင့် မိမိပတ်ဝန်းကျင် ကျန်းမာရေးကိုပါ ဂရုစိုက်တတ် သည့် စရိုက်ကောင်းများ ပိုမိုဖွံ့ဖြိုးဖြစ်ထွန်းလာမည် ဖြစ်ပြီး ဘဝကို အဓိပ္ပာယ်ရှိရှိ ပျော်ရွှင်စွာဖြင့် ဖြတ်သန်းနိုင်ကြမည်မှာ မလွဲဧကန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
- Log in to post comments